(ဇ)-ဝိုင်းမော်မြို့နယ်နှင့် ချီဖွေ(၂) မြို့နယ် ဆက်သွယ် သွားလာ နေသော ကားလမ်းမပေါ်ရှိ ကျေးရွာ အုပ်စု (၂၉) ခုတွင် ဖုန်းလိုင်းရရှိအောင်ဆောင် ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၂.၈.၂၀၁၃)

ဦးယိန်းဘောမ် (ဝိုင်းမော်) ဝိုင်းမော်နှင့် ချီဖွေ ဆက်သွယ်ရေး လမ်းမပေါ်ရှိ ကျေးရွာအုပ်စု ၁၃ အုပ်စု အိမ်ခြေပေါင်း ၃၂၀၄ အိမ်၊  ဝိုင်းမော်မြို့နယ်၊ ဆံထုံး-ကမ်ပိုင်တီ မြို့နယ်ခွဲရှိ ကျေးရွာအုပ်စု  ၁၆ အုပ်စု၊ အိမ်ခြေပေါင်း ၂၃၀၂ အိမ်၊ ယင်းကျေးရွာအုပ်စုများ အပြင်  သက်ဆိုင်ရာ ဌာနများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များလည်း မြောက်များစွာရှိသည့် မြို့နယ် ဖြစ်ပါကြောင်း၊ သို့ရာတွင် ချီဖွေ-ဝိုင်းမော် ဆက်သွယ်သည့် လမ်းကြောင်းပေါ်ရှိ ကျေးရွာများနှင့် ဆံထုံး-ကမ်ပိုက်တီး ဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင် ရှိကြသော ကျေးရွာ အုပ်စုများတွင်  တယ်လီဖုန်းလိုင်း အခက်အခဲ မြောက်များစွာ ရှိကြပါကြောင်း၊ ထို့ကြောင့် ၎င်းကျေးရွာအုပ်စုများ ၌နေထိုင်ကြသည့် ပြည်သူလူထုများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ လုပ်ငန်းဆက်သွယ်ရာတွင် လွယ်ကူချောမွေ့နိုင်ရန်အတွက် တယ်လီဖုန်း ဆက်သွယ်ရေး လိုင်းကို ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြင်ဆင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့်  ရှိပါက  မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း ဝိုင်းမော်မြို့နယ်နှင့် ချီဖွေ ၂ မြို့နယ် ဆက်သွယ်နေသည့် ကား လမ်းမပေါ်ရှိ ကျေးရွာအုပ်စု ၂၉ ခုတွင် ဆက်သွယ်ရေးလုပ်ငန်း အဆင်ပြေနိုင်ရေး အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် တယ်လီဖုန်း သိပ်သည်းဆ တိုးတက်မြင့်မားရေး အတွက် နှစ်စဉ် စီမံကိန်းများ ချမှတ်ပြီး စီစဉ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စီမံကိန်းများကို အဆင်‌့အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိုဘိုင်းရေဒီယို စခန်းများ တိုးချဲ့ တပ်ဆင်ခြင်း လုပ်ငန်းကို ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ချီဖွေမြို့နယ် ၂ မြို့နယ်ရှိ ကျေးရွာ အုပ်စု ၂၉ ခု အပါအဝင် ကချင်ပြည်နယ် အတွင်းရှိ ကျေးရွာများကို သင်‌့တော်သည့် စခန်းများ တပ်ဆင်ပေးရေးအတွက် ကွင်းဆင်းစိစစ်လျက်ရှိပြီး ကွင်းဆင်း စိစစ်တွေ့ရှိချက်များနှင့် အတူ မိမိတို့ သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး အစိုးရအဖွဲ့၏ ဦးစားပေးအဆင့်အလိုက် တင်ပြမှုများအပေါ် မိမိတို့၏ ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းများတွင် ထည့်သွင်း လျာထားဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။