(စ)-ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများကိုနိုင်ငံတော် ၏ခွင့်ပြုရန်ပုံငွေဖြင့်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၉.၈.၂၀၁၃)

ဦးအူးရယ် (ဖရူဆို) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား တစ်ခုကို ပုံမှန်လည်ပတ်နိုင်ရေး အတွက် အဓိကလိုအပ်သော အခြေခံအုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသော်လည်း ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများကို မည်သည့်အစိုးရလက်ထက်ကမျှ အလေးထား တည်ဆောက်ပေးခဲ့ခြင်း မရှိသည်မှာ ယနေ့ချိန်ထိ ဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးသော နယ်စပ်ဒေသရှိ ကျေးလက်ဒေသများတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ရသည့်အတွက် ပုံစံမကျခြင်း၊ ခိုင်ခံ့မှုနည်းပါးခြင်း၊ ရုံးဖွဲ့စည်းပုံနှင့် မကိုက်ညီခြင်း အစရှိသော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် အချို့ဒေသများတွင် ယနေ့အချိန်ထိ ရပ်ကျေး အုပ်ချုပ် ရေးမှူးရုံး လုံးဝ မရှိသေးသည်ကို လည်း တွေ့မြင်နေရပါကြောင်း၊ ဖရူဆို မြို့နယ်တွင် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၄ ခု၊ စုစုပေါင်း ၁၉ ခု သည့်အနက် ထစ်ပေါ်ဆိုနှင့် မြို့မကျေးရွာ အုပ်စုနှစ်ခုသာ အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်နိုင်ခဲ့ပါကြောင်း၊  အုပ်ချုပ်ရေးမှူးရုံးမရှိသည့်အတွက် အုပ်ချုပ်ရေး ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရုံးအသုံး အဆောင်ပစ္စည်းများ ထိန်းသိမ်း ခြင်း၊ ပြည်သူများအား အစည်း အဝေးခေါ်ယူ ကျင်းပခြင်းတို့တွင်  အုပ်ချုပ်ရေးမှူးများ၏ နေအိမ်များကို အုပ်ချုပ်ရေးရုံးအဖြစ် အသုံးပြုနေ ရခြင်းကြောင့် များစွာအခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့် အချိန်တွင် ဆောက်လုပ်ပေးနိုင် ပါမည်နည်းနှင့် ဆောက်လုပ်ပေးရန်အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် မရှိသည်ကို သိလို ပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လိုပါက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အစီအစဉ်ရေးဆွဲပြီး တင်ပြတောင်းခံနိုင်မှာ ဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးချုပ်နှင့် ပြည်ထောင်စု နယ်မြေအတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးများ၏ ဘဏ္ဍာငွေ အရ/အသုံး ကိစ္စရပ်များကို ပြည်ထောင်စုဘဏ္ဍာ အစီအစဉ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရ လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်၏ ဘဏ္ဍာငွေအရ/အသုံးကိစ္စရပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် လည်းကောင်း ရေးဆွဲဆောင်ရွက်လျက်ရှိရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များ ဆောက်လုပ်နိုင်ရေး အတွက် နိုင်ငံပိုင်အခန်း၊ ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အစီအစဉ်ဖြင့် ရေးဆွဲတောင်းခံ ရာတွင် ဆောက်လုပ်မည့်ရုံးအတွက် သင့်လျော်သောမြေနေရာ၊ အကျယ်အဝန်းကိုရွေးချယ်ပြီး ဌာနပိုင် အမည်ပေါက် လျောက် ထားရမည်ဖြစ်ကာ ဌာနပိုင်မြေ ရရှိဖူးပါက အဆောက်အဦဆောက်လုပ်ရန်အတွက် မြို့နယ်တွင်ရှိသော ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာများဖြင့် (က) အဆောက်အဦ ဆောက်လုပ် သည့် အဆောက်အဦပုံစံ၊ (ခ) အဆောက်အဦနှင့် ပတ်သက်သော စံချိန်စံညွှန်း၊ (ဂ) ဆောက်လုပ်လိုသော အဆောက်အဦ ပမာဏ၊ ခန့်မှန်းခြေ တန်ဖိုး စသည့် အချက်အလက်များရရှိအောင် ညှိနှိုင်းရမှာဖြစ်ပြီး အဆိုပါအချက်များပြည့်စုံပါက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အစီအစဉ်ကို ၅ နှစ် စီမံကိန်း အလိုက် ရည်မှန်းချက်ချမှတ်ပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရေးဆွဲတင်ပြရမှာ ဖြစ်ပါကြောင်း၊  ထိုသို့ရေးဆွဲတင်ပြလာသော ၅ နှစ်စီမံကိန်း ရည်မှန်းချက်များကို တိုင်းဒေသကြီး (သို့) ပြည်နယ် အစိုးရအဖွဲ့များက လွှတ်တော် အစည်းအဝေးသို့ တင်ပြပြီး တိုင်းဒေသကြီး (သို့) ပြည်နယ် ရသုံးခန့်မှန်းခြေငွေ စာရင်းဦးစီးဌာန၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊  နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်း ဒေသကြီး (သို့)  ပြည်နယ် များတွင် ရပ်ကွက်ကျေးရွာ အုပ်စုအရေအတွက် ၁၆၇၂၂ ရှိသည့်အတွက် ၅ နှစ် စီမံကိန်း ရည်မှန်းချက်အတိုင်း နှစ်စဉ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်တင်ပြတောင်းခံ ဆောင်ရွက်နိုင်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။