မြစ်ကြီးနား-နမ္မတီး-တနိုင်း-ရှင်ဗွေယန်-တဒက်ခ-ပန်ဆောင်လမ်း ဒေသအခေါ် လီဒိုလမ်မကြီး၏ အစိတ်အပိုင်း ဖြစ်သည့် နမ္မတီး-လက်ဝါး မိုင် ၂၀ ကတ္တရာလမ်းခင်းခြင်းကို ဆောင်ရွက်ပြီးစီးသည်ကို သိရှိရ ပါကြောင်း၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ၎င်းလမ်းမကြီးကိုသာ အဓိကမှီခိုအားထား သည့်အတွက် ယင်းလမ်းမကြီးအား အဆင့်မြှင့်တင်ခြင်းကို လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်မည်ဆိုပါက ဖွံ့ဖြိုးမှုအရှိန်အဟုန်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြစ်ကြီးနား-နမ္မတီး-တနိုင်း-ရှင်ဗွေယန်-တဒက်ခ-ပန်ဆောင်လမ်းကို ကတ္တရာလမ်းခင်းနိုင်ရန် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြစ်ကြီးနား-နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းသည် ကချင်ပြည်နယ်အပိုင်း နမ္မတီးမှ တဒက်ခအထိ ၁၄၄ မိုင် ၁ ဖာလုံရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေသည် ကတ္တရာကွန်ကရစ်လမ်း ၂၀ မိုင်၊ AC လမ်း ၂ မိုင် ၆ ဖာလုံနှင့် အမာခံလမ်း ၁၂၁ မိုင် ၃ ဖာလုံရှိပါကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား(နမ္မတီး)-တနိုင်း-ရှင်ဗွေယန်-တဒက်ခ-ပန်ဆောင်လမ်းအား မြာက်ပိုင်း တော်ဝင် ကျောက်စိမ်းကုမ္ပဏီလီမိတက မှ ၁၉-၁၁-၂၀၁၄ ရက်နေ့မှစ၍ B.O.T စနစ်ဖြင့် ဆောင်ရွက် ခွင့်ပြုထားခဲ့သော်လည်း လုံခြုံရေးမကောင်းသည်ကို အကြောင်းပြပြီး ၃၂ မိုင် ၇ ဖာလုံမှ ၅၂ မိုင် ၇ ဖာလုံအထိ ၂၀ မိုင်သာ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်အပိုင်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် B.O.T စနစ်ဖြင့် ဆောင်ရွက်နေသောလမ်းအပိုင်းများမှ ၎င်းဆောင်ရွက်ထားသော မိုင် ၂၀ အား ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်စေပြီး ကျန် ၁၂၄ မိုင် ၁ ဖာလုံအား ဝန်ကြီးဌာနမှ အင်ဂျင်နီယာများဖြင့်သာ လုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ၇-၂-၂၀၁၈ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ သဘောထားမှတ်ချက်တောင်းခံထားပြီးဖြစ်ပါကြောင်း၊
မြစ်ကြီးနား(နမ္မတီး)-တနိုင်း-ရှင်ဗွေယန်-တဒက်ခ-ပန်ဆောင်လမ်းသည် လုံခြုံရေးမကောင်းသော်လည်း ပြည်သူလူထုများ သွားလာနေရသောကြောင့် B.O.T ကုမ္ပဏီထံမှ လမ်းပိုင်းများကို ပြန်လည် သိမ်းသွင်းပြီးသည်နှင့် တစ်ပြိုင်နက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများဖြင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးလင်းလင်းဦး(တနိုင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကုမ္ပဏီများအနေဖြင့် နယ်မြေလုံခြုံ ရေးအကြောင်းပြပြီး လုပ်ငန်းများကိုရပ်ဆိုင်းထားမည်ဆိုပါက ပြည်သူများအနေဖြင့် ထိခိုက်နစ်နာမှုများရှိနေသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိအနေဖြင့် တတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးခွန်းတစ်ခု မေးမြန်းခဲ့ပြီး သက်ဆိုင်ရာဆောက်လုပ်ရေးဝန်ကြီးဌာနက ဖြေကြားချက် အပိုဒ်(၂)တွင် မြစ်ကြီးနား-နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း ၁၁၇ မိုင်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်စီမံချက်ဖြင့် ကတ္တရာလမ်း အဆင့်မြင့်တည်ဆောက်သွားမည်ဟုလည်းကောင်း၊ နောက်ဆုံး ဖြေကြား ချက် အပိုဒ်(၅)တွင် နမ္မတီးနှင့် လက်ဝါးကြား မိုင် ၂၀ အပြင် နမ္မတီးနှင့် တနိုင်းကြား ကွန်ကရစ် တံတားခုနစ်စင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောက်ပေးသွားမည်ဟူ၍လည်းကောင်း ရှင်းလင်း ဖြေကြားခဲ့ပါကြောင်း၊ ရှင်းလင်းဖြေကြားချက်အရ နမ္မတီးနှင့် လက်ဝါးကြား မိုင် ၂၀ကို ကတ္တရာလမ်းခင်းပြီးသွားခဲ့သော်လည်း ကွန်ကရစ်တံတားများ ပြီးစီးခဲ့ခြင်းမရှိသည့်အတွက် မိုးရာသီတွင် အခက်အခဲများ ကြုံတွေ့မည်ဖြစ်ပါကြောင်း၊ တနိုင်းနဲ့ လမုံကြား ၃ မိုင်အနေအထားကို ပထမစီမံချက်ဖြင့်လည်းကောင်း၊ ရှင်ဗွေယန်နှင့် တဒက်ခတွင် နွေရာသီတိုင်း တောင်ပြိုခြင်း၊ မြေကျွံခြင်းများကို အချိန်မီဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိကိုလည်းကောင်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
သုံးနှစ်စီမံချက်သည် B.O.T ကုမ္ပဏီမှ ယင်းအချိန်က တင်ပြထားခြင်းဖြစ်ပါကြောင်း၊ သို့သော် လုံခြုံရေး အကြောင်းပြပြီး ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ အလားတူ ဗန်းမော်-လွယ်ကျယ်လမ်းတွင်လည်း ကုမ္ပဏီမှ လုံခြုံရေးကို အကြောင်းပြပြီး ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ဗန်းမော်-လွယ်ကျယ်လမ်းကို ပထမ ဦးစွာသိမ်းခဲ့ပြီး မိမိတို့ ဝန်ထမ်းများနှင့် ဝင်ရောက်ဆောင်ရွက်ပေးခဲ့သည့်အတွက် ပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနမ္မတီး-တနိုင်း၊ တနိုင်း-ရှင်ဗွေယန်-တဒက်ခအပိုင်းကိုလည်း ဝန်ထမ်းအင်ဂျင်နီယာများဖြင့် အမြန်ဆုံးဝင်ရောက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
