ကလေးဝမြို့နယ်တွင် မဟာဓာတ်အားလိုင်း ဓာတ်အားဖြည့်ရန်နှင့် ဘိလပ်မြေ စက်ရုံအတွက် ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် နိုင်ငံခြား ကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင် ကုမ္ပဏီတို့မှ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်ဖြစ်သည်ကို သိရှိရပြီး ထိုကဲ့သို့ တည်ဆောက် ရာတွင် သမ္မတကြီးဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ လေ့လာခဲ့သော ဂျပန်ပြည်မှ ထုတ်လုပ်သည့် စက်အမျိုးအစားများ၊ ပတ်ဝန်းကျင်ထိ ခိုက်မှု နည်းပါးသည့် စက်အမျိုးအစားများကိုသာ ဒေသခံတို့ အနေဖြင့် လိုလားလျှက် ရှိနေကြ ပါကြောင်း၊ ယင်းအကြောင်းကို တင်ပြရခြင်းမှာ ကလေးဝမြို့တွင် ကျောက်မီးသွေး တွင်း ရှိပြီး လမ်းစဉ် ပါတီခေတ်က ကျောက်အုံ လျှပ်စစ်ဓာတ်အားစက်ရုံမှ ကလေးမြို့အထိ ဓာတ်အားများ ထုတ်လုပ်ခဲ့ပါကြောင်း၊ ယင်းလျှပ်စစ် ထုတ်လုပ်မှုကြောင့် ဆိုးကျိုးများစွာကို မိမိတို့ မသိနားမလည်ခဲ့ရသော်လည်း ယနေ့ မိမိတို့ လေ့လာထားမှုအရ စက်ရုံ၏ ပတ်ဝန်းကျင်တွင် အမှုန်အမွှားများကျရောက်ပြီး သစ်ပင်များစိုက်ပျိုး မရနိုင်တော့ခြင်းများ ကြုံတွေ့ခဲ့ရပါကြောင်း။
ယနေ့ ပညာရှင်များနှင့် မီဒီယာများ၏ ဖော်ပြရေးသားချက်များအရ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ကျောက်မီးသွေး မှဖြစ်ပေါ်လာမည့် အန္တရာယ်ဆိုးကျိုး၊ ကျန်းမာရေးနှင့် ထိခိုက်မှုများကိုလည်း မီဒီယာများမှ တစ်ဆင့် သိနေကြရာ ယခု ထုတ်လုပ် တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံသည် ကလေးဝမြို့နယ်၏ မည်သည့်နေရာတွင်ထားရှိပြီး မည်သည့်အချိန်တွင် တည်ဆောက်မည်ကို သိလိုပါကြောင်း၊ အဆိုပါကိစ္စကို ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သော်လည်း “မြေဖယ်ပေးရသည့် လူတွေတောင်မှ မြေနေရာ မရဘဲ အခု တစ်ခါထပ်ပြီးတော့ မြေဖယ်ပေးရဦးမလား” ဆိုသည့် သံသယ စိတ်ကလေး များ ဝင်နေသည့်အတွက်ကြောင့် ဆက်လက်မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊ ကြိုတင်စီစဉ်နိုင်ရန်နှင့် ကူညီ ပံ့ပိုးဖြေရှင်းပေးနိုင်ရန် မည်သည့်နေရာဖြစ် မည်ကို သိရှိလို၍ အောက်ပါမေးခွန်းများကိုမေးမြန်း ရခြင်းဖြစ်ပါကြောင်း၊
- ကလေးဝမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံသည် နိုင်ငံံ့ခေါင်းဆောင်ကြီးများ၊ လေ့လာ သုံးသပ် ကြည့်ရှု့ခဲ့သော စက်အမျိုးအစားများနှင့် တည်ဆောက်နိုင်ပါသလား။
- ကလေးဝ မြို့နယ်၏ မည်သည့် နေရာ၌တည်ဆောက်ပြီး မည်သည့်ခုနှစ်တွင် တည်ဆောက်မည်ကို သိရှိလို ပါကြောင်း မေးမြန်း ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု JV/B.O.T စနစ် အခြေခံပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကိုယ်စား ယခင်အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရေအား လျှပ်စစ်စီမံရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ China Guodian Corporation နှင့် ထွန်းသွင်သတ္တုလုပ်ငန်း ကုမ္ပဏီ လီမိတက်တို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့၏ မြောက်ဘက် ၁၈ ကီလိုမီတာအကွာ ချင်းတွင်း မြစ်ကမ်းမှ ၁.၅ ကီလိုမီတာ အကွာတွင် ကလေးဝကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကိုတည် ဆောက်မည်ဖြစ်ပြီး စက်တပ်ဆင်အင်အားမှာ ပထမအဆင့် ၂၇၀ မဂ္ဂါဝပ်နှင့် ဒုတိယအဆင့် ၂၇၀ မဂ္ဂါဝပ် နှစ်ဆင့်ဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Guodian Corporation နှင့် ပြည်တွင်း တိုင်းရင်းသား ကုမ္ပဏီဖြစ်သည့် ထွန်းသွင်သတ္တုလုပ်ငန်း ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ ကလေးဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကိုပြုစုပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ ဝန်ကြီးဌာနမှ အသေးစိတ် စိစစ်ခဲ့ပြီး စီမံကိန်းအား Clean Coal Technology ကိုအသုံးပြု၍ အကောင်အထည် ဖော်ဆောင်ရွက်သွားရန် အတည်ပြုပေးခဲ့ပြီးဖြစ်သည့်အတွက် ယခုအခါ စီမံကိန်းအကောင်အထည်ဖော် မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Guodian Corporation သည် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းမရှိကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုကို စွန့်လွတ်ပါကြောင်း တရားဝင် တင်ပြလာခဲ့သဖြင့် စီမံကိန်းအား ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ထွန်းသွင်သတ္တု လုပ်ငန်းကုမ္ပဏီလီမိတက်သည် ဝန်ကြီးဌာနမှ အတည်ပြုခဲ့သည့် စီမံကိန်းဆိုင်ရာ ဖြစ်မြောက် နိုင်စွမ်းအစီရင်ခံစာကို ပြောင်းလဲခြင်းမပြုဘဲ ကလေးဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်ရန် အတွက် စင်္ကာပူနိုင်ငံအခြေစိုက် ISDN Holding Limited ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် စီမံတင်ပြလာပါသည်။
စီမံကိန်းစတင် တည်ဆောက်မည့် နေ့ရက်နှင့် ပတ်သက်၍ ကလေးဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း MOU သည် စီမံကိန်းကို ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ စူးစမ်းလေ့လာရန်အတွက်သာ ခွင့်ပြုခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် စီမံကိန်း ဆိုင်ရာ ကုမ္ပဏီများမှ တင်ပြလာသည့် စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှု စိစစ်ချက် ကို အသေးစိတ် စိစစ်ပြီးနောက် သဘောတူညီမှု စာချွန်လွှာ (MOA)၊ ဖက်စပ်သဘောတူညီချက် စာချုပ် (JVA) ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်ပြီး မှာသာလျှင် စီမံကိန်းစတင်တည်ဖောက်မည့် နေ့ရက်ကို အတိအကျ သတ်မှတ်နိုင်မည်ဖြစ်ပါသည့်အတွက် ယခုအခါ စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီများနှင့် MOA ကိစ္စရပ် များအားညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် ကျောက်မီးသွေးသုံးစက် အမျိုးအစားအရည်အချင်းတူ စက်မျိုး ဟုတ်/မဟုတ်နှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို မထိခိုက်စေရေးအတွက် Clean Coal Technology ကိုအသုံးပြု၍ ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထားသည့် စွန့်ပစ်ပစ္စည်း သတ်မှတ်ချက်များ အတိုင်း လိုက်နာ ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည်မြင့်မားသော စက် အမျိုးအစားများကိုသာ အသုံးပြု တည်ဆောက် သွားစေမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
