(င)-နေပြည်တော်တွင် အဆင့်မြင့်တက္ကသိုလ်တစ်ခုကို နိုင်ငံ၏လိုအပ်ချက်၊ မြို့တော်အင်္ဂါ၏ လိုအပ်ချက်နှင့်ပညာရေး ဝန်ကြီးဌာန၏ လိုအပ်ချက်အားလျော်စွာ ဖွင့်လှစ်တည်ထောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၇.၂.၂၀၁၈)

အဆင့်နိမ့်ကျနေသော မြန်မာ့ပညာရေးကို နိုင်ငံအဆင့်အတန်းမီလာစေရန်အတွက် Comprehension Education Sector Review (CESR) (ဘက်စုံလွှမ်းခြုံသော ပညာရေးဆန်းစစ်မှု)နှင့် လည်း KG + 12 Education ကိုလည်း စနေခြင်းဖြင့် သုံးနှစ်ရှိနေပြီဖြစ်ပါကြောင်း၊ National Education Strategic Plan (NESP) (အမျိုးသား ပညာရေးစီမံကိန်း) ကိုလည်း (၂၀၁၆-၂၀၂၁) မျှော်မှန်းချက်နှင့်အညီ အရည်အသွေးမြှင့် ပညာရေး (Quality Education)၊ အခွင့်အလမ်းပွင့် (Access to Education) ပညာရေးကိုလည်း ကြိုးပမ်းနေချိန်ဖြစ်ပါကြောင်း၊ Education Promoting Long Term Plan Program အရ ၂၀၀၀-၂၀၀၁၊ ၂၀၃၀ Long Term Plan အရလည်း ငါးနှစ်စီမံကိန်း ခြောက်ဖြတ်မှာ စတုတ္ထကာလသို့ ရောက်ရှိနေပါကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသည့် နေပြည်တော်မြို့ကြီးတွင် နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်နိုင်သော နိုင်ငံတကာအဆင့်မီ လွှတ်တော်ကြီးများ၊ ဝန်ကြီးဌာနကြီးများ၊ ထည်ဝါသောအဆောက်အဦကြီးများ၊ ဟိုတယ်ဇုန်များရှိနေသော်လည်း နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးမဖြစ်စေကာမူ မြို့ကြီးပြကြီးဂုဏ်အင်္ဂါနှင့် မြန်မာ့ယဉ်ကျေးမှု လက်ရာမြောက်သော အဆင့်အတန်းမီတက္ကသိုလ်ကြီး တစ်ခုဖွင့်လှစ်ထူထောင်ပေးရန် လိုအပ်နေပါကြောင်း၊

နေပြည်တော်သည် ရာဇဌာနီ မင်းနေပြည်ဂုဏ်အင်္ဂါနှင့် ပြည့်စုံခြင်း၊ ကျယ်ဝန်းခြင်း၊ ကျက်သရေများနှင့် ပြည့်စုံနေခြင်းကြောင့် ပညာကိုတစိုက်မတ်မတ် ဆည်းပူးလေ့လာသူအပေါင်းတို့ သင်ကြားမှု၊ သင်ယူမှု၊ လုပ်ငန်းစဉ်များကို ဆက်လက်ပြီးကြိုးပမ်းရန် အဆင့်မြင့်တက္ကသိုလ်ကြီးကို တည်ထောင်ပေးရန်လည်း လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ပညာရေးသည် နိုင်ငံတည်ဆောက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးတိုးတက်မြင့်မားလာရေး၊ လူမှုဘဝမြှင့်တင်ရေး၊ တိုင်းပြည်အေးချမ်းသာယာရေး၊ လူသားအရင်းအမြစ်များ မွေးထုတ်ရေး၊ အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ပေးသည့် အဆင့်မြင့်တက္ကသိုလ်တစ်ခုကို ဖွင့်လှစ်ပေးရန် အချိန်အခါရောက်ရှိပြီ ဖြစ်ပါကြောင်း၊

ပညာရေးကောလိပ် ၂၅ ခု အပါအဝင် တက္ကသိုလ်၊ ကောလိပ် ၁၆၀ ခုရှိနေပါကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင် အကောင်းဆုံးတက္ကသိုလ် ဖြစ်သည့်အတွက် စင်ကာပူဝန်ကြီးချုပ် ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ်ကို နေချင်သော်လည်း တက်ရောက်ခွင့် မရခဲ့ပါကြောင်း၊ ယနေ့ အာဆီယံနိုင်ငံအတွင်း Art and Humanity ၊ Engeneering and Technology ၊ Agriculture and Foresting ၊ Natural Science Empiromented Science ၊ Social Science စသည့် လင်ကွန်းစတစ် စသည်ဖြင့် ဘာသာရပ်များကို သင်ကြားပို့ချနေခြင်းသည် အာဆီယံနိုင်ငံများတွင် စင်ကာပူနိုင်ငံသာ ရှေ့တန်းကရောက်ပြီး ဒုတိယလိုက်သည့် နိုင်ငံများက ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာတတ်များ ဆက်လက်ပညာ ဆည်းပူးရန် နိုင်ငံတကာအဆင့်မီသော မြန်မာ့အနုပညာလက်မှု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု များပါဝင်သည့်  University ကြီးကို နေပြည်တော်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ဝန်းကျင်ရှိ ကျောင်းသား/သူများ၊ အသက်မွေးဝမ်းကျောင်း ပညာကိုသင်ယူလိုကြသော ကျောင်းသား/သူများ၏ ပညာသင်ယူရေးကို အထောက်အကူပြုစေရန် အတတ်ပညာပေါင်းစုံ၊ ပညာရပ်ပေါင်းစုံ၊ အသက်မွေးဝမ်းကျောင်း ပညာပေါင်းစုံ၊ လုပ်ငန်းခွင်အတတ်ပညာပေါင်းစုံ အစရှိသဖြင့် ဒေသ၏လိုအပ်ချက်ကို ကိုက်ညီဖြည့်ဆည်းပေးနိုင်မည့် Comprehensive University တစ်ခုဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ သို့သော် Comprehensive University နှင့် လိုက်လျောညီထွေရှိမည့် မြေနေရာအကျယ်အဝန်း၊ လမ်းပန်းဆက်သွယ်ရေးလွယ်ကူ ကောင်းမွန်မှု၊ မြေနေရာအခြေအနေပေးမှု အစရှိသည့် အင်္ဂါရပ်များနှင့်ပြည့်စုံသည့် နေရာရရှိမှုတို့အတွက် နေပြည်တော်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေနေရာသတ်မှတ်ပြီးလျှင် တက္ကသိုလ်ဖွင်‌့လှစ်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လိုအပ်သော ဘဏ္ဍာငွေကို တွက်ချက်တင်ပြမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေခွင့်ပြုချက်ရသည့် အချိန်မှစ၍ တက္ကသိုလ်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။