(ဂ)-၁၉၇၄ခုနှစ်၊ဝင်ငွေခွန်ဥပဒေပုဒ်မ-၄၃၌ ပြဋ္ဌာန်း ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်း ချက်များနှင့် ညီညွတ်ခြင်းရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ (၂၀.၁.၂၀၁၄)

၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၄၃တွင် “မြို့နယ်အခွန်ဦးစီးဌာနမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးဌာနမှူးတို့သည် ပုဒ်မ ၇ အရ ဖွဲ့စည်းထားသော အဖွဲ့နှင့် လွှဲအပ် တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်နှင့်အဖွဲ့များသည် ဤဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရာတွင် တရားမကျင့်ထုံးဥပဒေအရ တရားရုံးသို့အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ရရှိစေရမည်။ ထို့အပြင် ယင်းပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့များအားလုပ်ငန်းဆိုင်ရာ တရားရုံးဖြစ်သည်ဟု မှတ်ယူရမည်” ဟု ဖော်ပြထားပါကြောင်း။

ထို့ပြင် တရားစီရင်ရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်ကိုလည်း သီးခြားပြဋ္ဌာန်းထားသည်ကို လည်း တွေ့ရှိရပါကြောင်း၊ ယင်းပြဋ္ဌာန်းချက်တွင် ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၀ အရ အစားထိုး ပြင်ဆင်ထားသည့် ပြဋ္ဌာန်းချက်ဖြစ်သည့် ၁၉၇၄ ခုနှစ်မှာ ဥပဒေကိုစတင်ပြဋ္ဌာန်းစဉ်ကတည်းက တည်ရှိခဲ့သော မူလဥပဒေပုဒ်မ ၄၃ မှာ အောက်ပါအတိုင်းဖြစ်ခဲ့ပါကြောင်း။

“ပုဒ်မ ၇ အရ အစိုးရက တာဝန်လွှဲအပ်ထားသောအဖွဲ့များသည် ဤဥပဒေအရ အမှုကိစ္စဆောင်ရွက်ရာ တွင် တရားစီရင်ရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်များရှိစေရမည်။ ထို့အပြင် ယင်းအဖွဲ့များအား လုပ်ငန်းဆိုင်ရာ တရားစီရင်ရေး အဖွဲ့များဟု မှတ်ယူရမည်” ဟု ပါရှိပါကြောင်း။

ထို့ကြောင့် မူလက တရားစီရင်ရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များရှိစေရမည်ဟု ပြဋ္ဌာန်းထားခဲ့သည်ကို ပထမကျင့်ထုံး ဥပဒေအရ တရားရုံးသို့အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ရရှိစေရမည်ဟု ပိုမိုတကျစွာ လုပ်ပိုင်ခွင့် ပေးထား သည်ကို တွေ့ရှိရပါကြောင်း။ လုပ်ငန်းစဉ်ဆိုင်ရာ တရားရုံးဖြစ်သည် ဆိုသည်မှာ မူလ ကတည်းက လက်ရှိအားဖြင့် အပြောင်းအလဲမရှိကြောင်း တွေ့ရှိရမည်ဖြစ်ရာ ယင်းပြဋ္ဌာန်းချက်များကို သိရှိနားလည်ပြီး ဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန လက်အောက်မှာရှိ  အုပ်ချုပ်မှုဆိုင်ရာဝန်ထမ်းများကို တရားစီရင်ရေး အာဏာများ အပ်နှင်း ထားခြင်းဖြစ်သည့်အတွက် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း Unconstitutional  ဖြစ်ကြောင်း တွေ့နေရပါသည်။

ဆက်လက်၍ ၂၀၀၈ ခုနှစ် ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆)၊ တရားစီရင်ရေးများ ဖွဲ့စည်းခြင်း ပုဒ်မ ၂၉၃ တွင် တရားစီရင်ရေး နိုင်ငံတော်၏ တရားစီရင်ရေးများဆိုင်ရာရုံး များကို အောက်ပါအတိုင်း ဖွဲ့စည်းသည်ဟု အသေးစိတ်ဖော်ပြထားပါကြောင်း၊ ပုဒ်မ ၂၉၉ ပုဒ်မခွဲ(က)တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌သာရှိသော မူလစီရင်ပိုင်ခွင့် အာဏာများကိုဖော်ပြထားပြီး၊ အပိုဒ် ၄ တွင်လည်း တရားဥပဒေတစ်ရပ်ရပ်အရ သတ်မှတ် ထား သောအခြားကိစ္စများကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ဆိုလိုသည်မှာ ဝင်ငွေခွန် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်ဥပဒေ စသည့် ဒီဥပဒေသုံးမျိုးသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တင်သွင်းလာသော လွှဲအပ်မှုများ၊ အယူခံမှုများအရ စီရင်ပိုင်ခွင့် ရှိသည်ကို ရည်ညွှန်း ထားခြင်းသာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရည်ညွှန်းထားချက်နှင့် ယခု မိမိမေးမြန်းသော မေးခွန်း ကွဲလွဲနေသည့် အကြောင်း ရှင်းလင်းတင်ပြရခြင်းဖြစ်ပါကြောင်း။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆) ပုဒ်မ ၂၉၃ တရားရုံးများ ဖွဲ့စည်းခြင်း ဆိုသည့် ခေါင်းစဉ်အောက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရား လွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံး၊ ဥပဒေအရ တည်ထောင်ထားသော အခြားတရားရုံးများ၊ စစ်ဘက်ဆိုင်ရာတရားရုံးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတို့ကို သာ ဖော်ပြထားခြင်းဖြစ်ပြီး လုပ်ငန်းဆိုင်ရာတရားရုံးများ၊ တရားရေးဆိုင်ရာရုံး အသီးသီးတွင် လုံးဝမ ပါရှိကြောင်း တွေ့ရှိရပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိမရှိ သိရှိလိုပါကြောင်း မေမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လက်ရှိကျင့်သုံးနေသော ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်မှာ ဝင်ငွေခွန်ဥပဒေအရ အခွန်ဆိုင်ရာစီမံဆောင်ရွက်မှု လုပ်ငန်းများကို ဆောင်ရွက်ရသော အခွန်အရာရှိများနှင့် ပုဒ်မ ၇ အရ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ခံရသော ပုဂ္ဂိုလ်များအား လုပ်ပိုင်ခွင့်များ အပ်နှင်းသော ပြဋ္ဌာန်းချက်ဖြစ်ပါကြောင်း။

အခွန်အရာရှိများအနေနဲ့ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၃ ပါ တရားမကျင့်ထုံးဥပဒေအရ တရားရုံး သို့အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ရရှိမှသာလျှင် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင် ရွက်နိုင်မည်ဖြစ်၍ လုပ်ပိုင်ခွင့် ပေးထားသော်လည်း ယင်းပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့များကို လုပ်ငန်းဆိုင် ရာတရားရုံးအဖြစ် မှတ်ယူရမည်ဖြစ်ရာ ယင်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်မှာ တရားရေး သဘော ဆောင်သည့် ဆောင်ရွက်ချက် များ ဖြစ်ပါကြောင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၃ ပါ လုပ်ငန်းဆိုင်ရာတရားရုံး ဖြစ်သည်ဟု မှတ်ယူရမည် ဆိုသည့် စကားရပ်အရ ယင်းပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့၏လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍သာ တရားရုံးဖြစ်သည်ဟု မှတ်ယူရမည့် သဘောဖြစ်ပါ ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃ တွင် တရားရုံးများဖြစ်ကြောင်း ဖော်ပြထားသော ပြည်ထောင်စု တရား လွှတ်တော်ချုပ် အပါအဝင် အဆင့်ဆင့်သော တရားရုံးများ၊ စစ်ဘက်ဆိုင်ရာတရား ရုံးများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့နှင့် သဘောသဘာဝမတူပဲ တရားရေးသဘော ဆောင်သောလုပ်ပိုင်ခွင့်( Quasi-Judicial Power) အပ်နှင်းဆောင်ရွက်ခြင်းဖြစ်ပါသဖြင့် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ခြင်းမရှိပါကြောင်း။

သို့ပါ၍ ဝင်ငွေခွန်ဥပဒေမှာ လက်ရှိတည်ဆဲဥပဒေတစ်ရပ်ဖြစ်သည့်အပြင် ယင်းဥပဒေပုဒ်မ ၄၃ ပါပြဋ္ဌာန်းချက် များမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခြင်းမရှိသည့် အတွက် ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

ဖြေကြားချက်နှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက ထပ်ဆင့်မေးခွန်းမေးမြန်းရာ ဒုတိယဝန်ကြီး ဆန့်ကျင်ခြင်းမရှိကြောင်း ဖြေကြားခဲ့ရာ ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့မှာ လုံးဝသဟဇာတမဖြစ်ဘဲ ဆန့်ကျင်နေပါကြောင်း။ အဘယ်ကြောင့်ဆိုသော် ဒီဥပဒေတွင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေ ပေါ်ပေါက်ချိန်မှ စတင်အတည်ဖြစ်ခြင်း ပါကြောင်း၊ အခွန်စည်းကြပ်သော အရာရှိမှာ အယူခံရုံးကိုလည်းတာဝန်ယူသည့်အပြင် ပြီးခဲ့သည့်ကိစ္စကိုလည်း တာဝန်ယူ ကိုင်တွယ်သည့် အတွက် နှစ်ခုစလုံးကို တစ်ယောက်တည်းကိုင်တာက လုံးဝဆန့်ကျင်မှုဖြစ်ပါကြောင်း။ ထို့အပြင် ဥပဒေကိုးကား ရမည် ဆိုပါက ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၀ မှာ လုပ်ငန်းဆိုင်ရာ တရားစီရင်ရေးအဖွဲ့များကို ဥပဒေနှင့် အညီ ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြပါရှိရာ ဝင်ငွေခွန် ဥပဒေတွင် ပါဝင်သောအဖွဲ့များ ဝင်ငွေခွန်ဆိုင်ရာအရာရှိများက လုပ်ငန်း တွေဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာ တရားစီရင်ရေးအဖွဲ့များဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၃ တွင် ပြဋ္ဌာန်းထားခြင်းမှာ ထိုစဉ်က တည်ရှိခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခဲ့ပါကြောင်း၊ သို့သော်လည်း ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီးသည့် အချိန်ကာလတွင် တည်ဆဲ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၃ တွင် ပြဋ္ဌာန်းထားသော ဤဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် တရားမကျင့်ထုံးဥပဒေအရ တရားရုံးသို့ အပ်နှင်းထား သော လုပ်ပိုင်ခွင့်များကို ရရှိစေရမည်ဟုလည်းကောင်း ယင်းပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့များအား လုပ်ငန်း ဆိုင်ရာ တရားရုံးဖြစ်သည်ဟု မှတ်ယူရမည်ဟု လည်းကောင်း ပြဋ္ဌာန်းတည်ရှိနေသည့်အတွက် တည်ဆဲ အခြေခံဥပဒေနှင့် လုံးဝညီညွတ်ခြင်းမရှိကြောင်း တင်ပြပါ သည်။

ထပ်ဆင့်မေးမြန်းမှုနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် က ပြန်လည်ရှင်း လင်းဖြေကြားရာတွင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၃ တွင် ပြဋ္ဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည်ဟု ယူဆပါက မိမိတို့ ဘဏ္ဍာရေး ဝန်ကြီးဌာနအနေနှင့် ပြည်ထောင်စုလွှတ်တော်ကို စတင်ကျင်းသော ပထမနေ့မှာပင် ဥပဒေလေးခုပြင်ဆင်ရန် တင်ပြထားရှိပါကြောင်း၊ ယင်းဥပဒေလေးခုပြင် ဆင်နိုင်ရန် အတွက် လွှတ်တော် ကော်မတီများအနေဖြင့် ပြည်တွင်းအခွန်မှ ပညာရှင်များ၊ ရှေ့နေချုပ်က ဥပဒေ ပညာရှင်များ လာရောက်ပြီး အကျေအလည်ဆွေးနွေးပြီး ကိုယ်စားလှယ်တော်ကြီး အနေဖြင့်လည်း ပါဝင်ဆွေးနွေးနိုင်ပါကြောင်း၊ ဥပဒေရေးရာကိစ္စလည်းဖြစ်သည့်အပြင် ဥပဒေပညာရှင်များလည်း ပါသည့် အတွက် ဆွေးနွေးပွဲတွင်ဝင်ရောက် ဆွေးနွေးမည်ဆိုပါက ပိုမို သင့်တော်ကြောင်း တင်ပြပါ သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှလည်း ရှင်းလင်းချက်များနှင့်စပ်လျဉ်း၍ လုံလောက်မှု မရှိပါက ဒေါ်တင်နွယ်ဦး အနေဖြင့် လွှတ်တော်တွင် ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှတစ်ဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံတင်ပြပြီး လိုအပ် သည်များ ဆက်လက် ဆောင်ရွက်သွားနိုင်ပါကြောင်း ပြောကြားပါသည်။