ပုဂံ-ညောင်ဦးဒေသသည် ပူပြင်းခြောက်သွေ့သော ဒေသတစ်ခုဖြစ်သောကြောင့် လူနှင့်တိရစ္ဆာန်များ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိစေရန် နိုင်ငံတော်အကြီးအကဲ များမှ လျှပ်စစ်မြစ်ရေတင်စီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ထို့ကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေများ အလွယ်တကူရရှိပြီး ဆန်စပါးများလည်း ပိုမိုထွက်ရှိလာပါကြောင်း၊ သို့ရာတွင် ရေဖြန့်ဖြူးရေး လုပ်ငန်းတွင် ရငွေ၊ သုံးငွေကွာဟမှုများနေသဖြင့် ရေရှည် ရေလုံလောက်စွာပေးရန် အခက်အခဲ ရှိနေပါကြောင်း။
ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့က လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများတွင် အ သုံးပြုနေသော လျှပ်စစ်ဓာတ်အားခများကို ၅၀ ရာခိုင်နှုန်း လျှော့၍တောင်းခံပါရန် လွှတ်တော်တွင်မေးမြန်းခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လက်ရှိကောက်ခံနေသည့် လျှပ်စစ်မီတာခသည် တစ်ယူနစ်လျှင် ၂၂ ကျပ်နှုန်း အရှုံးခံပြီး ဓာတ်အားသုံးစွဲသူများသို့ ရောင်းချနေရသောကြောင့် ဓာတ်အားခများ၊ သုံးစွဲခများကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးရန် အစီအစဉ်မရှိသေးကြောင်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးမှ ဖြေကြားခဲ့ပါကြောင်း။
သို့ဖြစ်ပါ၍ ယခု ပထမအကြိမ် နဝမပုံမှန်အစည်းအဝေးတွင် ထပ်မံတင်ပြခြင်းဖြစ်ပါကြောင်း၊ မီတာထိန်း သိမ်း စောင့်ရှောက်ခသည် တစ်နှစ်လျှင် မြစ်ရေတင် ၅ ခုအတွက် သိန်း ၅၀၀၀ သက်သာစေရန်နှင့် လျှပ်စစ် မြစ်ရေ တင်များအတွက် သွယ်တန်းထားသော ၁၁ KVA လိုင်းတစ်လျှောက် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ရာ တွင်လည်းကောင်း၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန မှခွဲရုံများ၊ လျှပ်စစ်ကြိုးမီးလိုင်းများ စသည်တို့ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နိုင်မှသာ ရေရှည်တွင် အဆင်ပြေနိုင်မည်ဟု ယူဆမိပါကြောင်း၊ ထို့ကြောင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့် ကျေးရွာမီးလင်းရေးနှင့် လျှပ်စစ်မြစ်ရေတင်သုံး မီတာခများကို ထုတ်ယူ နိုင်ခြင်း၊ ကိုင်တွယ်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပုဂံညောင်ဦးမြို့နယ်တွင် ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနမှ အဓိက လျှပ် စစ်မြစ်ရေတင်လုပ်ငန်း ၄ ခုဖြင့် တောင်သူများအတွက် စိုက်ပျိုးရေ ပေးဝေစေလျက်ရှိ ပါကြောင်း၊ အဆိုပါမြစ်ရေတင်များမှ သုံးစွဲသည့် ဓာတ်အားခကို ရေအရင်းအမြစ် အသုံး ချရေးဦးစီးဌာနမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းသို့ အခြားစက်ရုံ အလုပ်ရုံကြီးများမှ ဝန်ကြီးဌာနများနည်းတူ ပေးချေလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အခြားဝန်ကြီးဌာနနှင့် စက်ရုံအလုပ်ရုံကြီးများ၏ အတွင်းပိုင်း ဓာတ်အားခွဲရုံ များနှင့် ဓာတ်အားလိုင်းစီမံခန့်ခွဲမှုများတွင် ပါဝင်ဆောင်ရွက်မှုမရှိဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လုပ်ငန်းတာဝန်ရှိသူကသာ မိမိလုပ်ငန်းအတွက် စီမံခန့်ခွဲသော စ နစ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အတူ ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာန သည်လည်း မိမိအစီအစဉ်ဖြင့် တပ်ဆင်ထားသော ပစ္စည်းကိရိယာများကို မိမိကိုယ် တိုင်စီမံခန့်ခွဲလျက်ရှိပါကြောင်း။
ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနအနေဖြင့် မိမိတို့တပ်ဆင်ထားသော ထရန်စဖော်မာများ၊ ခွဲရုံများ၏ Capacity ၊ မိမိသုံးနေသော ဝန်နှင့်အား မျှတမှု ရှိ/မရှိ သုံးသပ်ရမည်ဖြစ်ပြီး ရေပေးဝေရာတွင် ပျောက်ဆုံးမှု ရှိ/မရှိ ကိုလည်း ပြန်လည်စိစစ်သွားရန်လိုအပ်ပါကြောင်း၊ အရှုံးပေါ်နေသော ကိစ္စအတွက် ဓာတ်အားသုံးစွဲသူများနှင့် ရေ အရင်းအမြစ်ဦးစီးဌာနတို့ ညှိနှိုင်းပြီး အဖြေရှာပေးသွားမည်ဖြစ်ပါကြောင်း။
ဓာတ်အားလိုင်းနှင့် ၂ မိုင်အတွင်းရှိကျေးရွာများ ဓာတ်အားရရှိရေး ဆောင်ရွက်မှုများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း တို့ အမြန်ဆုံးညှိနှိုင်းပြီး သီးခြားဆွေးနွေး ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်ကြောင်း ဖြေကြားပါသည်။
