နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးအဆင့်အတန်း မြင့်မားမှုသည် အဓိက အကြောင်းအရာတစ်ခုဖြစ်သည့်အပြင် ပညာရေးမြင့်မားမှုနှင့် ဆင်းရဲမှုလျှော့ချရေး သည် ဆက်စပ် လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှု တစ်ရပ်အနေဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးပညာရေးကဏ္ဍများကို မဟာဗျူဟာ စီမံကိန်း ချမှတ် ပြီး သွားနေကြောင်း၊ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး လုပ်ငန်း (Comprehensive Education Sector Review) ကိုလည်း ပြည်တွင်းပြည်ပပညာရှင်များနှင့် ပညာရေးကဏ္ဍ ငါးနှစ်စီမံကိန်း ၂၀၁၆ မှ ၂၀၂၀ ကိုပြုစုထားသည်ကို တွေ့ရှိရပါကြောင်း၊
ခေါင်လန်ဖူးမြို့နယ်တွင် အ.ထ.က နှစ်ကျောင်း၊ အ.လ.က လေးကျောင်းနှင့် မူလွန်တစ်ကျောင်း၊ အ.မ.က ၅၇ ကျောင်းရှိပြီး အဆိုပါကျောင်းပေါင်း ၆၈ ကျောင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အတွက် ပညာရေးဝန်ထမ်းခွဲဝေအင်အားမှာ ၄၃၆ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိခန့်ထားမှုမှာ ၂၉၃ ဦးသာ ရှိသည့်အတွက် လစ်လပ် ၁၄၃ ဦးရှိနေပါကြောင်း၊ ဆရာဆရာမများ အများပိုင်းသည် မြေပြန့်ဒေသတွင် သွားရောက်တာဝန်ထမ်းဆောင်နေရပါသဖြင့် စာသင်နှစ်အမီ မရောက်ရှိခြင်း၊ စာသင်ချိန်မပြည့်ခြင်း၊ အရည်အချင်းရှိ ဆရာဆရာမများ စေလွှတ်ပေးမှုမရှိခြင်းတို့ကြောင့် ခေါင်လန်ဖူး၏ ပညာရေးသည် စိုးရိမ်စရာအနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း။ တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်မြင်သူမရှိသည်မှာ ၂၀၀၉ ခုနှစ်မှစ၍ ၂၀၁၆ ခုနှစ် အထိ ခုနစ်နှစ်ရှိပြီဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်သို့ တာဝန်ချစေလွှတ်ပေးသည့် ဆရာဆရာမများကို အဝေးသင်တက်ရမည့်ဆရာဆရာမများအားလည်းကောင်း၊ ဆရာဆရာမများ အပြောင်းအရွှေ့ ကိစ္စကိုလည်း စာသင်နှစ်အတွင်း အပြောင်းအရွှေ့မလုပ်ပေးရန်ကိုလည်းကောင်း တင်ပြလို ပါကြောင်း၊ ပြောင်းရွှေ့သွားသည့် ဆရာဆရာမများနေရာသို့ အသစ်ရောက်ရှိလာမည့် ဆရာဆရာမများသည် အချိန်များစွာကြာမြင့်သည်ကို တွေ့ရှိရပါကြောင်း၊ သင်ခန်းစာတစ်ခုကို ယခင်ဆရာဆရာမများမှ သင်သည့်နည်းနှင့် အသစ်ရောက်ရှိလာသည့် ဆရာဆရာမများက သင်သည့်နည်းသည် ကွဲပြားနေခြင်းကြောင့် ဒေသခံကလေးများအနေဖြင့် သင်ခန်းစာတစ်ခုကို များစွာအခက်အခဲကြုံတွေ့ရပါကြောင်း၊ ယခုအခြေအနေအတိုင်းသာဆိုပါက ခေါင်လန်ဖူး မြို့နယ်အတွင်းရှိ ဒေသခံကလေးများအတွက် ပညာရေးတွင် အင်မတန်ရင်လေးစရာရှိပါကြောင်း၊ ထို့ကြောင့် ခေါင်လန်ဖူးမြို့နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားလာစေရန်အတွက် အရည်အချင်းရှိဆရာဆရာမများ ဖွဲ့စည်းပုံပြည့် စာသင်နှစ်အမီ စေလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းပေါင်း နှစ်ကျောင်း ရှိပါကြောင်း၊ ပထမကျောင်းဖြစ်သည့် ခေါင်လန်ဖူးအခြေခံပညာအထက်တန်းကျောင်းတွင် နဝမ တန်းဘာသာတွဲ(၂) သင်ယူသူ ကျောင်းသားကျောင်းသူ ၂၉ ဦး၊ ဒသမတန်း ဘာသာတွဲ(၂)သင်ယူ ကျောင်းသားကျောင်းသူ ၁၇ ဦး စုစုပေါင်း ၄၆ ဦးကို အထက်တန်းပြ ဆရာဆရာမ သုံးဦးနှင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ ဒုတိယကျောင်းဖြစ်သည့် ဇန်ယော့အခြေခံ ပညာအထက်တန်း ကျောင်းတွင် နဝမတန်း ဘာသာတွဲ(၂)သင်ယူသူ ကျောင်းသားကျောင်းသူ ၂၇ ဦး၊ ဒသမတန်း ဘာသာတွဲ(၂)သင်ယူတဲ့ကျောင်းသားကျောင်းသူ ၁၈ ဦး နှစ်တန်းပေါင်း ကျောင်းသား ကျောင်းသူ ၄၅ ဦးကို အထက်တန်းပြဆရာဆရာမ သုံးဦးနှင့် သင်ကြားပေးလျက် ရှိပါကြောင်း၊ ထို့အပြင် ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူး၏ စီမံကြီးကြပ်မှုနှင့် အဆိုပါနှစ်ကျောင်းခုလုံးတွင် တက္ကသိုလ်ဝင် အောင်ချက်မြင့်မားရေးအတွက် အထက်တန်းအဆင့် ကျောင်းသူကျောင်းသားများအား အချိန်ပို သင်ကြားပေးခြင်း၊ ညစာသင်ဝိုင်း၊ စာကျက်ဝိုင်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကျောင်းအုပ်ကြီး များနှင့် ထက်/လယ်/မူ ဆရာဆရာမများပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ဖွဲ့စည်းပုံအပြည့်ခန့်ထားနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနတွင် ဆရာ ဆရာမလိုအပ်ချက် သုံးသောင်းကျော်ရှိပါကြောင်းနှင့် တစ်နှစ်လျှင် ခွင့်ပြုချက်ဆရာအင်အား တစ်သောင်းကျော်နှင့် သုံးနှစ်ဆက်တိုက် ဖြည့်ဆည်းဆောင်ရွက်နေချိန်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖြည့်ဆည်း ရရှိမည့် ဆရာအင်အားအလိုက် ခေါင်လန်ဖူးမြို့နယ်အတွက် ပြည့်စုံ လုံလောက်သော ဆရာများဖြည့်ဆည်းပေးနိုင်ရေးကို ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
