စစ်ကိုင်းဒေသကြီး မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်အမှတ် (၆၈၃) ဂဒုတ်ကုန်း ကွင်း မြေဧက ၃၀ တွင် နေအိမ်များ အရောင်းဆိုင်များနှင့် လုပ်ငန်းများလုပ် ကိုင်နေကြသူများသည် ဂရန်များလက်ဝယ်ရှိထားသော မူလမြေပိုင် ရှင်များ ဖြစ်ပါ သည်။ ၂၀၀၇ ခုနှစ်တွင် အမှတ်(၆၈၃) ဂဒုတ်ကုန်းကွင်းမှ ပိုင်ရှင် ၄၅ ဦးပိုင်ဆိုင်သော ဂရန်ရှိမြေစုစုပေါင်း ၁၂.၅ ဧကကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော် ပ/၃၃၄၄ မှ ခရိုင်အားကစားကွင်းဆောက်လုပ်ရန် သိမ်းယူခဲ့ ပါသည်။ ထိုသို့သိမ်းဆည်းရာတွင် မြေပိုင်ရှင် အားလုံးကို အကြောင်းကြားခြင်း မရှိဘဲ အချို့ကိုသာ ဂရန်များအပ်နှံရန် အကြောင်း ကြားခဲ့ပြီး လျော်ကြေးငွေ ပေးခြင်း၊ မြေအစားပေးခြင်းများကိုလည်း ယနေ့အချိန် ထိ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်းလည်း ကြားသိရပါသည်။ အဆိုပါမြေများမှာ ၃၁-၈-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၀၄၇)အရ မြို့နယ် နိမိတ် အတွင်းကျရောက်သော မြေကွက်များဖြစ်ကြောင်းကိုလည်းကောင်း၊ ၂၄-၄-၁၉၉၁ အမှတ်စဉ် ၄/တဝတ/၉၁ ဆုံးဖြတ်ချက် အပိုဒ် ၉၆ အရ လူနေအိမ်ဝင်းမြေအဖြစ် သတ်မှတ်၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၁-၇-၁၉၉၈ နေ့စွဲပါ စာအမှတ် ၁၀၀/၂၂-၅၆/ဦး-၁အရ မြို့နယ်နိမိတ်အတွင်း ကျရောက်သော ဂရန်ရှိ မြေကွက် များ ဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စာအမှတ် ၅/၄၃-၂၂၂(၂၀၅)/ဦး-၆ ဖြင့် ရွှေနဂါးမင်း ထရေးဒင်း ကုမ္ပဏီလီမိတက်ကို တ.ယ.က အတွင်းရေးမှူး ဦးမြအောင် လက်မှတ်ဖြင့် ၂၀၀၇ ခုနှစ်က သိမ်းဆည်းခဲ့သော ခရိုင်အားကစားကွင်း အပါအဝင် နောက်ထပ် ဂရန်မြေကွက်များနှင့် လူနေအိမ်များ ပါဝင်သော စုစုပေါင်း မြေဧက ၃၀ ကို အဆင့်မြင့် ဟိုတယ်များ ဆောက်လုပ်ရန်အတွက် ရွှေနဂါးမင်း ကုမ္ပဏီ ဥက္ကဋ္ဌလက်မှတ်ဖြင့် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံ လိပ်မူ၍ တောင်းဆိုခဲ့သည့်အတွက် မြေနေရာကို ချထားပေးခဲ့သည်ကို တွေ့ရပါသည်။ ယင်းခွင့်ပြုချက်ကို (၁) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေတွင် စာအမှတ် ၅/၄၃- ၂၁၈(၅၆၁)/ဦး-၆ ဧရိယာ ၄.၁၈ ဧက၊ (၂) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် စာအမှတ် ၅/၄၃- ၂၁၈(၅၆၃)/ဦး-၆ ဧရိယာ ၄.၃၄ ဧက၊ (၃) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် စာအမှတ် ၅/၄၃- ၂၁၈(၅၆၅)/ဦး-၆ ဧရိယာ ၄.၉၂ ဧက၊ (၄) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေတွင် စာအမှတ် ၅/၄၃- ၂၁၈(၆၉၅)/ဦး-၆ ဧရိယာ ၄.၅၀၇ ဧက၊ (၅) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် စာအမှတ် ၅/၄၃- ၂၁၈(၆၉၇)/ဦး-၆ ဖြင့် ဧရိယာ ၄.၃၅၄ ဧက၊ စုစုပေါင်း မြေပေးမိန့် ၅ စောင်နှင့် မြေယာများကိုချထားပေးခဲ့ပါသည်။ ယင်းမြေနေရာပေါ်တွင် ဂရန်ကျပြီးမြေကွက် စုစုပေါင်း ၅၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇၀ ကျော်၊ တိုက်တာအဆောက်အဦများ၊ လူနေအိမ်များနှင့် လုပ်ငန်းများထူထောင်ကာ အတည်တကျ နေထိုင်လာကြသော နေရာဖြစ်ပါသည်။
စစ်ကိုင်း တိုင်းဒေသကြီးအစိုးရမှ ရွှေနဂါးမင်းကုမ္ပဏီအား မြေဧက ၃၀ ကို စည်းကမ်းချက် ၃ ချက်ဖြင့် ချထားပေးခဲ့ရာ (က) မြို့ပြအင်္ဂါရပ် နယ်မြေအနေအထားနှင့် ကိုက်ညီသော အဆင့်အတန်းမီအဆောက် အအုံ ဆောက်လုပ်ရန် (ခ) ၃ လအတွင်း ဝင်းခြံခတ်ပြီး ၆ လအတွင်းမှာ အဆောက်အဦ ဆောက်လုပ် ပြောင်းရွှေ့ ရန် (ဂ) အထက်ပါ စည်းကမ်းချက်များအား လိုက်နာမည်ဖြစ်ကြောင်းနှင့် ပျက်ကွက်ပါက မြေကွက် ပြန်လည် သိမ်းယူခံရမည်ဖြစ်ကြောင်း သဘောတူညီမှုရှိပြီးဖြစ်သည်ဟု မှတ်ယူရန်တို့ဖြစ်ပါသည်။ သို့ရာတွင် ရွှေနဂါးမင်းကုမ္ပဏီ အနေဖြင့် မြေပေးမိန့်ရသည့် အချိန်မှစ၍ ယနေ့အချိန်ထိ မူလပိုင်ရှင်များကို ခေါ်ယူတွေ့ဆုံ ညှိနှိုင်းခြင်း၊ ကာလတန်ဖိုးပေးလျော်ခြင်း၊ မြေအစားထိုးပေးလျော်ခြင်းများ မပြုလုပ်သည့်အပြင် ယနေ့အချိန်ထိ မည်သည့် ဟိုတယ်၊ အဆောက်အဦမျှ ဆောက်လုပ်ထားသည်ကိုလည်း မတွေ့ရသေးပါကြောင်း၊ မူလပိုင်ရှင် များအနေဖြင့် တရားဥပဒေမဲ့ ပြုကျင့်ခံရပြီး နှစ်ပေါင်းများစွာ ကိုယ်ပိုင်မြေများအသိမ်းခံရခြင်း၊ တရား မျှတမှုမရှိသော အမှုများ စွဲဆိုခံရခြင်းများဖြင့် ကြုံတွေ့နေရပါကြောင်း၊ မိမိတို့ မြေနေရာများတွင် ဝင်ရောက်နေထိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် မရှိကြဘဲ လက်ရှိနေထိုင်သူ၊ ဖယ်ရှားခံရခြင်း မရှိသေးသော လက်ရှိနေထိုင်နေသူများ အနေဖြင့်လည်း စိုးရိမ် ကြောင့်ကြနေကြ ပါကြောင်း၊ နိုင်ငံတော် သည် နိုင်ငံသားများ၏ တရားဝင်ရထားသော ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည် ဟု ဖော်ပြပါရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆၊ ၃၅၇ အရ ဒေသခံများမှာလည်း ကုစားပိုင်ခွင့်လည်းမရခဲ့ပါကြောင်း၊ ကုမ္ပဏီ အနေဖြင့် ယနေ့အချိန်ထိ စည်းကမ်းချက်များကိုလည်း ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် နစ်နာဆုံးရှုံးနေရသော ဒေသခံပြည်သူများအား ကာကွယ် စောင့်ရှောက်ပေးပါရန်နှင့် နစ်နာမှုများကို ကုစားပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများထံသို့ မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဇေယျာရွှေမြေဘောလုံးအသင်း ဖွဲ့စည်းတည်ထောင်သည့် ရွှေနဂါးမင်းဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်မှ မုံရွာမြို့ မြို့မအားကစားကွင်းအား အဆင့်မြင့်အားကစားကွင်းအဖြစ် ကြိုတင်ြ ပင် ဆင် ဆောင်ရွက်လျက်ရှိပြီး နောင်ကျင်းပမည့်ပြိုင်ပွဲများ၊ အားကစားပွဲများ၊ ပရိသတ်များ တည်းခိုနိုင်ရန် အဆင့်မြင့်ဟိုတယ်တည်ဆောက်လိုပါသဖြင့် သင့်တင့်သောမြေဧရိယာ ၃၀ ဧက ခွင့်ပြုပေးပါရန် လျှောက်ထားလာခြင်းအပေါ် စစ်ကိုင်းတိုင်းဒေသကြီး၊ အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစည်း အဝေးဆုံးဖြတ်ချက်များဖြင့် မုံရွာတောင်ရပ်ကွက်ကွင်းအမှတ်(၆၈၃) ဂဒုတ်ကုန်း ကွင်းတွင် အောက်ပါအတိုင်းခွင့်ပြုခဲ့ပါသည်။
(က) ၁၈-၈-၂၀၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တိုင်းအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၀) ဆုံးဖြတ်ချက် (၁၈) အရ ဦးပိုင်အမှတ်(၁/၄၈) ၄.၁၈ ဧက၊ ဦးပိုင်အမှတ် (၂/၄၇) ၄.၃၄ ဧက၊ ဦးပိုင်အမှတ်(၃) ၄.၉၂ ဧက။
(ခ) ၂၆-၈-၂၀၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၁၀/၂၀၁၀) ဆုံးဖြတ်ချက် (၂၀) အရ ဦးပိုင်အမှတ်(၂၈-ခ)၊ (၂၉-ဃ)၊ (၂၉-င)၊ (၂၉) ၄.၅၀၇ ဧက၊ ဦးပိုင်အမှတ် (၂၆-က)၊ (၂၆/၈၇)၊ (၂၇)၊ (၂၇/၈၈)၊ (၂၉-က)၊ (၂၉-ခ)၊ (၂၈-တ)၊ (၂၉-ဃ)၊ (၂၉-င)၊ (၂၈-ခ)အရ ၄.၃၅၄ ဧက၊ တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီမှ ခွင့်ပြုချထားပေးခဲ့သော မြေဧက ၂၂.၃၀၁ ဧကသည် ဖုန်းဆိုးမြေများဖြစ်နေသဖြင့် ရေစီးရေလာကောင်းမွန်လာရေးအတွက် မြေညှိခြင်း၊ ရေမြောင်း များတူးဖော်ခြင်း၊ အမာခံလမ်းများ ဖောက်လုပ်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်ရာတွင် အသင့်ဖြစ်စေရေးအတွက် အမာခံလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြေဧက ၃၀ ပြည့်မီရန် ကျန်ရှိ သည့် မြေဧက ၇.၆၉၉ ဧကပေါ်တွင် လက်ရှိအခြေအနေမှာ ဂိုထောင်များ အခိုင်အမာဆောက်လုပ် ထားသည့် လူနေအိမ်များတည်ရှိနေကြောင်းစိစစ်တွေ့ရှိရပါသည်။
ကုမ္ပဏီအနေဖြင့် မြေဧရိယာ ဧက ၃၀ သတ်မှတ်ခွင့်ပြုချက်ရရှိထားသော်လည်း ၂၂.၃၀၁ ဧကသာ လက်ဝယ်ရရှိထားပြီး လက်ရှိကုမ္ပဏီလုပ်ငန်းများအား ဆောင်ရွက်ထားရှိပြီး ခရိုင်အားကစားကွင်း အစားထိုး မြေနေရာ ပေးအပ်နိုင်ရေး အားကစားဝန်ကြီးဌာနနှင့် ဒေသခံပြည်သူများတို့ပူးပေါင်း၍ ရှာဖွေဆောင်ရွက်လျက် ရှိကြောင်း။ ထိုသို့ရှာဖွေသော်လည်း အားကစားကွင်းစံချိန်စံညွှန်း အတိုင်းအတာ မပြည့်မီခြင်း၊ အားကစားကွင်း အင်္ဂါရပ်နှင့် သတ်မှတ်ပြည့်မီသော်လည်း လယ်ယာမြေများ ဖြစ်နေခြင်း တို့ကြောင့် မြေနေရာရရှိ ရေး ဆောင်ရွက်နေမှု မရပါသဖြင့် အချိန်ကာလကြန့်ကြာလျက်ရှိနေကြောင်း။ လက်ဝယ်ရရှိထားသည့် မြေနေရာတွင် ခေတ်မီအဆင့်မြင့် ဟိုတယ်တစ်လုံးအား သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ခွင့်ပြုချက် တောင်းခံပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ဟိုတယ်နှင့် မြို့သာယာလှပစေမည့် တည်ဆောက်ရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆောက်အဦ ဗိသုကာပုံစံများကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲ၍ အဆောက်အဦ ဗိသုကာ ပုံစံ Master Plan များ ဆောက်လုပ်ပြီးစီးမည့် အချိန်ကာလများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေနဂါးမင်းကုမ္ပဏီမှ တင်ပြလာပါသည်။ ကုမ္ပဏီနှင့် မြေအသိမ်းခံ တောင်သူ များ ညှိနှိုင်းဆွေးနွေးရာတွင် ၁၃.၄၄ ဧကပေါ်တွင် ပါဝင်သော ပုဂ္ဂိုလ် ၆ ဦးထံမှ မြေကွက် ၁၆ ကွက်ကို တည်ဆောက်ရေးလုပ်ငန်းဖော်ဆောင်ရာတွင် တစ်ဆက်တည်းဖြစ်စေရေးအတွက် ကာလ ပေါက်ဈေးကျပ် သိန်းပေါင်း ၂၉၆၀ ဖြင့် ပြန်လည်ဝယ်ယူခဲ့ကြောင်း ကျူးကျော်တဲများရှိသည့် ပုဂ္ဂိုလ် ၉ ဦးနှင့် အဆောက်အဦကိုလည်း နစ်နာကြေးသိန်းပေါင်း ၆၄၀ ပေး၍ ပြောင်းရွှေ့စေခဲ့ကြောင်း။ သို့သော်လည်း ၎င်းအပိုင်းတွင် ပါဝင်သည့်ပုဂ္ဂိုလ် ၃ ဦးသည် ကုမ္ပဏီမှ ပံ့ပိုးပေးမှုအပေါ် လက်မခံ သဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရကြောင်း။ ကုမ္ပဏီမှ တရားရုံးတွင် အနိုင်ရရှိသော်လည်း ထောက်ပံ့ ငွေကျပ် သိန်း တစ်ထောင်ပံ့ပိုးပေးခဲ့ကြောင်း စုစုပေါင်း ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည့်ငွေမှာ ကျပ်သိန်းပေါင်း ၇၈၅၇.၁၄ သိန်းဖြစ်ကြောင်း ကုမ္ပဏီမှ တင်ပြထားပါသည်။ ကုမ္ပဏီမှ လုပ်ပိုင်ခွင့် ရရှိသောမြေနေရာများပေါ်တွင် စီမံကိန်းလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လိုသော်လည်း ဖော်ပြပါအခက်အခဲများကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်နေရကြောင်း စစ်ဆေးသိရှိရသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကုမ္ပဏီမှ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကုမ္ပဏီသို့ ညွှန်ကြားဆောင်ရွက်စေမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၄ အရ တစ်ဆက်တစ်စပ်တည်းမေးခွန်း မေးမြန်းရာ မြေယာများကို အသိမ်းခံထားရထားသော မူလပိုင်ရှင်များထံသို့ လျော်ကြေးပေးခြင်း၊ မြေအစားပေးခြင်းများကို မတွေ့ရှိရပါကြောင်း၊ ဆုံးရှုံးထားသည့် ဒီပုဂ္ဂိုလ် ၇၀ ကျော်ကို မည်သို့ ကူညီဆောင်ရွက်ပေးမည်နည်း ဆိုသည်ကိုလည်း သိရှိလို့ပါကြောင်းမေးမြန်းရာ သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း မှ မိမိအနေဖြင့် ကိုယ်စား လာဖြေဆိုရခြင်း ဖြစ်သည့်အတွက် အတိအကျဖြေကြားရန် အခက်အခဲရှိပါကြောင်း၊ တရားဝင်စာဖြင့် မေးမြန်းပါက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်လည်ထပ်ဆင့်မေးမြန်းပြီး ဖြေကြားပေးမည်ဖြစ် ပါကြောင်း ပြောကြားပါသည်။
