(ဂ)-အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်စသော မြို့များရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ရန်အတွက် စက်မှုနည်းပညာ အထက်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၉.၂.၂၀၁၈)

မကွေးတိုင်းဒေသကြီး၏ အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်စသည့် မြို့နယ်များတွင် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် အခြေခံပညာအလယ်တန်း ကျောင်းပေါင်းများစွာရှိပါကြောင်း၊ မကြာမီ ဖြေဆိုမည့်အခြေခံပညာ အဋ္ဌမတန်းစာမေးပွဲတွင် အောင်လံမြို့နယ်မှ ၂၈၉၉ ဦး၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ၁၅၂၆ ဦး၊ တောင်တွင်းကြီးမြို့နယ်မှ ၄၀၆၁ ဦး၊ မြို့သစ်မြို့နယ်မှ ၂၅၅၁ ဦး၊ နတ်မောက်မြို့နယ်မှ ၃၈၉၈ ဦး စုစုပေါင်း ၁၃၉၃၅ ဦးရှိသည့်အတွက် အခြေခံပညာအလယ်တန်းကျောင်းသားများ မည်မျှများပြားနေသည်ကို တွေ့ရှိနိင်ပါကြောင်း၊ သို့သော် စီးပွားရေးကြပ်တည်းခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်ကို မဆည်းပူးနိုင်ခြင်းများကြောင့် ကျောင်းထွက်နှုန်း(Drop Out) များပြားလျက်ရှိပါကြောင်း၊

အောင်လံမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်စသည့်မြို့နယ်များသည် တောင်-မြောက် မိုင် ၉၀ အတွင်း ထိစပ်နေပြီး ပြည်-မိတ္ထီလာ ကားလမ်းမကြီးပေါ်တည်ရှိပါကြောင်း၊ လူဦးရေသိပ်သည်းသကဲ့သို့ ကျောင်းသား ဦးရေလည်း အလွန်များပြားလှပါကြောင်း၊

မကွေးမြို့တွင် ဆေးတက္ကသိုလ်၊ ကျန်းမာရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ရိုးရိုးဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ သားဖွား/သူနာပြုသင်တန်းကျောင်း၊ ပညာရေး ကောလိပ်စသည်အားဖြင့်လည်းကောင်း၊ ရေနံချောင်းမြို့တွင် စက်မှုသိပ္ပံနှင့် စက်မှုအထက်တန်း ကျောင်း၊ ချောက်မြို့တွင် စက်မှုသိပ္ပံကျောင်းစသည်ဖြင့် ရှိကြပါကြောင်း၊ သို့သော် အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်စသည့် လူဦးရေသိပ်သည်းပြီး ကျောင်းသား များပြားလှသည့်မြို့ကြီးများတွင် အစိုးရအထက်တန်းကျောင်းအပြင် အခြားမည်သည့်ကျောင်းမှ မရှိပါကြောင်း၊

ထို့ကြောင့် အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်စသည့် တက္ကသိုလ် မရှိသည့်နေရာများ တစ်နည်းအားဖြင့် ပညာရေးမိုးခေါင်ရေရှားရပ်ဝန်းဒေသများတွင် တက္ကသိုလ် ကြီးများ မဖွင့်နိုင်သော်လည်း အသက်မွေးမှုနည်းပညာအထက်တန်းကျောင်းလေး တစ်ခု ဖွင့်လှစ်ပေးရန် မိဘများက မျှော်လင့်လျက်ရှိပါကြောင်း၊

 ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်သော အဆိုပါ မြို့ငါးမြို့အနက် သင့်လျော်သည့် မြို့တစ်မြို့တွင် နည်းပညာအထက်တန်းကျောင်းတစ်ခုကို အစိုးရသစ် လက်ထက်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း၌ အစိုးရစက်မှုလက်မှုသိပ္ပံ ငါးကျောင်း(ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး) တို့တွင် A.G.T.I ဒီပလိုမာသုံးနှစ်သင်တန်းများနှင့်အတူ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသောကာလတို အသက်မွေးပညာသင်တန်းများကိုလည်းကောင်း၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(မကွေး၊ ပခုက္ကူ)တို့တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း နှစ်နှစ်သင်တန်းများနှင့် အလားတူဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ကာလတို အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း စုစုပေါင်းအသက်မွေး ပညာသင်ကြားပေးနိုင်သည့် သင်တန်းကျောင်းခုနစ်ကျောင်း ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ အစိုးရနည်းပညာအထက်တန်းကျောင်း နှစ်ကျောင်းဖြစ်သည့် မကွေးနှင့်ပခုက္ကူတို့တွင် ကျောင်းသားကျောင်းသူအိပ်ဆောင်များ တိုးချဲ့ဆောက်လုပ်ရန် ဘတ်ဂျက်လျာထား စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် မကွေးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းမြို့များဖြစ်သော အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်စသောမြို့များမှ ကျောင်းသား/သူများသည် အဆောင်နေ ကျောင်းသား/သူများအဖြစ် ပညာသင်ကြားရန် အခွင့်အလမ်းများ ရရှိနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသားအိပ်ဆောင်လုပ်ငန်းများ ဦးစားပေးဆောင်ရွက်နေချိန်ဖြစ်သည့်အတွက် အစိုးရနည်းပညာ ကျောင်းအသစ်တစ်ကျောင်း ထပ်မံဖွင့်လှစ်ပေးရန် ယခုအချိန်တွင် ဦးစားပေး ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။