ဂွမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ယစ်မျိုးလိုင်စင်များဖြစ်သော D-1 စက်ရုံတည်ဆောက်ပြီး အရက် ချက်လုပ်ခွင့်လိုင်စင်၊ အရက်ပြင်း သိုလှောင်ရောင်းချခြင်း လိုင်စင်၊ ဘီယာများ ရောင်းချခွင့် (လက်ကား) လိုင်စင်နှင့် ပုလင်းဘူးစို့ဖြင့်စွတ်ထားသော အရက်များကို လက်ကား ရောင်းချခွင့် လိုင်စင်များကို ရယူဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါပုဂ္ဂိုလ်၏ တင်ပြချက်အရ မြို့ပေါ်နှင့်ကျေးရွာများရှိ စားသောက်ဆိုင်များတွင် ဘီယာနှင့် အရက်မျိုးစုံကို သံတွဲမြို့နှင့် ရန်ကုန်မြို့မှ မှာယူရောင်းချနေခြင်းသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော မော်တော်ကားပိုင်ရှင်များ၊ ကားဂိတ်များ သည်လည်း ဘီယာ၊ အရက်များကို မျှောစာမပါဘဲ သယ်ယူရောင်းချ နေသည့် အတွက် ယစ်မျိုးဥပဒေကို ချိုးဖောက်ရာကျရောက်သည့် အတွက် ဥပဒေအရ အရေးယူသင့်ကြောင်း အဆိုပါစီးပွားရေးလုပ်ငန်းရှင်မှ တင်ပြလာပါသည်။ ယင်းဖြစ်စဉ်များသည် ဂွမြို့နယ်တွင်သာမက မြန်မာနိုင်ငံအန့ှံအပြား တစ်ပြည်လုံးတွင်လည်း ဘီယာ၊ အရက် စသည့် တို့ကို မော်တော်ကား၊ ရေယာဉ်များဖြင့် နေ့စဉ်သယ်ပို့ ရောင်းချလျက်ရှိရာ ထိုသို့ သယ်ပို့ ရောင်းချနေခြင်းမှာ မျှောစာမပါသည့်အတွက် အရေးယူခံရနိုင်ဖွယ်ရာ ရှိကြောင်းကိုလည်း ထပ်မံတင်ပြလာပါသည့်တွက် မိမိအနေဖြင့် အဆိုပါလုပ်ငန်းများအား ဥပဒေအရ လုပ်ပိုင်ခွင့်၊ ရှိ မရှိ၊ လုပ်သင့် မလုပ်သင့် စသည်များကို ရှင်းပြလိုသည့်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း။
မေးခွန်းအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဂွမြို့နယ်ရှိ စားသောက်ဆိုင်များကဲ့သို့ ဘီယာ၊ အရက်များရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသည်တို့သည် (၁) ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိ။ ညီညွတ်မှုမရှိပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်နိုင်မည်နည်း။ (၂) မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယစ်မျိုးလိုင်စင်များဖြစ်သည့် D-1, FL-6, FL-8, FL-11 လိုင်စင်ယူထားသည့် လိုင်စင်စုစုပေါင်း မည်မျှ ရှိသည် ဆိုသည့်မေးခွန်းများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် ယစ်မျိုးစီမံခန့်ခွဲရေး လုပ်ငန်းများကို ကိုလိုနီခေတ်မှစတင်ပြီး ၁၉၇၂ ခုနှစ် စနစ်သစ် အုပ်ချုပ်ရေး အကောင်အထည်ဖော်သည့်အချိန်အထိ ယစ်မျိုးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ကို တာဝန်ခံ ဆောင်ရွက် ရသည့် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ ကောလိပ်တော်အရာရှိ၊ နယ်ပိုင်နှင့် မြို့ပိုင်များက ကြီးကဲ တာဝန်ယူ ဆောင်ရွက်ခဲ့ကြပါသည်။
၁၉၇၂ ခုနှစ် အုပ်ချုပ်ရေးစနစ်သစ်အရ ယစ်မျိုးဌာနကို ဖျက်သိမ်းပြီး ယစ်မျိုး စီမံခန့်ခွဲရေး နှင့်အခွန် ၄ မျိုးကောက်ခံရေး တာဝန်ကို ပြည်တွင်း အခွန်များဦးစီး ဌာနသို့လည်းကောင်း၊ တားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ကြီးကြပ်ကွပ်ကဲရန် ယခင်အလုပ် အမှုဆောင် အဖွဲ့များသို့ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁၃/၁၉၇၇ ဖြင့် လုပ်ပိုင်ခွင့်များ အပ်နှင်းခဲ့ပါသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကာလတွင် ယစ်မျိုးစီမံခန့်ခွဲရေးနှင့် အခွန် ၄ မျိုးကောက်ခံရေး လုပ်ငန်းများကို အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ လွှဲပြောင်း တာဝန်ယူ ဆောင်ရွက်စေ ခဲ့ပါသည်။
လက်ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် ယစ်မျိုးစီမံခန့်ခွဲရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ ၁၉၁၇ ခုနှစ် မြန်မာနိုင်ငံယစ်မျိုး အက်ဥပဒေ၊ ၁၉၂၈ ခုနှစ် မြန်မာနိုင်ငံယစ်မျိုး နည်းဥပဒေနှင့် ၁၉၁၇ ခုနှစ် ယစ်မျိုးအက် ဥပဒေအရ ထုတ်ပြန်ခဲ့သော အမိန်ကြော်ငြာချက်များ၊ ၁၉၂၉ ခုနှစ် ယစ်မျိုး ညွှန်ကြားချက်များနှင့် ၁၉၆၁ ခုနှစ် ယစ်မျိုးလက်စွဲ ဥပဒေတို့ကို ကျင့်သုံးပြီး ယစ်မျိုးစီမံခန့်ခွဲခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ကြီးကြပ်မှုနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီး ယစ်မျိုးဥပဒေအရ အရေးယူဆောင်ရွက်ခြင်း များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စားသောက်ဆိုင်များတွင် ဘီယာနှင့်အရက်များ ရောင်းချရန် သယ်ယူ ပို့ဆောင်နေခြင်းများအတွက် ယစ်မျိုးနည်းဥပဒေ အပိုဒ် ၁၂၄ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် (၁)၊ (၂)၊ (၃) တို့အရ အရက် သယ်ဆောင်ခွင့်ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စတင်ပို့ဆောင်သည့် ဒေသရှိ ခရိုင်အုပ်ချုပ်ရေးမှူး၏ သယ်ဆောင်ခွင့်လက်မှတ်ဖြင့်သာ သယ်ယူရမည်ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များကို ဖြတ်ကျော် သယ်ယူရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများ၏ အတည်ပြုချက်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးမှ CS-2, D-1A, FL-6, FL-11, FL-12 လိုင်စင်ရှိသူများ ကိုသာ သယ်ဆောင်ခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။
ယစ်မျိုးဆိုင်ရာ စီမံခန့်ခွဲမှုများမှာ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များ အပြည့်အဝရရှိစေရန်နှင့် လိုင်စင်မဲ့ ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ စနစ်တကျ အရေးယူနိုင်ရန် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့် ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့ (Task Forces) များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဗဟိုအဆင့် အဖွဲ့များ ဖွဲ့စည်းပြီး ပညာပေးဆွေးနွေးခြင်းနည်းလမ်း၊ စီမံခန့်ခွဲရေးနည်းလမ်းနှင့် အုပ်ချုပ်ရေး နည်းလမ်းများဖြင့် အဆင့်ဆင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယစ်မျိုးလိုင်စင်ရရှိထားသူက မိမိ ရယူထားသည့် လိုင်စင်အမျိုးအစားနှင့် ကိုက်ညီသော ယစ်မျိုးများကို သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း ဆောင်ရွက်ပါက ပြဋ္ဌာန်းထားသည့် ယစ်မျိုးအက်ဥပဒေအရ ညီညွတ်ပါကြောင်း၊ သို့မဟုတ် ပါက မြန်မာနိုင်ငံ ယစ်မျိုး အက် ဥပဒေပုဒ်မ ၇၊ ၉ နှင့် ၁၂ တို့အရ အခွင့်အာဏာရှိသူ၏ ခွင့်ပြုချက်မရှိဘဲ ယစ်မျိုးသက်ဝင် ပစ္စည်းများကို နိုင်ငံတော်အတွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း မပြုရဟူသော တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်သည့်အတွက် ယစ်မျိုးအက်ဥပဒေပုဒ်မ ၃၀ အရ အရေးယူ ဆောင်ရွက်ခြင်း ခံရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယစ်မျိုး လိုင်စင်ရယူထားခြင်းမရှိဘဲ လိုင်စင်မဲ့ အရက်ရောင်းချခြင်း၊ တရားဝင် ယစ်မျိုးလိုင်စင် ရယူထားသော်လည်း ခွင့်ပြုထားသည့် လိုင်စင်အမျိုးအစားနှင့် မကိုက်ညီသော အရက်များ ရောင်းချခြင်းနှင့် သတ်မှတ် လိုင်စင်စည်းကမ်းများ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲ ယစ်မျိုးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း။
ယစ်မျိုးစိစစ်ကြပ်မတ်ရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများအရ ရခိုင်ပြည်နယ်၌ ၂၄၁ မှု ဖမ်းဆီးအရေးယူခဲ့ပြီး တစ်နိုင်ငံလုံး အနေဖြင့် ၁၁၁၆၅ မှု ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ယစ်မျိုးလိုင်စင်ခွင့်ပြုချထားပေးမှုအခြေအနေအရ ရခိုင်ပြည်နယ်တွင် D-1 လိုင်စင် ၃ ခု၊ FL-6 လိုင်စင် ၂၂ ခု၊ FL-8 လိုင်စင် ၃ ခု၊ FL-11 လိုင်စင် ၅ ခု အပါအဝင် ယစ်မျိုးလိုင်စင်ပေါင်း ၁၀၆၃ ခု ရှိပြီး ဂွမြို့နယ်တွင် D-1 လိုင်စင် ၁ ခု၊ FL-6 လိုင်စင် ၁ ခု၊ FL-8 လိုင်စင် ၂ ခု၊ FL-11 လိုင်စင် ၂ ခု အပါအဝင် ယစ်မျိုးလိုင်စင်ပေါင်း ၁၄၇ ခုရှိပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ယစ်မျိုးလိုင်စင်ချထားပေးမှုမှာ အရက်ချက်စက်ရုံ ပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့် D-1 လိုင်စင် ၇၄ ခု၊ မြန်မာပြည်တွင်းရှိ အရက်ချက်စက်ရုံများမှ ထုတ်လုပ်သော နိုင်ငံခြားအရက်ပြင်းများကို လက်ကားရောင်းချခွင့် FL-6 လိုင်စင် ၅၁၅ ခု၊ မြန်မာပြည်တွင်းရှိ ဘီယာစက်ရုံများမှ ထုတ်လုပ်သော ဘီယာများကို လက်ကားရောင်းချခွင့် FL-8 လိုင်စင် ၃၁ ခု၊ နိုင်ငံခြား အရက်များကို လက်ကားရောင်းချခွင့် FL-11 လိုင်စင် ၁၁၅ ခု အပါအဝင် ယစ်မျိုးလိုင်စင် အရေအတွက်ပေါင်း ၄၁၂၆၃ ခုကို ခွင့်ပြု ချထားပေးခဲ့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
