မုဒုံမြို့ပေါ်တွင် စီးပွားရေးဘဏ်အဆောက်အဦ သီးသန့်မရှိသေးဘဲ ပုဂ္ဂလိကပိုင်တိုက်တန်းလျား ဘေးစွန်း၏ အခန်းတစ်ခန်းတွင် မြန်မာ့စီးပွားရေးဘဏ်ဖွင့်လှစ်ထားပါသော်လည်း ၎င်းစီးပွားရေးဘဏ်ဘေးနားတွင် စတိုးဆိုင်တစ်ဆိုင်နှင့် ကပ်လျက်ရှိသောကြောင့် လုံခြုံမှုမရှိဘဲ ငွေများကို မုဒုံမြို့ မြို့မရဲစခန်းရှိငွေတိုက်တွင် သိမ်းဆည်းနေရပါသောကြောင့် မြန်မာ့စီးပွားရေးဘဏ်အဆောက်အဦကို ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်နှစ်တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုကြောင်းမေးမြန်းသည်။
မြန်မာ့စီးပွားရေးဘဏ်များကို စုစုပေါင်းဘဏ်ခွဲ ၃၁၀ ခုဖွင့်လှစ် ထားရှိပြီး အဆိုပါ ဘဏ်ခွဲပေါင်း ၃၁၀ ရှိတဲ့အနက် ရန်ကုန်မြို့နှင့် မန္တလေးမြို့ပေါ်တွင်ရှိသော ဘဏ်ခွဲကြီးများ၊ လုံခြုံရေးကောင်းမွန်သော ခရိုင်ဘဏ်ခွဲအချို့တွင် ဘဏ်ခွဲ ဆောက်လုပ်စဉ်အခါကပင် ငွေတိုက်ကိုပါ ထည့်သွင်းဆောက် လုပ်ခဲ့ပြီး ငွေကြေးများကို အဆိုပါငွေတိုက်ခန်းများတွင် ထိန်းသိမ်းထားရှိနိုင်ကာ ကျန်ခရိုင်၊ မြို့နယ်ဘဏ်ခွဲများနှင့် ဘဏ်ငွေတိုက်ခွဲများ အားလုံးတွင် ဘဏ်၏ ငွေကြေးလက်ကျန် အားလုံးကို ရဲတပ်ဖွဲ့စခန်း သို့မဟုတ် နီးစပ်ရာ တပ်ရင်း/တပ်ဖွဲ့ အတွင်း သီးခြား ဆောက်လုပ်ထားသော ငွေသိုလှောင်ခန်း များတွင် ထိန်းသိမ်းထားခြင်းဖြစ်ပါကြောင်း၊ မုဒုံမြို့နယ်ဘဏ်ခွဲကို ပုဂ္ဂလိကပိုင် တိုက်တန်းတွင် ငှားရမ်းဖွင့်လှစ်ပြီး ဘဏ်၏ ငွေကြေးများကို လုံခြုံရေး အခြေအနေအရ ရဲတပ်ဖွဲ့စခန်းတွင် ထားရှိခြင်းပဲဖြစ်ပါကြောင်း၊ မုဒုံဘဏ်ခွဲကို လုံခြုံရေးအရလည်းကောင်း၊ ရုပ်ဆင်းအင်္ဂါအရ လည်းကောင်း၊ ဘဏ်ဝန်ထမ်းများ၊ ဘဏ်နှင့် ဆက်သွယ်သူများ အတွက် လည်းကောင်း၊ လက်ရှိအဆောက်အဦတွင် ဝန်ဆောင်မှုအကောင်းဆုံး ဆောင်ရွက်ပေးနိုင်သည့် အခြေအနေ မရှိသောကြောင့် ဘဏ်အဆောက်အဦ အသစ် ဆောက်လုပ်ရန်ဖြစ်သော်လည်း မြေနေရာ မရှိသေးသည့် အတွက် ယခုလက်ရှိနေရာတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုအခါမှာ ဘဏ်အဆောက် အဦ ဆောက်လုပ်ရန် အတွက် မုဒုံမြို့၊ မြို့မ ၁ ရပ်ကွက်၊ ကွင်းအမှတ်(၈၈၄/၁)၊ ဦးပိုင်အမှတ်(၁၈၀-ခ)၊ မြေဧရိယာ ဝ.၀၉ ဧကအားရရှိထားပြီး ဘဏ်ခွဲ အဆောက်အဦ ဆောက်လုပ်ရန် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ရှိပြီးဖြစ်သောကြောင့် မုဒုံဘဏ်ခွဲအဆောက်အဦသစ်ကို မကြာမီဆောက်လုပ်ပေး သွားဖြစ်ပါကြောင်းနှင့် ဘဏ်၏ငွေကြေးများကို ငွေသိုလှောင်ခန်းလုံခြုံမှုရှိစေရန်အတွက် မုဒုံမြို့၊ မြို့မရဲစခန်းအတွင်းရှိ ငွေသိုလှောင်ခန်း တွင်သာ ဆက်လက်ထိန်းသိမ်း ထားရှိသွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
