ဒေးဒရဲမြို့နယ်သည် ပင်လယ်နှင့်နီးစပ်သဖြင့် နုန်းမြေ၊ ရွှံ့မြေဖြစ်သည့်အတွက် စပါးတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြပါကြောင်း၊ ပင်လယ်ပိုင်းနှင့်နီးသည့်နေရာတွင် မိုးစပါးတစ်သီးသာစိုက်ပျိုး၍ရပြီး အတွင်းပိုင်း နေရာတွင် ဆောင်းစပါး၊ မိုးစပါးနှစ်သီးစိုက်ကြပါကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်း တွင် လယ်စိုက်ပျိုး၍မကောင်းတော့ကြောင်း လယ်သမားများက ပြောကြပါကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ ထိခိုက်ပျက်စီးမှုစတင်များပြားလာပြီး မိုးများသည့်နှစ်များတွင် ပိုမိုဆိုးရွားပါကြောင်း၊ ၂၀၁၄ ခုနှစ်မှစတင်ပြီး ရွှေခရုများ တစ်ဖန်နှိပ်စက်လာပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မိုးမှန်၍ အလွန်မဆိုးသော်လည်း ၂၀၁၆ ခုနှစ် တွင် မိုးအလွန်များပြားပါကြောင်း၊ တစ်လလုံးမိုးရွာ၍ လယ်ကွင်းများတွင် ရေများဖုံးပြီး ရေပြင်ကြီး ဖြစ်နေပါကြောင်း၊ ရေကျ၍ပြန်စိုက်သည့်အချိန်တွင်လည်း အပင်ပေါက်ချိန်တွင် ရွှေခရုထပ်မံနှိပ်စက် ပါကြောင်း၊ သုံးကြိမ်အထိ ပြန်လည်၍ ကြဲရစိုက်ရသည့်အခါ အချိန်ကုန်သွားပါသဖြင့် မိုးစပါး မရ တော့ပါကြောင်း၊ မြေကြီးကလည်း အချဉ်နံ့ပေါက်လာသည်ဟု ပြောပါကြောင်း၊ တချို့လယ်သမားများက ခရုသတ်ဆေးသုံးကြပါကြောင်း၊ ခရုသတ်ဆေးသုံးစွဲကြသည့်အခါ ခရုသာမကဘဲ ငါးကလေးများပါ အများအပြားသေဆုံးသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ဆေးမသုံးစွဲဘဲ ခရုကိုကောက်ပစ်ပါဟု ပြောသည့်အခါ ခရုကို ယနေ့ကောက်ပစ်ပြီး နောက်တစ်နေ့ပြန်လည်ရောက်ရှိလာပါကြောင်း၊ ဒီရေနှင့်အတူ ပြန်လည်ပါ လာသည့်အတွက် ကောက်၍ မဆုံးနိုင်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ခရုကနှစ်သီးစား လယ်တွင်သာမက ပင်လယ်နားနီးသည့် တစ်သီးစားလယ်များတွင်ပါ ပျံ့နှံ့ပြီး နှောင့်ယှက်လာပါကြောင်း၊ နှစ်သီးစားနေရာက မိုးစပါးမရရှိသော်လည်း ဆောင်းစပါးရရှိသည့်အတွက် အားကိုးစရာရှိသော်လည်း မိုးစပါးတစ်သီးနေရာများတွင် ဒုက္ခရောက်ပါကြောင်း၊
၂၀၁၃ ခုနှစ်က တဖြည်းဖြည်း ပျက်စီးလာရာမှ ၂၀၁၆-၁၇ နှစ်တွင် ၂၄၈၇၅ ဧကပျက်စီးသွားပါကြောင်း၊ ယခုနှစ် ၂၀၁၇ ခုနှစ်တွင် ဧကပေါင်း ၁၁၃၇၉ ဧက ပျက်စီးပါကြောင်း၊ မည်သည့်ပံ့ပိုးမှုမှ ယခုချိန်ထိ မရရှိခဲ့ပါကြောင်း၊ ဒေးဒရဲ စိုက်ဘဏ်စာရင်းအရလည်း လယ်ပျက်ပြီးနောက်ပိုင်း စိုက်ဘဏ်စာရင်းကို မေးကြည့်သည့်အခါ ၂၀၁၃ ခုနှစ်မတိုင်ခင်က ကြွေးကျန်မရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်နောက်ပိုင်းကစပြီး ကြွေးကျန်များ တဖြည်းဖြည်းများလာသည်မှာ ၂၀၁၆ ခုနှစ်တွင် ၁၂၀၀၀၀ ကျော်ဖြစ်လာပါကြောင်း၊ ဒေးဒရဲစိုက်ဘဏ်၏ ကြွေးစုစုပေါင်း ယခုချိန်ထိ သိန်းပေါင်း ၅၀၀၀၀ ကျော်ကျန်ရှိနေပါကြောင်း၊ လယ်သမားများသည် အဖျက်အဆီးမရှိဘဲ စပါးပုံမှန်ကောင်းနေရင်တောင်မှ စိုက်ပျိုးစရိတ် ကုန်ကျငွေနှင့် ပြန်လည်ရရှိသည့်ငွေသည် အလွန်မကာမိပါကြောင်း၊ ယခုကဲ့သို့ပျက်စီးမည်ဆိုပါက ပိုမိုပြီး ဒုက္ခရောက်ကြ ပါကြောင်း၊ ရွှေခရု၏ဥတစ်ဥသည် အကောင်ပေါင်းများစွာပေါက်ပါကြောင်း၊ လယ်ထဲတွင် စပါးတစ်ခါကြဲ ပါက ငွေ ၅၀၀၀၀ မှ ၉၀၀၀၀ အထိကုန်ကျပါကြောင်း၊ ပျက်စီးမည်ဆိုပါက လယ်သမားများ များစွာ ထိခိုက်ရပါကြောင်း၊ လယ်သမားများ စိုက်ပျိုးစရိတ်ကို စိုက်ပျိုးစရိတ်ချေးငွေ၊ Pact၊ IDE၊ သမဝါယမ ချေးငွေစသည့်ချေးငွေတို့ကိုယူပြီး အကြွေးပတ်လည်ဝိုင်းပြီး နောက်ဆုံးတွင် အကြွေးမဆပ်နိုင်၍ လယ် ရောင်းပစ်ပြီး အကြွေးဆပ်ရခြင်း တဖြည်းဖြည်းများပြားလာပါကြောင်း၊ လယ်ထိခိုက်၍ အကြွေးမဆပ်နိုင် သည့်အခါ နိုင်ငံတော်၏စိုက်ပျိုးစရိတ်ချေးငွေဆုံးသကဲ့သို့ စပါးလည်းဆုံးရှုံးရပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ပျက်စီးသောလယ်ဧက ၁၃၃၇၅ ဧက အတွက် တစ်ဧကလျှင် တင်း ၄၀ နှုန်းဖြင့်၊ စပါးတစ်တင်းလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း သိန်းပေါင်း ၂၅၇၅၈ သိန်းကျပ်ဆုံးရှုံးပါကြောင်း၊ စပါးမရရှိသည့်အတွက် ဖြစ်ပါကြောင်း၊ လယ်သမားအတွက် စရိတ်က တစ်ဧကလျှင် ပျမ်းမျှ ၈၀၀၀၀ နှုန်းဖြင့် ဧကပေါင်း ၁၃၃၇၉ ဧကအတွက် သိန်းပေါင်း ၁၀၀၀၀ ကျော်ဆုံးရှုံးရပါကြောင်း၊ ထို့ကြောင့် ဒေးဒရဲမြို့နယ်၊ နှစ်သီးစား လယ်များတွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် နှစ်နှစ်ဆက်တိုက် မိုးစပါးစိုက်လယ်ဧကများ ပျက်စီးနေခြင်း ကိစ္စအား မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဒေးဒရဲမြို့နယ်သည် နှစ်စဉ်ပုံမှန်မိုးရွာပါက မိုးရေချိန် ၁၁၀ နှင့် ပျမ်းမျှမိုးရေချိန် ၁၀၉ လက်မရှိပါကြောင်း၊ ဇူလိုင်လနှင့်သြဂုတ်လတို့တွင် မိုးရွာသွန်းမှုများခြင်းနှင့် ထူးကဲသည့် ဒီရေတက်ခြင်း ဖြစ်ပေါ်လေ့ ရှိပါကြောင်း၊ ဒေးဒရဲမြို့နယ်တစ်မြို့နယ်လုံး နှစ်စဉ်နီးပါး မိုးစပါး ၁၇၄၀၀၀ ခန့်စိုက်ပျိုးပါကြောင်း၊ မြေပြင် အနေအထားအရ နှစ်စဉ်ရေကြီးနစ်မြုပ်ဖြစ်ပေါ်လေ့ရှိသည့် ရေကြီးကွင်းများရှိသည့်အနေအထားမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းတွင်ပါရှိသည့် မိုးစပါးစိုက်ဧက ၂၄၈၇၀ ဧကသည် ရေကြီးကွင်းဧရိယာထဲတွင် ပါဝင်ပါကြောင်း၊
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် အဆိုပါရေကြီးကွင်းများသည် အထွက်နှုန်းထိခိုက်မှုများလည်း စိစစ်သိရှိရသည့်အတွက် အဆိုပါရေကြီးကွင်းများကို ရေဆွဲဆင်းသွားမှုမြန်ဆန်စေရန်နှင့် စပါးပင်သက်တမ်းနုစဉ်ကာလတွင် ရေကြီးနစ်မြုပ်မှုရှောင်လွှဲနိုင်စေရန်အတွက် ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် စိုက်ချိန်ကာလစောစော စိုက်ပျိုးနိုင်စေရန်အတွက် မိမိတို့ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
သဘာဝဘေးကြောင့်ဖြစ်သော သီးနှံပျက်စီးမှုများအတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ သီးနှံအစားထိုးပြန်လည် စိုက်ပျိုးခြင်းအတွက် ထောက်ပံ့ပေးနိုင်ရေးကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိတို့ဒေသအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပြီး ပျက်စီးသွားသော လုပ်ကွက်ငယ်ဧရိယာများကို ဦးစားပေးပြီး ဥပဒေအရ စိစစ်တင်ပြရမှုရှိပါကြောင်း၊ ယင်းတင်ပြရမှုကိုအခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ထောက်ပံ့ကြေးများရရှိနိုင်ရန် အရေးပေါ်ရန်ပုံငွေတင်ပြတောင်းခံပြီး ခွင့်ပြုရရှိမှုအပေါ်မူတည်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံနှင့်ထောက်ပံ့မှုများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
ထို့ကြောင့် ၂၀၁၇ ခုနှစ်၊ မိုးစပါးရာသီတွင် ဒေးဒရဲမြို့နယ်၏ မိုးစပါးပျက်စီးမှုကြောင့် တောင်သူလယ်သမားများနစ်နာမှုကို ထောက်ပံ့ပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်လည် စိစစ်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် မူလတင်ပြထားသည့် သီးနှံပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ပေးရမည့် စာရင်းအပေါ် သဘောထားပြန်ကြား ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ညှိနှိုင်းစာပေးပို့ထားပြီးဖြစ်ပါကြောင်း၊
၂၀၁၆ ခုနှစ် မိုးစပါးရာသီတွင် ၄၈၉၇ ဧကသည် ရွှေခရုကျရောက်မှုရှိခဲ့သော်လည်း ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပျက်စီးမှု ၄၆၈ ဧကရှိခဲ့ပါကြောင်း၊ အဆိုပါဧကများကိုလည်း အစားထိုး ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဧက ၁၀၅၀ သည် ရွှေခရုကျရောက်ခဲ့ပြီး ပျက်စီးမှုထက်ယင်းဧကများ အထွက်နှုန်းထိခိုက်သည်ကို စိစစ်သိရှိရပါကြောင်း၊ ယင်းနှင့်စပ်လျဉ်းပြီး တောင်သူလယ်သမားများအနေနှင့်သာမက ဒေသနေလူထုလှုပ်ရှားမှုအသွင်ဖြင့် ပါဝင်လာနိုင်စေရေးအတွက် ရွှေခရု၏သွင်ပြင်လက္ခဏာ၊ အလေ့အထ၊ ကာကွယ်နှိမ်နင်းနည်းလမ်းများကို အသိပညာပေးခြင်းနှင့် စည်းရုံးဆောင်ရွက်ခြင်းဖြင့် ရွှေခရုပြန့်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရွှေခရုကာကွယ်နှိမ်နင်းရေးအတွက် ရှေ့ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များအနေဖြင့် (က) ဒေသရေမြေနှင့်ကိုက်ညီသော ခရုကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ခရုအမျိုးအစားခွဲခြားခြင်း လုပ်ငန်းများကို မိမိတို့ဌာန၏ဦးဆောင်မှုနှင့် သုတေသနစမ်းသပ်ကွက်များပြုလုပ်ပြီး ရှာဖွေဖော်ထုတ်ခြင်း၊ (ခ) ခရုအကောင်ကြီး၊ ခရုဥမြုံများ ခိုအောင်းရာနှင့် ပေါက်ဖွားရာနေရာများကို စိစစ်ရှာဖွေဖော်ထုတ်ပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖျက်ဆီးနှိမ်နင်းခြင်း၊ ဒေသအလိုက် ကာကွယ်ရေးလုပ်ငန်းများတွင် တောင်သူများသာမက ပြည်သူတစ်ရပ်လုံး Mess Participation ဖြစ်နိုင်ရန်အတွက် ဦးတည်ပြီး ပညာပေးလုပ်ငန်းများကို ပျံ့ပျံ့နှံ့နှံ့တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း အစီအမံချပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
ယခုကဲ့သို့ကိစ္စရပ်များတွင် ဆေးမြီးတိုနှင့်ကုသရသည့် ကုထုံးအရဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက်ရေရှည်ကို မျှော်ကိုးပြီး နှစ်စဉ်ဖြစ်ပေါ်နေသော ရေကြီးကွင်းများတွင် ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ရေးအတွက် ရေနုတ်မြောင်းများဖောက်လုပ်ရန်၊ စောစောစိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ စိစစ်တင်ပြချက်နှင့်အတူ မိုးစပါးစိုက်ပျိုးရာသီတွင် ဒေးဒရဲမြို့နယ်၊ စပါးပျက်စီးမှုအပေါ် ထိုက်သင့်သောအထောက်အပံ့များပေးပြီး ရေရှည်ကိုမျှော်ကိုးကာ အစီအမံများချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
