မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင် ၅ ခု ရှိပါကြောင်း၊ ယခင်က နိုင်ငံတော်အကြီးအကဲများအနေဖြင့် ကျေးလက်နေ လူတန်းစားများ ဘဝ မြှင့်တင်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေး အတွက် လည်းကောင်း၊ ဒေသဆန်ဖူလုံရေး အတွက်လည်းကောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးသည့် သဲဆန်သော မြေပေါ်တွင် မြေပြုပြင်၍ ဘောင်များခတ်ကာ စပါးများ စိုက်ပျိုးခဲ့သော်လည်း မီတာခများ တိုးလာခြင်း၊ မီတာထိန်း သိမ်းစောင့်ရှာက်ခ တစ်နှစ် သိန်း ၁၅၀၀ ကျခြင်း၊ တောင်သူလယ် သမား များ ထံမှ ကောက်ခံရငွေနှင့် အရှုံးပေါ်နေခြင်းတို့ကြောင့် လျှပ်စစ်မြစ်ရေ တင် လုပ်ငန်း များကို ရပ်ရတော့မည့် အနေအထား ဖြစ်နေပါကြောင်း၊ တောင်သူ လယ်သမားများ မှာလည်း မူလက သဲဆန်သောမြေကို စပါး စိုက်နိုင်အောင် မြေပြု ပြင်ခြင်း၊ လေးဘောင်များ ပြုလုပ်ရခြင်းဖြင့် အကုန်အကျ များစွာ ခံပြီး စပါးစိုက်လာခဲ့ကြရာ ယခု တွက် ခြေကိုက်သော အခါမှ ရပ်တန့်ပြီး အခြားသီးနှံများကို စိုက်ရမည့်အနေအထားဖြစ်နေပါကြောင်း၊ စပါးကတွက်ခြေ ကိုက်နေ၍ စပါးကိုပင် စိုက်ချင်ကြသောကြောင့် ကြာရှည်စိုက်ပျိုးနိုင်စေရန် အတွက်လည်းကောင်း၊ ဌာနမှလည်း အရှုံးမပေါ်စေရန် အတွက် လည်းကောင်း၊ တောင်သူလယ်သမားများအား ထောက်ထားညှာတာသောအားဖြင့် မီတာ ထိန်းသိမ်းစောင့်ရှောက် ခနှင့် မီတာခများကို ၅၀ ရာခိုင်နှုန်းအထိလျော့ချ ပေးနိုင်/မပေးနိုင် သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနအနေဖြင့် ဓာတ်အားခများကို တစ်ယူနစ်လျှင် အိမ်သုံး ၃၅ ကျပ်နှုန်း၊ စက်မှုလက်မှု လုပ်ငန်းသုံး ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိရာ လျှပ်စစ်မြစ်ရေတင် ဓာတ်အားခများကို တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြင့်သာ ကောက်ခံလျက်ရှိပြီး မီတာ ထိန်း သိမ်းစောင့်ရှောက်ခ အနေဖြင့် အိမ်သုံးမီတာများကို ၁၀၀၀ ကျပ်နှုန်းနှင့် စက်မှုလက်မှု လုပ်ငန်းသုံးအတွက် ၅၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံလျှက် ရှိပါကြောင်း၊ မီတာထိန်းသိမ်းစောင့်ရှောက်ခကို ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားပေးရေး အက်ဥပဒေ အရ ၁၉၅၁ ခုနှစ် ကတည်းက စည်းကြပ်ပြီး ကောက်ခံခဲ့ပါကြောင်း၊ ထို့ပြင် ထရန်စဖော်မာတပ်ဆင် အသုံးပြုသည့် လုပ်ငန်းများကိုလည်း မီတာထိန်းသိမ်းစောင့်ရှောက်ခ အပြင် တပ်ဆင်ထားသည့် ထရန်စဖော်မာ၏ ဝန်အားအလိုက် မြင်းကောင်ရေကြေးကို လစဉ်တွက်ချက်တောင်းခံလျက်ရှိပါကြောင်း၊
ပုဂံ-ညောင်ဦးမြို့နယ်ရှိ လျှပ်စစ်မြစ်ရေတင် ၅ ခုရှိပြီး ထရန်စဖော်မာ ၄ လုံး၊ စုစုပေါင်း တပ်ဆင် အင်အား ၅၂.၅ အမ်ဗွီအေရှိရာ လစဉ်မြင်းကောင်ရေ ကြေးစုစုပေါင်း ၁၁၂၆၀၂၀၀ ကျပ်နှင့် မီတာထိန်းသိမ်းစောင့်ရှောက်ခ ၃၅၀၀၀ ကျပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လစဉ်စုစုပေါင်း ကျသင့် ငွေမှာ ၁၁၂၉၅၂၀၀ ကျပ် ဖြစ်ပြီး တစ်နှစ်လျှင် ၁၃၅၅၄၂၄၀၀ ကျပ်ကောက်ခံလျှက် ရှိပါကြောင်း၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အား တစ်ယူနစ်ထုတ်လုပ်မှု ပျမ်းမျှ ကုန်ကျစရိတ်မှာ ၇၈ ကျပ်ခန့် ရှိပြီး တစ်ယူနစ် ပျမ်းမျှ ရောင်းဈေးမှာ ၅၆ ကျပ်ဖြစ်၍ တစ်ယူနစ်လျှင် ၂၂ ကျပ်အရှုံးခံကာ ဓာတ်အားသုံးစွဲသူများသို့ ရောင်းချပေးလျှက်ရှိပါကြောင်း၊ မီတာ ထိန်းသိမ်းစောင့်ရှောက်ခ၊ မြင်းကောင်ရေ ကြေးနှင့် မီတာခများကို တစ်နိုင်ငံလုံး တစ်ပြေးညီ ကောက်ခံလျှက်ရှိပြီး လက်ရှိတွင် အရှုံးပေါ်နေပါ၍ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးရန် အစီအစဉ်မရှိသေး ပါကြောင်း ရှင်း လင်းဖြေကြားပါသည်။
