(င)-ဆောမြို့နယ်အတွင်းရှိ တပြင်းကျေးရွာမှ ကျောက်လိပ်ကျေးရွာအထိ (၁၈) မိုင်အရှည် ကျောက်ချောလမ်းအား ကွန်ကရစ်သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၄.၂.၂၀၁၈)

ဆောမြို့နယ်အတွင်းမှာရှိ တပြင်း၊ ပင်ထောင်၊ ကြူတော၊ သံပရာ၊ မန်း၊ ငှက်ကြီးဦး၊ လက်ပန်နှင့် ကျောက်လိပ်ကျေးရွာအထိ ရှစ်ရွာသည် ကျေးရွာချင်းဆက်လမ်းအဖြစ်နှင့် ၁၈ မိုင် အရှည်ကို လွန်ခဲ့သည့် သုံးနှစ် ယခင်အစိုးရလက်ထက်က မြေသားလမ်း၊ ကျောက်ခင်းလမ်းများ ပြီးစီးခဲ့ပြီးဖြစ်သော်လည်း မိုးကြီးခြင်း၊ ကျောက်အရည်အသွေးမပြည့်မီခြင်း၊ ဘေးရေလွှဲမြောင်းများ မရှိခြင်းတို့ကြောင့် လမ်းများ အရည်အသွေးနိမ့်လျက်ရှိပါကြောင်း၊ သစ်သားတံတားလမ်းပေါ်တွင် ဆက်နွှယ်သည့်အနက် ပင်ထောင် ကျေးရွာအနီးရှိ တံတားသည် ကမ်းပါးရေတိုက်စားမှုကြောင့် အမြန်ဆုံးပြန်လည်ပြုပြင်ရမည် ဖြစ်ပါကြောင်း၊ မန်းကျေးရွာအနီးရှိ မန်းချောင်းကူးတံတားတစ်စင်းကိုလည်း တည်ဆောက်ပေးသင့် ပါကြောင်း၊ ကျေးရွာ လူထုများ လွန်စွာအားထားရသော လမ်းဖြစ်သဖြင့် ပွင့်လင်း ရာသီတွင် ကတ္တရာ သို့မဟုတ် ကွန်ကရစ် လမ်းအဖြစ် ခင်းပေးပါက ရာသီမရွေးသွားလာနိုင်မည့်လမ်း ဖြစ်ပါကြောင်း၊ ထို့အပြင် ယင်းကျေးရွာလမ်းမှ တစ်ဆင့် ကွမ်းခင်း၊ ငှက်ချောင်း၊ ပေါက်တော၊ ကချောင်း ကျေးရွာများမှတစ်ဆင့် ပခုက္ကူ၊ ကျောက်ထု၊ ဆောမြို့များကို ဆက်သွယ်ထားသည့် ကားလမ်းမသို့ ထွက်ခွာနိုင်မည်ဖြစ်ပါ၍ လွန်စွာကောင်းမွန်ပါ ကြောင်း၊ ထို့ကြောင့် တပြင်းကျေးရွာမှ ကျောက်လိပ် ကျေးရွာအထိ ၁၈ မိုင်အရှည် ကျောက်ချောလမ်းအား ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းခင်းခြင်းကို တစ်နှစ်တည်း သို့မဟုတ် နှစ်အလိုက် ခင်းပေးနိုင်ခြင်း ရှိ/မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင် မည်ဆိုသည်ကို ကျေးရွာလူထု၏ကိုယ်စား မေးမြန်းခဲ့သည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောမြို့နယ်အတွင်းရှိ တပြင်း-ပင်တောင်-ကြူတော-သံပရာ-မန်း-ငှက်ကြီးဦး-လက်ပန်-ကျောက်လိပ် ကျေးရွာချင်းဆက်လမ်းသည် အရှည် ၁၉ မိုင်ရှိပြီး ပခုက္ကူ-ပေါက်-မင်းတပ်လမ်းမကြီးနှင့် ဆက်သွယ်သော လမ်းဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ စတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်လမ်း ဖြစ်ပါကြောင်း၊ ယခင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံခန့်ခွဲသည့် လမ်းဖြစ်ပါ ကြောင်း၊ အဆိုပါကျေးရွာချင်းဆက်လမ်း လက်ရှိအခြေအနေသည် ကျောက်လမ်းဖြစ်ပြီး ပြုပြင်ရန် လိုအပ်သည့်လမ်းပိုင်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပြင်ဆင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တပြင်း-ကျောက်လိပ် လမ်းပိုင်းပေါ်မှာရှိ ပင်တောင်ချောင်းကူး တံတားကို လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် မြေကာနံရံတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အသစ်ဆောက်လုပ်ရန်လိုအပ်သည့် မန်းချောင်းတံတား ၂၃၀ ပေနှင့် ကျောက်လိပ်ရွာအဝင်တံတားတို့ကိုလည်း အသေးစိတ် ကွင်းဆင်း တိုင်းတာတွက်ချက်၍ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်လျာထားပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

ဆောမြို့နယ်အတွင်းရှိ တပြင်း-ပင်တောင်-ကြူတော-သံပရာ-မန်း-ငှက်ကြီးဦး-လက်ပန်-ကျောက်လိပ် ကျေးရွာချင်း ဆက်လမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)တွင် ပါဝင် ပါသဖြင့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ကတ္တရာ သို့မဟုတ် ကွန်ကရစ် လမ်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။