မြန်မာနိုင်ငံတွင် စီးပွားရေးနိမ့်ကျမှုများ ရှိနေပါကြောင်း၊ စီးပွားရေးဦးမော့လာစေရန်အတွက် အလုပ် လုပ်နိုင်သောအရွယ်တွင် အလုပ်လုပ်ကြရန်လိုအပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှိရန်လည်း လိုအပ် ပါကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းခန့်ရှိရာတွင် ၂၆ သန်းမှာ အလုပ်မလုပ်နိုင်သည့် ကျောင်း နေသည့်အရွယ်နှင့် ၆၅ နှစ်ကျော်အရွယ်များသာဖြစ်ပါကြောင်း၊ ၂၅ ဆဝန်းကျင်သာလျှင် အလုပ် လုပ်နိုင်သော အရွယ်ဖြစ်သည့်အပြင် ကျန်းမာသန်စွမ်းပြီး အမှန်တကယ်အလုပ်လည်းရှိပြီး အလုပ် လည်းလုပ်နိုင်သည့်လူမှသာ ၂၅ ဆအပြည့်လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အလုပ်လုပ် သော်လည်း စားဝတ်နေရေးမလုံလောက်ပါက အလုပ်လုပ်ရန် စိတ်ဝင်စားမှုအားနည်းပြီး အလုပ်ခွင် တွင် အတည်တကျလုပ်လိုစိတ်မရှိဘဲ ဘွဲ့ရလူငယ်တချို့မှာလည်း အလုပ်ရှာရင်း အချိန်ကုန်ခဲ့ကြရ ပါကြောင်း၊ အလုပ်ရှင်များဘက်ကလည်း လုပ်ငန်းခွင်ကျွမ်းကျင်မှုမရှိ၍ လုပ်ခလစာကောင်းကောင်း မပေးနိုင်ပါကြောင်း၊ လုပ်ငန်းခွင်နှင့် အမှန်တကယ်အံ့ဝင်ခွင်ကျသော အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်တတ်မြောက်ရန် လိုအပ်ပါကြောင်း၊ စားဝတ်နေရေးဖူလုံသည့် သင့်တင့်သောလစာရမည် အထင်ဖြင့် ပြည်ပနိုင်ငံသို့ ထွက်၍အလုပ်လုပ်ရန် ကြိုးစားကြပါကြောင်း၊ ပြည်ပနိုင်ငံများတွင် ၎င်းတို့ နိုင်ငံလူမျိုးနှင့်ယှဉ်သော် မြန်မာလုပ်သားများကို ပေးရမည့်လုပ်အားခမှာ သက်သာ၍ JICA အထွေထွေ လုပ်သားများအဖြစ်သာ အလုပ်ပေးအသုံးပြုကြပါကြောင်း၊ အနည်းအကျဉ်းသာ လုပ်ငန်းခွင်ကျွမ်းကျင် ဝန်ထမ်းအဖြစ် တွေ့ရှိရပါကြောင်း၊ ထိုသို့ ပြည်ပရောက်မြန်မာအလုပ်သမားများမှာ တရားဝင်ဖြစ် သကဲ့သို့ တရားမဝင်သူများရှိ၍ အနှိမ်ခံရပြီး အခြားနိုင်ငံတွင် ဒုက္ခရောက်နေသူများ အမြောက်အမြား မှာ သူတစ်ပါးနိုင်ငံသားများ၏ လက်ခုပ်ထဲက ရေပင်ဖြစ်တော့ပါကြောင်း၊ များသောအားဖြင့် အိမ်နီးနား ချင်းနိုင်ငံများ၏ လစာနှုန်းထားမရရှိလျှင်သော်မှ စားဝတ်နေရေးပြေလည်ပါက မိမိတို့နိုင်ငံတွင်ပင် အလုပ်လုပ်လို ကြပါကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဈေးကွက်စီးပွားရေးအရ ပြည်ပနိုင်ငံများမှ လာရောက် ရင်းနှီးမှုတချို့ရှိသကဲ့သို့ နောင်တွင်လည်း အလားအလာကောင်းများရှိနေပါကြောင်း၊ ထိုသို့ ပြည်ပနိုင်ငံများမှ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ကျွမ်းကျင်မှုပညာ ရှိထားမှသာ လစာ ကောင်းကောင်း၊ အဆင့်ရှိရှိ အလုပ်နေရာခန့်အပ်မည်ဖြစ်ပါကြောင်း၊ ယခင် မြန်မာနိုင်ငံ ပညာရေးစနစ် အရ တက္ကသိုလ်ပညာရေးသာမက အသက်မွေးကျောင်းပညာရပ်ကိုလည်း သင်ကြားတတ်မြောက် မှသာ မိမိကိုယ်တိုင် အားကိုးနိုင်မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများရရှိမည် ဖြစ်ပါ ကြောင်း၊ စီးပွားရေးအရ အောင်မြင်မှုရရှိနေသောနိုင်ငံများတွင်လည်း ဘွဲ့ရရှိပြီး အလုပ်မရနိုင်သည့် ပြဿနာများ ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် အသက်မွေးဝမ်းကျောင်းပညာကို များစွာအားပေးရန် လိုအပ်သည်ဟု ၇-၈-၂၀၁၇ ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ မြေတိုင်းခံကျေးရွာလူထုနှင့် ငြိမ်းချမ်း ရေးစကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့ သားသမီးကို အသက်မွေးဝမ်းကျောင်းအတတ်ပညာ ဥပမာ-စက်ချုပ်၊ ပန်းရံ၊ ဝရိန်၊ ရက်ကန်း၊ မော်တော်ကား၊ စက်ပြင်၊ အဲယားကွန်းပြင် စသည်တို့ကို သင်ကြားစေရန် တိုက်တွန်းလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က လုပ်ငန်းခွင်အသုံးဝင်မည့် အတတ်ပညာကို အားပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ ပြင်ဦးလွင်တွင် Automatic Technological Research Institute ရှိပါ ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း Vocational Education Training (အဲယားကွန်းပြင်သင်တန်းများ၊ Electronic၊ AutoCAD၊ ကွန်ပျူတာ၊ Automotive Training ) များ ပေးသည်မှာ အယောက်၂၀၀ ခန့် ရှိပါကြောင်း၊ သင်တန်းဖွင့်ပွဲတွင်သာမက သင်တန်းဆင်းပွဲတွင်ပါ မန္တလေးစက်မှုဇုန်၊ လုပ်ငန်းရှင် တာဝန်ရှိသူများကို ဖိတ်ကြားပြီး မိမိ ချိတ်ဆက်လိုက်ခြင်းအားဖြင့် VOC လုပ်ငန်းသည် အလွန် အသုံးဝင်ပါကြောင်း၊ နည်းပညာတက္ကသိုလ်က ကျောင်းသူကျောင်းသားများကလည်း လာရောက်ပြီး သင်တန်းပေးကြပါကြောင်း၊ ထိုကြောင့် မြန်မာနိုင်ငံ၌ အလုပ်လက်မဲ့ပြဿနာလျော့နည်း၍ အလုပ်ခွင်အသုံးဝင်မည့် အသက်မွေးဝမ်းကျောင်းပညာကို အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲ ထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အဆိုပါသက်မွေးပညာရေးသည် အစိုးရသစ်လက်ထက်တွင် အထူးဦးစားပေး ဖော်ဆောင်နေသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းပြီးဖြစ်သည့်အမျိုးသားပညာရေးဥပဒေတွင် မြန်မာနိုင်ငံ၏ အဓိကပညာရေးစနစ်ကြီး သုံးခုသာရှိပါကြောင်း၊ (၁) အခြေခံပညာရေး၊ (၂) အဆင့်မြင့်ပညာရေးနှင့် (၃) နည်းပညာနှင့်သက်မွေးပညာရေးများ ဖြစ်သည့်အတွက် နည်းပညာနှင့်သက်မွေးပညာရေးသည် အဆင့်မြင့်ပညာရေး၊ အခြေခံပညာရေးတို့နှင့် တန်းတူပေါ်ထွန်းလာသည်မှာ ဥပဒေအရ ပထမဦးဆုံးအကြိမ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စီးပွားရေးမူဝါဒများတွင် ၎င်းသက်မွေးပညာရေးသည် စီးပွားရေးရည်မှန်းချက် (၁၂)ချက်တွင် နံပါတ်(၄)အနေဖြင့် နည်းပညာနှင့် သက်မွေးပညာရေးသည် နိုင်ငံတော်စီးပွားဖွံ့ဖြိုးမှုအတွက် အဓိကမဏ္ဍိုင်ဖြစ်သည်ဟု အတိအလင်းပြောကြားပြီးဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးစီမံကိန်းမတိုင်မီ နိုင်ငံတကာပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပြည်တွင်း/ပ အမျိုးသားအကြံပေး ပညာရှင်များနှင့် ပညာရေးကဏ္ဍလေ့လာသုံးသပ်မှုလုပ်ငန်းကို သုံးနှစ်ကြာဆောင်ရွက်ခဲ့ပါကြောင်း၊ တွေ့ရှိချက်ရလဒ်များကိုအခြေပြုပြီး အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁)ကို အမျိုးသားပညာရေးဥပဒေများနှင့်အညီ ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်းသည် ပညာရေးကဏ္ဍတစ်ခုလုံးနှင့် အကျုံးဝင်သောစီမံကိန်းကြီးဖြစ်ပြီး ၎င်းထဲတွင် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအတွက်လည်း မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ထားပါကြောင်း၊
အဓိကမဟာဗျူဟာ သုံးရပ်ရှိပါကြောင်း၊ (၁) မြန်မာနိုင်ငံအတွင်း နည်းပညာနှင့် သက်မွေးပညာရေးသို့ တက်ရောက်လိုသူများအားလုံး တိုင်းရင်းသားမျိုးနွယ်စုများ၊ မသန်စွမ်းသူများ၊ အခွင့်အလမ်းနည်းပါး သူများ အားလုံးပါဝင်သင်ယူနိုင်သည့်အခွင့်အလမ်း ချဲ့ထွင်ဆောင်ရွက်ရန် မဟာဗျူဟာ(၁) ဖြစ်ပါ ကြောင်း၊ ထိုနည်းတူစွာ နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး ပိုမိုကောင်းမွန်စေရန် လုပ်ငန်းခွင်လိုအပ်ချက်နှင့်ကိုက်ညီစေရန် တိုးမြှင့်ဆောင်ရွက်ရေးကို မဟာဗျူဟာ(၂)အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ရေးဟူသည့် မဟာဗျူဟာ(၃)ကို ချမှတ်ထားပါကြောင်း၊ အဆိုပါမဟာဗျူဟာကြီးသုံးရပ်အောက်တွင် လုပ်ငန်း ကဏ္ဍအလိုက် အသီးသီးရှိပါကြောင်း၊
လုပ်ငန်းကဏ္ဍအလိုက် အသီးသီးအောက်တွင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်အသေးစိတ် Action Plan များလည်း အသေးစိတ်ရေးဆွဲ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍသည် အမျိုးသားပညာရေးဥပဒေအရတင်သာမက ယခု နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ဦးစီး နေသော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် နည်းပညာနှင့် သက်မွေးပညာကဏ္ဍမှ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးအတွက် ကော်မတီအရပ်ရပ်ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယလုပ်ငန်းအနေဖြင့် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ခေါင်းဆောင်သည့် SME (Small and Metal Enterprise) အသေးစားနှင့်အလတ်စားများ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဏ္ဍိုင်တစ်ခုအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတွက် နည်းပညာနှင့်သက်မွေးပညာ ဖွံ့ဖြိုးရေးသည် အမျိုးသား မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲပြီးဖြစ်သည့်အပြင် စတင်အကောင်အထည်ဖော် ဆောင်ရွက်တသည့် လုပ်ငန်းများလည်း ဖြစ်ပါကြောင်း၊ နောင်တွင်လည်း တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းများဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
