တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ်သည် လက်ရှိဓာတ်အားပေးစက်ရုံ အဆောက်အဦကို ၃၁-၁-၉၇ တွင် လည်းကောင်း၊ ကန့်ဘလူကျေးရွာ အသေးစားရေအားလျှပ်စစ်စက်ရုံကို ၁၉၈၉ ခုနှစ်တွင် လည်းကောင်း စတင်တည်ထောင်ပြီး ၁၀-၇-၉၀ ခုနှစ်တွင် စက်ရုံအောက် 50KV Cross Slow တာဘိုင် ၃ လုံးဖြင့် ၂၄ နာရီ ရေအားကို ဖြန့်ဖြူးပေးခဲ့ပြီး ၂၆-၇-၂၀၁၀ ခုနှစ်မှစ၍ 50KV Cross Slow တာဘိုင် တစ်လုံးနှင့် 75KV Cross Slow တာဘိုင် ၂ လုံးဖြင့် ကျွန်းစုမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကို မြို့နယ် မီးလင်းရေးကော်မတီဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး တနင်္သာရီ ရေတပ်စခန်းဌာနချုပ် မြို့ပေါ် ၄ ရပ်ကွက်နှင့် ကန့်ဘလူကျေးရွာ၊ ထိန်းချောင်းကျေးရွာတို့ကို မိုးရာသီ ဇွန်လမှ ဒီဇင်ဘာလ အထိ လည်းကောင်း၊ ၂၄ နာရီ နွေရာသီ ဇန်နဝါရီလမှ မေလအထိကို တစ်နေ့ ၅ နာရီနှုန်းဖြင့် လျှပ်စစ် ဓာတ်အားကို ဖြန့်ဖြူးပေး ခဲ့ရာ လျှပ်စစ်ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုပေါင်းမှာ ၇၈၆ အိမ်ထောင်စု ဖြစ်ပါကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို မြို့နယ်အင်ဂျင်နီယာရုံးတွင် ၁၀-၇-၉၁ ခုနှစ်မှစ၍ စက်ရုံကို စက်လည်ပြီး လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးခဲ့သော်လည်း နေ့တိုင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးခန်းဟူ၍ သတ်မှတ်မှုမရှိဘဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အတွင်းမှာပင် ဖြစ်သလို ရုံးလုပ်ငန်းကို ဆောင်ရွက်နေကြောင်း၊ အလားတူ ဝန်ထမ်း ၉ ဦးမှာလည်း နေထိုင်စရာအိမ်ရာများကို ဆောက်လုပ်ပေးထားခြင်း မရှိသဖြင့် မိမိအနေဖြင့် အောက်ပါမေးခွန်းများအား မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးခန်း တစ်ခန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ အိမ်ရာတစ်လုံး၊ ဝန်ထမ်းနှစ်ခန်းတွဲအိမ်ရာ ၃ လုံး၊ မြို့နယ်ရုံး အင်ဂျင်နီယာဝန်ထမ်း နှစ်ခန်းတွဲ အိမ်ရာ ၃ လုံးနှင့် ကန့်ဘလူကျေးရွာရေအား လျှပ်စစ်အလုပ်ရုံခန်း အတွက် ရုံးခန်းတစ်ခန်း အမှန်တကယ် လိုအပ်နေသည့် အတွက် အထက်ဖော်ပြပါ အဆောက်အဦရုံးခန်းတွင် အိမ်ရာများကို ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါကမည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် မြို့နယ်လျှပ်စစ်မှူးရုံး အဆောက်အဦကို ဒီဇယ်ဓာတ်အားပေးစက်ရုံ အဆောက်အဦနှင့် ပူးတွဲပြီး ၁၉၉၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင် ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲ ၁ လုံးရှိပြီး ဝန်ထမ်း ၉ ဦးအနက် ၇ ဦးမှာ ဒေသခံများဖြစ်၍ ဝန်ထမ်းအိမ်ရာ မဆောက်လုပ်ရသေးပါကြောင်း၊ ၃၆ ပေ × ၂၄ ပေအရွယ် တစ်ထပ်သံကူ ကွန်ကရစ် မြို့နယ်လျှပ်စစ်မှူးရုံး အဆောက်အဦတစ်ခုနှင့် ၂၄ ပေ × ၁၈ ပေအရွယ် တစ်ထပ်သံကူ ကွန်ကရစ်ဓာတ်အားပေးစက်ရုံ အဆောက်အဦ ၁ လုံးကို တည်ဆောက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသွားမည်ဖြစ်ပါကြောင်း၊ ကျွန်းစုအသေးစား ရေအား လျှပ်စစ်စက်ရုံကို တိုင်းဒေသကြီးအစိုးရသို့ လွှဲပြောင်းပေးရန်အတွက် လွှဲပြောင်းမှတ်တမ်း မူကြမ်းကို ၃-၅-၂၀၁၃ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရသို့ ပေးပို့ခဲ့ပြီး တိုင်းဒေသကြီးအစိုးရမှလည်း လွှဲပြောင်း လက်ခံရေးကိစ္စကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့်လည်း အဆောက်အဦများ လိုအပ်ချက်ပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
