(ဂ)-ခေါင်လန်ဖူးမြို့အတွင်းရှိ ပြည်သူလူထုအမှန်တကယ်လိုအပ်သော လမ်းနှင့်တံတားများ ပြုလုပ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၄.၂.၂၀၁၈)

 ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ(မြောက်ပိုင်း) တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ ပေရှိပြီး မိုးများသည့်ဒေသဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့်ကဏ္ဍများတွင် များစွာနောက်ကျနေပါ ကြောင်း၊ ဧရိယာစတုရန်းမိုင်ပေါင်း ၂၀၈၃.၃၉ ကျယ်ဝန်းပြီး ကျေးရွာအုပ်စုပေါင်း ၂၃ ခု ရှိပြီး လူဦးရေပေါင်း ၁၅၀၀၀ ကျော်နေထိုင်သည့်မြို့နယ်ဖြစ်ပါကြောင်း၊

 

အဆိုပါကျေးရွာများအနက် ခေါင်လန်ဖူးနှင့် မိုင် ၈၀ ကျော်ဝေးသော ရှီလန်ဒမ်းကျေးရွာအုပ်စု၊ နမ့်ချိန်ကျေးရွာအုပ်စု၊ ရပ်မားကျေးရွာအုပ်စုနှင့် ထပ်ဖုံးကျေးရွာအုပ်စုများသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဆုံး ကျေးရွာအုပ်စုများဖြစ်ပြီး ဌာနဆိုင်ရာလူကြီးများ အရောက်အပေါက်မရှိပါကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုများတွင် နေထိုင်သည့် မိဘပြည်သူများ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအဆင့်အတန်းများ အလွန်နိမ့်ကျလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ မြစ်ချောင်းများပေါများသည့်အတွက် လူကူးကြိုးတံတား နှင့် သစ်သားတံတားများစွာရှိပြီး ၎င်းတံတားနှင့် လမ်းများကို ကျေးရွာလူထု၏လုပ်အားဖြင့် နှစ်စဉ် ပြုပြင် ဆောင်ရွက်နေသော်လည်း မိုးများသည့်ဒေသဖြစ်သဖြင့် လမ်းနှင့်တံတားများမှာ ရေရှည်မခံဘဲ အမြဲတမ်း ပြုပြင်နေရသဖြင့် ဒေသခံမိဘပြည်သူများအတွက် များစွာခက်ခဲလျက်ရှိကြောင်း၊ ပြည်သူလူထုအများဆုံး သွားလာအသုံးပြုနေသည့်လမ်းဖြစ်သည့် ဆော့လော်မြို့နယ်အစမှ ရှီလန်ဒမ်းကျေးရွာအထိ ၁၅ မိုင် ၄ ဖာလုံ လူကူးလမ်းနှင့် ၎င်းလမ်းပေါ်ရှိ လူကူးကြိုးတံတား လေးစင်းနှင့် သစ်သားတံတား လေးစင်းတို့ကို ပြုပြင်ဆောင်ရွက်ပေးရန် မိဘပြည်သူများမှ မကြာခဏ တင်ပြနေသည့်လုပ်ငန်းဖြစ်ပါသဖြင့် ပြုပြင် ဆောင်ရွက်ပေးရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

 


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြီးခဲ့သည့်လက မိမိနှင့်နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ကိုယ်တိုင် ခေါင်လန်ဖူးမြို့နယ်သို့ လမ်းတံတားဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်လည်း ခေါင်လန်ဖူးသို့ သွားရောက်အားပေးခဲ့ပြီးဖြစ်ပါကြောင်း၊

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မထီဇွပ်-ဂျီထုဖန်မြေသားလမ်း ၄ ဖာလုံ နှင့် Box Culvert ခုနစ်စင်း၊ မီကော်-ခေါ်ဘူဒဲကျေးရွာချင်း ဆက်မြေသားလမ်း ၂ မိုင် ၄ ဖာလုံတို့အား ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ မထီဇွပ်-ဂျီထုဖန်လမ်း သဲကျောက်ခင်းခြင်းလုပ်ငန်း ၆ ဖာလုံ တို့အား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်လည်းကောင်း ဆောင်ရွက်ပေး နိုင်ရေး ရန်ပုံငွေလျာထားပြီးဖြစ်ပါကြောင်း၊

ယခုမေးမြန်းသည့် ဆော့လော်မြို့နယ်အစပ်မှ ရပ်မား၊ ရှီလန်ဒမ်း၊ နမ့်ချိန်အုပ်စုများကို ဖြတ်သန်း၍ ကျေးရွာချင်းဆက်လမ်း ၁၅ မိုင် ၄ ဖာလုံနှင့် လိုအပ်သော တံတားများအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူလူထု အမှန်တကယ်လိုအပ်သော လမ်းနှင့်တံတားများအနက် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ပါဝင်သော လမ်းနှင့်တံတားများကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် မတိုင်မီ ရာသီမရွေးသွားလာနိုင်သော လမ်းနှင့်တံတားများအဖြစ် ပြုပြင်တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။