(က)-ရန်ကင်းမြို့နယ်အတွင်း မြေနေရာလွတ်အဖြစ် ကျန်ရှိသည့် မြေနေရာများအား အပန်းဖြေ နိုင်သည့်ကွင်းအဖြစ် သတ်မှတ်ပေးပါရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၉.၈.၂၀၁၃)

ဦးသာဝင်း (ရန်ကင်း) ရန်ကင်းမြို့နယ်အတွင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲခွင့် ရှိသော မြေနေရာ များတွင် မြို့ရွာဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အဆင့်မြင့်တိုက်တာ အဆောက်အဦများကို တိုးချဲ့ ဆောက်လုပ်ပေးလျက် ရှိရာ နေရာလပ်များကို တိုးချဲ့ဆောက် လုပ်ပေးလျက် ရှိသောကြောင့် မြို့နေ ပြည်သူများ အပန်းဖြေအနားယူနိုင်ရန်၊ လူငယ်များ ဆော့ကစားရန်နှင့် အကြောင်းပေါ်ပေါက်ပါက စုစည်းနိုင် သည့် မြေနေရာ ရှားပါး လာပါကြောင်း၊  ယခုအခါ မိမိတို့မြို့နယ်အတွင်း အမှတ်(၁) ၊ အမှတ်(၂)၊ အမှတ်(၄)နှင့် အမှတ်(၆)ရပ်ကွက်များတွင် အနည်းငယ် ကျန်ရှိနေသောမြေနေရာများကို အကြောင်းပေါ်ပေါက်ပါက ပြည်သူများ စုစည်းနိုင်ရန်နှင့် လူငယ်များ၊ သက်ကြီး ရွယ်အိုများ အပန်းဖြေနိုင်သော ကွင်းအဖြစ် သတ်မှတ်ထားရှိပေးပါရန်နှင့် မည်သည့်အချိန်တွင် သတ်မှတ် ထားရှိပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ
အဖြေ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် အမှတ်(၁)၊ အမှတ်(၄)နှင့် အမှတ်(၆) ရပ်ကွက်များသည် မြေတိုင်း ရပ်ကွက် အမှတ် (၈၆/ကံဘဲ့)၊ (၈၇/ကံဘဲ့) အတွင်း ပါဝင်၍ ရန်ကင်းအိမ်ရာနှင့် ဆက်စပ်လျက်ရှိသော မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် မြေနေရာဖြစ်ကြောင်း စိစစ်ဖြေကြားလာခြင်းအပေါ် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊  ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် ရန်ကင်း အိမ်ရာစခန်း ဧရိယာအတွင်းရှိ မြေလွတ်၊ မြေလပ်များတွင် ပန်းခြံ၊ ကစားကွင်းမြေ အဖြစ် သတ်မှတ်ပေးနိုင်မည့် မြေနေရာများကို ခွင့်ပြုသတ်မှတ်ပေး မည်ဖြစ်ကြောင်းနှင့် ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း အစိုးရမြေများပေါ်ရှိ စနစ်တကျမရှိသည့် နေအိမ်အဆောက်အဦများအား မြို့ပြအင်္ဂါရပ်နဲ့အညီ အဆင်မြှင့်တင်ဆောင်ရွက်ပါက ပြည်သူတို့ အတွက်လိုအပ်သည့် ကစားကွင်းများ၊ ပန်းခြံများအား ထည်‌့သွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ကြီး ရွယ်အိုများ နေ့လည်နေ့ခင်းပိုင်း အနားယူရန် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၆၄)၊ ကမ္ဘာအေးဘုရားလမ်းတွင် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတစ်ခုဖွင့်လှစ်၍ သက်ကြီးရွယ်အိုများ အတွက် လူမှုရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အပန်းဖြေအနားယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကင်းမြို့နယ်အတွင်း မြို့နယ်နေ သက်ကြီးရွယ်အိုများအပန်းဖြေရန်၊ ကလေးများဆော့ကစားရန် ကျန်ရှိသည့်မြေနေရာလွတ်များအား အပန်းဖြေနိုင်သည့် ကွင်းအဖြစ်  သတ်မှတ်ပေးနိုင်ပါရန် ကိစ္စနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် လုပ်ပိုင်ခွင့်မရှိပါကြောင်း ဖြေကြားပါသည်။