စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ချင်းတွင်းမြစ်ကိုပိတ်၍ တည်ဆောက်မည့် ထမံသီရေအားလျှပ်စစ် စီမံကိန်းကြောင့် စီမံကိန်းနှင့် မလွတ် ကင်းသော ကျေးရွာနှင့် အိမ်ထောင်စု ၅၀၀ ခန့် ချင်းတွင်းမြစ်ကမ်းဘေး ဟုမ္မလင်းမြို့ ၏ အောက်ဘက်၊ အရှေ့ဘက်မိုင် ၂၀ ကျော်ခန့်အကွာ ရွှေပြည်အေးမြို့သစ် တည်ထောင်ပေးပြီး ပြောင်းရွှေ့စေခဲ့ပါကြောင်း၊၎င်းမြို့တွင် တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းခွဲ၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ သောက်သုံးရေရရှိရေး၊ ကတ္တရာလမ်းခင်းပေးခြင်း၊ ဗုဒ္ဓဘာသာဝင်များအတွက် ကိုးကွယ်ရန်စေတီတစ်ဆူ တည်ပေးခြင်း၊ ခရစ်ယာန်ဘာသာဝင်များအတွက် Church တည်ဆောက်ပေးခြင်းဖြင့် အခြေကျနေထိုင်ကြပြီ ဖြစ်ပါကြောင်း၊ သို့သော် ထမံသီစီမံကိန်းကို ရပ်ဆိုင်းလိုက်သဖြင့် လယ်ယာမြေများ စွန့်လွှတ်၍ ရွှေ့ပြောင်းခဲ့ရသည့် လယ်သမားများ အနေဖြင့် ရွှေပြည်အေးမြို့သစ်ထက် မြေသြဇာထက်သန်သည့် ၎င်းတို့လယ်ယာများကို ပြန်လည် စိုက်ပျိုးလိုကြ ပါကြောင်း။
ကျန်ရစ်သောကျေးရွာများမှာလည်း ၎င်းတို့လယ်သမားများ၏ လယ်ယာများကို ဝင်ရောက်လုပ်ကိုင်နေခြင်း ကြောင်း စီမံကိန်းကို ယာယီရပ်ဆိုင်းခြင်း (သို့) အပြီးတိုင် ဖျက်သိမ်းခြင်းနှင့် ပြောင်းရွှေ့ခံလယ်သမားများ၏ လယ်ယာများ ကို ပြန်လည်လုပ်ကိုင်ခွင့်ရရန် စီစဉ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ထမံသီရေအားလျှပ်စစ်စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မ လင်းမြို့၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ တဇုန်းကျေးရွာအနီး တည်ရှိပြီး တပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၁၂၀၀ ဖြင့် မဟာဓာတ်အားလိုင်းသို့ နှစ်စဉ် ပျမ်းမျှလျှပ် စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၅၇၃၇.၄၇ ခန့် ထုတ်လုပ်ဖြန့်ဖြူးသွားရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း။
ယင်းစီမံကိန်းသည် နည်းပညာ၊ စီးပွားရေးရလဒ်အားနည်းမှု၊ လူမှုပတ်ဝန်း ကျင်သက်ရောက်မှု၊ သဘာဝ ပတ်ဝန်းကျင်သက်ရောက်မှု မြင့်မားနိုင်သည့်အတွက် ဦး စားပေး အကောင်အထည်ဖော်ရန် မသင့်သော စီမံကိန်း ဖြစ်သည့်အတွက် နိုင်ငံတော်မှ ဆိုင်းငံ့ထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဓာတ်အားလိုအပ်ချက် မြင့်မားလာမှု အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရေးအတွက် ချင်းတွင်းမြစ်ပေါ်တွင် အနိမ့်တမံ ရေအားလျှပ်စစ်စက်ရုံများ (Low Head Power Plant) တည်ဆောက်ပြီး ဖြန့်ဝေပေးနိုင်ရေးအတွက် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပြီး ရေကြောင်းသွားလာမှုကိုပါ ရာသီမရွေး ချောမွေ့နိုင်သည့်အတွက် ယခုတည်ဆောက်ရန် ရွေး ချယ်ထားသောနေရာသည် (Low Head Power Plant) ဖြင့် စဉ်းစားသင့်သော နေရာတစ်ခုအဖြစ် ရှိနေပါကြောင်း။
တဇုန်းကျေးရွာနှင့် လေဝေယံကျေးရွာနှစ်ရွာတွင် ပြောင်းရွှေ့စာရင်းအရ အိမ်ခြေ ၂၉၆ လုံးကို ရွှေပြည်အေး မြို့သစ် အမည်ဖြင့် မြို့တည်ထောင်ပြီး တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းခွဲ၊ ရေ/မီးရရှိရေး၊ လူမှုရေး/ဘာသာရေး အဆောက်အဦများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရာ အခြေကျနေထိုင်လျက် ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး၏ တင်ပြမှုမှာ ပြောင်းရွှေ့သွားသော ရွာဟောင်းနေရာတွင် ကျန်ရှိခဲ့သော စားပင်၊ သီးပင်နှင့် မြေနေရာများတွင် အခြားမပြောင်းရွှေ့ရသောရွာများမှ ဝင်ရောက်လုပ်ကိုင်စားသောက် နေသည့် ကိစ္စအပေါ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် ဆောင်ရွက်သွားနိုင်ရေးအတွက် အစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
