၂၀၁၃-၂၀၁၄ စိုက်ပျိုးရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တချို့မြို့နယ်များတွင် လယ်သမားများသည် ပိုင်ဆိုင်သောဧက အလိုက် စိုက်ပျိုးစရိတ် အပြည့်အဝ ချေးပေးခြင်းကို တွေ့ရှိရသော်လည်း သုံးခွဲမြို့နယ်တွင် စိုက်ပျိုး စရိတ်တွေကို ၁၀ ဧကအထိသာ ထုတ်ချေးပြီး ၁၀ ဧကထက် ပိုသော မြေ အတွက် ထုတ်ချေးခြင်း မရှိပါကြောင်း၊ ထို့ကြောင့် လယ်သမားများသည် ၁၀ ဧကထက်ပိုပိုသော မြေများကို အမည်အမျိုးမျိုးနှင့် ခွဲစိတ်၍ အမည်ပေါက် များပြုလုပ်ရပါကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ရသည့်အတွက်လည်း မြေတိုင်းတာခြင်း စသည့် လုပ်ငန်းများအတွက် ငွေကြေး ကုန်ကျတာခြင်းများရှိပါကြောင်း၊ ထို့ကြောင့် သုံးခွမြို့နယ်တွင် လယ်သမား တစ်ဦးချင်း စိုက်ပျိုးနိုင်သော မြေပမာဏအတိုင်း သတ်မှတ်နှုန်း ထားဖြင့် နောင်ကာလများ တွင် ငွေထုတ်ချေးခွင့် ရအောင် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသည့်နေရာ တွင် လယ်သမားတစ်ဦး လျှင် ကျပ် ၂၀၀၀ ပေးဆောင်နေရကြောင်း တင်ပြကြပါရာ အဆိုပါငွေကြေးသည် တရားဝင်ပေးဆောင်ရန် သတ်မှတ်ထားသော ငွေဟုတ်/မဟုတ် သိရှိလိုကြောင်း မေးမြန်း ပါသည်။
၂၀၁၂-၁၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စပါးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧကလျှင် ၅၀၀၀၀ ကျပ်နှုန်း၊ နွေစပါး တစ်ဧကလျှင် ၈၀၀၀၀ ကျပ်နှုန်းဖြင့် တိုးမြင့်ထုတ်ချေးပေးခဲ့ပြီး ၂၀၁၃- ၁၄ ခုနှစ်တွင် မိုးစိုက်စပါး တစ်ဧကလျှင် ၁၀၀၀၀၀ ကျပ်နှုန်း ထုတ်ချေးပေး လျက်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစ၍ လယ်ယာမြေ မှတ်ပုံတင်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ရာတွင် တောင်သူ တစ်ဦးချင်း၏ ဦးပိုင်လုပ်ကွက်အလိုက် လယ်ယာ-၁ ပုံစံများဖြင့် စာရင်း ကောက်ယူပြုစု ခဲ့စဉ်က ဖော်ပြပါရှိ သည့် တောင်သူအမည်၊ ဦးပိုင်လုပ်ကွက်များ၊ ဧရိယာများစသည် တို့မှာ ပြင်ဆင်ပြောင်းလဲ၍ မရခြင်းကြောင့် ၁၀ ဧကထက် ပိုသောမြေများအား သားသမီးများအမည်ဖြင့် ဦးပိုင်ပေါက်အမည် ပြင်ဆင် လျှောက်ထားခြင်းများ မရှိကြောင်း၊ ငွေထုတ်ချေးပေးရာတွင်လည်း တောင်သူလယ်သမားများ၏ ဆန္ဒ အရသာ ချေးယူစေ ရာ၌ ငွေကြေးအရင်းအနှီး အခက်အခဲရှိနိုင်ကြသည့် လုပ်ကွက်ငယ် ၁၀ ဧက အထိလုပ်ကိုင်နိုင်သူများကိုသာ ထုတ်ချေးခြင်းဖြစ်ပြီး ထိုသို့ ထုတ်ချေးရာတွင်လည်း ချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် ငွေချေးယူသည့် အစုအဖွဲ့ဝင် အချင်းချင်း စုပေါင်းအာမခံချက်ဖြင့် ထုတ်ချေးကြောင်းနှင့် ဧကလွှာဖြင့် ထုတ်ချေးခြင်း မပြုကြောင်း၊ ငွေချေးယူ သည့် တောင်သူလယ်သမားများအနေဖြင့် မြို့နယ်ဘဏ်ခွဲများသို့ ကိုယ်တိုင် လာရောက်ချေးယူခြင်း၊ ပေးဆပ်ခြင်းပြု ရမည် ဖြစ်သည့်အပြင် စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေးရန် တစ်ဦးချင်း ကိုယ်တိုင် ချေးငွေအဆိုပြုလွှာများကို အစုအဖွဲ့လိုက် ပြုစုကာ ကျေးရွာအုပ်စုအလိုက် ဖွဲ့စည်း ထားသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးဌာနမှ ဒုလက်ထောက် ဦးစီးမှူး၊ ဆိုင်ရာသီးနှံ တာဝန်ခံ၊ ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာနအုပ်စု မြေတိုင်း စာရေးတို့က အဖွဲ့ဝင်များ အဖြစ်လည်းကောင်း၊ ချေးယူသူ တောင်သူလယ်သမားအစု အဖွဲ့၏ ကိုယ်စားလှယ်တစ်ဦး က အတွင်းရေးမှူး အဖြစ် ပါဝင်ဖွဲ့စည်းထားသည့် ချေးငွေ စိစစ်ရေးအဖွဲ့၏ ထောက်ခံ ချက်ဖြင့် မြို့နယ် ဘဏ်ခွဲ၏ စိစစ် ခွင့်ပြုချက်ဖြင့် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးခြင်းဖြစ်သည့်အပြင် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ချေးငွေကောင်တာ တွင် တောင်သူလယ်သမားတစ်ဦးချင်း လက်ဝယ်သို့ တိုက်ရိုက် ထုတ်ချေးခြင်းဖြစ်ရာ ငွေကြေးမသမာမှုများ မရှိကြောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်ရာတွင် တောင်သူတစ်ဦးချင်း၏ ဦးပိုင်လုပ်ကွက်ဧက စာရင်းမှန်ကန်ရေး အတွက် တောင်သူ လယ်သမား အမည်၊ ဦးပိုင်လုပ်ကွက်များ၊ ဧကစာရင်းများအတိုင်း စိစစ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားသည်မှ လက်မှတ်ထုတ်ပေးသည်အထိ လယ်ယာမြေမှတ်ပုံတင်ကြေး ၅၀၀ ကျပ်မှ တစ်ပါး အခြား မည်သည့် ငွေကြေးတစ်စုံတစ်ရာမျှ ကောက်ခံမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူသွားရန် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စာအမှတ်၊ ၁၀/လယ-၁၆/(၀၀၅/၂၀၁၃) ဖြင့် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များထံ ညွှန်ကြားထားရှိပြီး ညွှန်ကြားချက် များကိုလည်း ကြေးတိုင်မြေစာရင်းဦးစီးဌာန ဝန်ထမ်းများအားလုံးအား သိရှိရန်ဆောင်ရွက်ထားပြီး ဖြစ်ပါသဖြင့် ဌာနဝန်ထမ်းများမှ မမှန်မကန် ဆောင်ရွက်နေခြင်းများ ရှိပါက ဝန်ထမ်းအမည်ကို တိကျစွာဖြင့် တိုင်ကြားလာလျှင် အဖြစ်မှန်ကို စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်အတွက် ငွေထုတ်ချေးရာတွင် တောင်သူလယ်သမားများ၏ ချေးငွေအပေါ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မည်သည့်အကြောင်းနှင့်မျှ ငွေကြေးတစ်စုံ ကောက်ခံခြင်း လုံးဝမပြုလုပ်ရန် လမ်းညွှန်ထား ရှိပြီးဖြစ်ပါကြောင်း၊ တရားမဝင်ငွေကြေး ကောက်ခံမှုများပြုလုပ်ကြောင်း အထောက်အထား ခိုင်လုံစွာဖြင့် တိုင်ကြားလာပါက အချိန်နှင့် တပြေးညီ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ငွေကြေးအရင်းအနှီးမတတ်နိုင်သော လယ်ယာမြေ ၁၀ ဧက အောက် လုပ်ကွက် ငယ်တောင်သူများကိုသာ ထိရောက်အောင် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ အခြေခံလူတန်းစား များ၏ အခက်အခဲများကို ပြေလည်စေရေးအတွက် နိုင်ငံတော်၏ အတည်ပြုချက် ရယူပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများအရ ချေးငွေများထုတ်ချေးရခြင်းဖြစ်ကြောင်း၊ လယ်ယာမြေ ၁၀ ဧကအထက်ပိုင်ဆိုင်သော လယ်ရှင်ကြီးများအနေဖြင့် ယခင်ချေးငွေ တစ်ဧက ကျပ် ၂၀၀၀၀ နှုန်း ချေးစဉ်က ချေးငွေထုတ်ချေးရန် စိတ်ဝင်စားမှုမရှိခဲ့ကြသော်လည်း ယခုအခါ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ထုတ်ချေးပေးနေပြီဖြစ်ပါ၍ လယ်ရှင်ကြီးများအနေဖြင့် ၎င်းတို့၏ ငွေကြေးလှည့်ပတ်သုံးစွဲရန် လိုအပ်ချက်ကို လယ်အမည်ပေါက်ခွဲခြင်း၊ လူဦးရေစာရင်းခွဲခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ချေးငွေ ရရှိရေးအတွက် လယ်ယာမြေ ပိုင်ဆိုင်မှုများကို ခွဲဝေဆောင်ရွက်ကြခြင်း ဖြစ်နိုင်ပါကြောင်း၊ လုပ်ကွက်ကြီးသည့် လယ်ရှင်ကြီးများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရှိပါက အခြားအစိုးရ အသိအမှတ်ပြုဘဏ်များတွင်လည်း လယ်ယာမြေ ဥပဒေအရ ပေါင်နှံခြင်း အားဖြင့် ချေးငွေများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ထို့ကြောင့် လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်ကြသော လယ်ရှင်ကြီးများကို စိုက်ပျိုးစရိတ်ထုတ်ချေးပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားပါသည်။
