(ဆ)-ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသများသို့ မဟာ ဓာတ်အားလိုင်းတစ်ခုပို့လွှတ်၍လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၂.၈.၂၀၁၃)

ဦးစိုင်းထွန်းစိန် (မိုင်းပြင်း)ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့သည် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်လျက်ရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ဝင်ပေါက် မြို့နယ် တစ်ခု ဖြစ်ကာ တောတောင်လျှိုများ၊  သဘာဝချောင်းရေ ၊ မြောင်းရေများလည်း ပေါများသည့် အတွက် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ပြီး ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးနိုင် သည့် နေရာကောင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် မိုင်းပြင်းမြို့နယ်နှင့် အခြားမြို့နယ်များ အတွင်း ရေအား လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးရန် ဆန္ဒပြင်းပြလျက် ရှိကြပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်ဆောင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများသို့ မဟာဓာတ်အားလိုင်းကို ပို့လွှတ်၍ ဓာတ်အားရရှိစေမည်ဖြစ်ကြောင်းကိုလည်း ကြားသိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိ အနေဖြင့် အောက်ပါမေးခွန်း များကို မေးမြန်းလိုပါကြောင်း-

  • မိုင်းပြင်းမြို့နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မဟာဓာတ်အားလိုင်းတစ်ခု ပို့လွှတ်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် စတင် အကောင်အထည်ဖော် ပေးမည်နည်း။
  • အစီအစဉ် မရှိပါက ပုဂ္ဂလိကလုပ်ငန်းရှင်များ စီစဉ်ဆောင်ရွက် ပေးနိုင်သည့် မြို့နယ်အတွင်း လုံလောက်သော ဓာတ်အားပေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဆိုလျှင် လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

     

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး မိုင်းပြင်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများ ကို လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရန်အတွက် ၂၃၀ ကေဗွီ နမ့်စံ-မိုင်းပြင်း-ကျိုင်းတုံ မဟာ ဓာတ်အားလိုင်း  ၁၃၈ မိုင်၊ နမ့်စံတွင်  ၂၃၀/၁၃၂ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း၊ ကျိုင်းတုံတွင် ၂၃၀/၆၆ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ၊ မိုင်းပြင်း ၂၃၀/၆၆ ကေဗွီ ၁၀၀ အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် ကျိုင်းတုံ ၆၆/၃၃ ကေဗွီ၊ ၂ x ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖေါ် တည်ဆောက်ရန် လျာထား သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း ပြီးစီးပါက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသများ၊ မိုင်းပြင်းမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ကလည်း မြို့နယ်အတွင်း လုံလောက်သည့် ဓာတ်အား ထုတ်လုပ်/ဖြန့်ဖြူးခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဆိုပါက နည်းပညာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ခွင့်ပြုနိုင် ပါကြောင်း ဖြေကြားပါသည်။