(ခ)-ပင်စင်စားဝန်ထမ်းများသည်ပင်စင်လဲလှယ် ခွင့်နှစ်စေ့ရောက်ပြီးကာလ၌မူလပင်စင်လစာများ ကိုပြန်လည်ခံစားခွင့်နှင့် နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံ ပြီးသောဝန်ထမ်းများ၏ပင်စင်လစာခံစားခွင့်ကို ပြန် လည်လျှောက်ထားခွင့် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ (၂၀.၁.၂၀၁၄)

ဒေါ်တင်တင်ရီ(ကျွန်းစု မဲဆန္ဒနယ်ပင်စင်လစာရ ဝန်ထမ်းအချို့သည် မိမိတို့ခံစားခွင့်ရှိသည့် ပင်စင်လစာ၏ ၅၀ ရာခိုင်နှုန်းကို တစ်လုံးတည်း ပင်စင်အဖြစ် လဲလှယ်ရန် လျှောက်ထားပြီး ပင်စင် ဦးစီးဌာန၏ ခွင့်ပြုချက်နှင့် တစ်လုံးတည်းပင်စင်ကို ခံစားခွင့်ရရှိခဲ့ကြပါကြောင်း၊ ယခု အချိန်တွင် အဆိုပါဝန်ထမ်းများသည် မိမိတို့လဲလှယ်ခဲ့သည့် တစ်လုံးတည်း ပင်စင်သက်တမ်း အဆင့်ရောက်နေပြီဖြစ်သဖြင့် ၎င်းတို့၏ မူလ လစာသို့ပြန်လည် ခံစားခွင့်ရှိ/မရှိကို သိရှိလိုကြောင်း၊  ပင်စင်လဲလှယ်စဉ်က ၃၅ ကျပ်နှုန်း နှင့် လဲလှယ် ခဲ့သည့် ပင်စင်လစာများသည် ယခုအချိန်တွင် နိုင်ငံတော်အစိုးရ၏ ပင်စင်လစာနှင့် လစာများကို တိုးမြှင့်ပေးခဲ့သည့်အတွက် ၎င်းတို့ရရှိသည့် ပင်စင်လစာများနှင့် လစာ၏ထက်ဝက် သည် သောင်းဂဏန်း အထက်ပင် နှုတ်ယူခြင်းခံနေခဲ့ရပါကြောင်း။

ပင်စင်စားဝန်ထမ်းတစ်ဦးမှ ၎င်းရောင်းချထားသည် တစ်လုံးတည်းပင်စင်ကို ပြန်လည်၍ ရောင်းချနိုင်ခွင့်ရှိသည် ဆိုလျှင် ပြန်လည်ရောင်းချလိုသော် လက်ရှိလစာသည် ရောင်းချခဲ့စဉ်ကထက် အဆပေါင်းများစွာ နှုတ်ယူခြင်း ခံနေရသဖြင့် များစွာနစ်နာခဲ့ကြောင်း၊ တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်ရရှိပြီး လဲလှယ်ခဲ့သည့်နှစ်ကာလ၊ ဆိုက်ရောက်ပြီးကာလတွင် အဆိုပါဝန်ထမ်းများသည် မိမိတို့၏ မူလလစာသို့ ပြန်လည်၍ခံစားခွင့်ရှိ/မရှိ၊ ထို့အပြင် နိုင်ငံရေးအရယုံကြည်ချက်‌ကြောင့် ပြစ်ဒဏ်ချခံပြီး ပြန်လည် လွတ်မြောက်လာသည့် ပင်စင်စားဝန်ထမ်း အချို့မှ ၎င်းတို့ ဆုံးရှုံးနစ်နာခဲ့သည့် ပင်စင်လာစာများကို ပြန်လည်၍ ခံစားခွင့် ရှိ/မရှိနှင့် မရှိပါကလည်း အဘယ်ကြောင့် ဆိုသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာလင်းအောင်၊
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာလင်းအောင်၊ပထမမေးခွန်းနှင့်ပတ်သက်၍ ဝန်ထမ်းများအငြိမ်းစားယူခွင့်ရရှိသည့်အခါ နိုင်ငံတော်မှ ပင်စင်စား၏ အခက်အခဲကို ဖြေရှင်းပေးသည့်အနေနှင့် ငွေလုံးငွေရင်းအဖြစ် လုပ်သက် စုငွေကို တစ်ကြိမ်တည်းအပြီး အပြတ်ထုတ်ပေးပြီး နေ့စဉ်၊ လစဉ်နေထိုင် စားသောက်စရိတ်အတွက်ကို ပင်စင်လစာကို လစဉ် ထုတ်ပေးပါကြောင်း၊ ထိုသို့ ထုတ်ပေးရာတွင် တစ်လုံးတစ်ခဲတည်းပင်စင်ကို လစဉ်ထုတ်ယူခွင့်ရှိတဲ့ ပင်စင် လစာထဲမှာ အစိတ်အပိုင်းတစ်ရပ်ကို လစဉ်ထုတ်ယူခြင်းအစား တစ်လုံးတစ်ခဲတည်း ပင်စင် အဖြစ် လဲလှယ်ထုတ်ပေးခြင်းသာဖြစ်ပါကြောင်း၊  ယခင် ဘဏ္ဍာရေးနှင့် အခွန်ဌာန၊ ပင်စင်ဌာနခွဲ၏ ၁၄-၅-၁၉၄၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ တွင် ဖော်ပြထားသည့်တွက်ချက်မှုမှာ ပင်စင်စား၏အသက်အရ မြို့ပြ တစ်လုံးတည်း ပင်စင်လဲလှယ်ရေး နည်းဥပဒေဇယားပါ သတ်မှတ်လဲလှယ်ရမည့် နှစ်အရေအတွက်နှင့် တွက်ချက်ပေးခြင်းဖြင့် လဲလှည်မည့် ပင်စင်လစာကို လစဉ်ထုတ်ယူခြင်းအစား နည်းဥပဒေပါအတိုင်း တွက်ချက်၍ တစ်ကြိမ်တည်း စုပေါင်း၍ ကြိုတင်ထုတ်ပေးလိုက်ခြင်းဖြစ်သည့်အတွက် လဲလှယ်ရမည့်နှစ်စေ့ရောက်မည့်နှစ်မရှိတော့ကြောင်း။  မြို့ပြတစ်လုံးတည်းပင်စင်လဲလှယ်ရေး နည်းဥပဒေ ၈(၃) အရ တစ်လုံးတည်းလဲလှယ်ခဲ့သော အစိတ်အပိုင်းသည် လဲလှယ်ခွင့်ပြုသည့်နေ့မှစ၍ ရပ်ဆိုင်းကြောင်း ပြဋ္ဌာန်းထား ရာ ပင်စင်စား၏လဲလှယ်ခဲ့ပြီးသော ပင်စင်လစာ၏ အစိတ်အပိုင်းသည် အပြီးအပြတ် ရပ်ဆိုင်းသွားပြီးဖြစ်ကြောင်းနှင့် လဲလှယ်ပြီး လက်ကျန် ပင်စင်ကိုသာ လစဉ်ထုတ်ယူခွင့်ရှိကြောင်း၊ ပင်စင်လစာ အပြည့်ပြန်လည်ထုတ်ပေးခွင့်မရှိ ပါကြောင်း ဖြေကြားပါသည်။

ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ ပင်စင်စားဝန်ထမ်းများ ပြစ်ဒဏ်ကျခံရခြင်းအတွက် မြို့ပြဝန်ထမ်းစည်းမျဉ်း ဥပဒေ အပိုဒ် ၃၅၁ ပါ ပြဋ္ဌာန်းချက်အရ ပင်စင်လစာ(မိသားစုပင်စင်အပါအဝင်) ခွင့်ပြုရာတွင် အငြိမ်းစား သည် ကောင်းမွန် စွာနေ ထိုင်ရမည်ဟု စည်းကမ်းချက်တွင် ပါဝင်ပြီးဖြစ်ပါကြောင်း၊  အငြိမ်းစားတစ်ဦးအနေဖြင့် ကြီးလေးသောပြစ်မှု တစ်ရပ်ရပ်ကြောင့် တရားရုံးပြစ်ဒဏ် ချမှတ်ခံရခြင်း၊ ဆိုးရွားမလျော်ကန်သော အပြုအမူ တစ်ရပ်ရပ်ကို ကျူးလွန်ခြင်းတို့ဖြစ်ပေါ်ပါက ၎င်း၏ ပင်စင်လစာကို ရပ်ဆိုင်းခြင်း၊ ပြန်လည် ရုပ်သိမ်းခြင်း များ ပြုလုပ်နိုင်ပါကြောင်း၊

 ပြစ်ဒဏ်ကျခံရသောအငြိမ်းစားသည် ပြစ်ဒဏ်ကျခံရခြင်းမှ လွတ်မြောက်လာပြီး ရပ်ဆိုင်းထား သော ပင်စင်လစာကို ပြန်လည်လျှောက်ထားလိုပါက ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံး မှန်းခြေငွေ စာရင်းဦးစီးဌာနရဲ့ ၁၁-၉-၁၉၈၉ ရက်စွဲပါစာအမှတ် ဘ-၂(၄)၅/၂(၇၉၉/၈၈) အရ ပင်စင် ထုတ်ယူခဲ့သော မြန်မာ့ စီးပွားရေးဘဏ် သို့မဟုတ် သက်ဆိုင်ရာ ပင်စင်လစာထုတ်ပေးသော လုပ်ငန်းအဖွဲ့ အစည်းတို့သို့ ပေးပို့လျှောက် ထားရပါကြောင်း၊ သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ် သို့မဟုတ် လုပ်ငန်း အဖွဲ့အစည်းက ပင်စင်စား ၏ လျှောက်ထားလာသော အထောက်အထားများနှင့်အတူ ပင်စင်စားကို မည်သည့်နေ့ရက်အထိ ပင်စင်လစာ နောက်ဆုံးထုတ်ပေးပြီးဖြစ်ကြောင်းကို ထောက်ခံချက်ပူးတွဲပြီး ပင်စင်ဦးစီးဌာနကို ပေးပို့ပြီး ထိုမှတဆင့် ပင်စင်ဦးစီးဌာနသည် မြန်မာပြည်ထပ်ဆင့်ထုတ် မြို့ပြဝန်ထမ်း စည်းမျဉ်းဥပဒေအပိုဒ် ၄၃ ပါပြဋ္ဌာန်းချက်နှင့်အညီ ပင်စင်စားနေထိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပြစ်ဒဏ်မှ လွတ်မြောက် လာသော ပင်စင်စား၏ ပင်စင်လစာ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ရပ်ဆိုင်းထားရန်ရှိ/မရှိ သဘောထားမှတ်ချက်တောင်း ခံရပါကြောင်း၊  သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သဘောထားမှတ် ချက်နှင့်အညီ ပင်စင်လစာကို ပြန်လည်ထုတ်ယူခွင်‌့ပြုပါကြောင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပင်စင်လစာ ကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း သဘောထားမှတ်ချက်ပြုပါက ပင်စင်စား၏ ပင်စင်လစာကို အပြီး အပိုင် ရုပ်သိမ်းရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။