ဆားလင်းကြီးမြို့နယ်ရှိ အနောက်မှ အရှေ့သို့ ၂၅ မိုင် ဝေး ကွာသော တောင် ယမားချောင်း၏ အရှိန်ပြင်းထန်သော ရေတိုက်စား မှုကြောင့် ချင်းတွင်းမြစ် အနီးတွင် ကမ်းပြိုသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၀မှ ၂၀၁၃ ခုနှစ်အထိ အလျားပေ ၃၀၀၊ အနံပေ ၅၀ နှင့် တချို့နေရာများတွင် ပေ ၁၀၀ ကွာထိ ကမ်းပါးရေတိုက်စားသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအမံဖြင့် သက်ဆိုင်ရာပို့ဆောင်ရေးဝန်ကြီးဌာန ပညာရှင်များထံမှ နည်းပညာအကူအညီများရယူကာ ကမ်းပါးပြိုကျမှု နည်းပါးစေရန် ကျေးရွာ လူထု အစီအမံနှင့် မြေထိန်းနံရံတည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သော်လည်း အထိုက်အလျောက်သာ ပြိုကျပျက်စီးမှု သက်သာသွားခြင်းဖြစ်ပါကြောင်း၊ သံလျက်ကင်း ကျေးရွာအနီးရှိ ပြိုကျသည့် ကမ်းပါးသည် ရွာဦးရှေးဟောင်းစေတီ၊ အခြေခံပညာ မူလတန်းကျောင်းတို့နှင့် ပေ ၅၀ အကွာသို့ ရောက်ရှိနေခြင်းကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာရှင်များ အကူအညီဖြင့် အဆိုပါလုပ်ငန်းတွင် ကုန်ကျမည့်ငွေကြေးကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ ပေးနိုင်ရေးအတွက် သိလိုပါကြောင်းမေးမြန်းပါသည်။
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကိုင်းကျေးရွာအနီး ကမ်းပြိုမှု အခြေ အနေနှင့် တောင်ယမားချောင်းရေ လမ်းအခြေအနေတို့ကို ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာ စိစစ်ပြီးဖြစ်ပါကြောင်း၊ ကမ်းပြိုအလျား သည် ၆၅၀ ပေဖြစ်၍ ကမ်းပါးပြေပြစ်သော အလျား ၃၈၀ ပေတွင် မျှောတိုင် တန်းပရစ်ကွင်းတည်ဆောက်ခြင်း နှင့်ကမ်းပါး မတ်စောက်သော အလျား ၂၇၀ ပေ တွင် အခြေပြုကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးရန် လိုအပ်ပြီး ဆောင်ရွက်မည့် အစီအမံများကိုလည်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရုံးချုပ်သို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ အဆိုပါကမ်းပြို ကာကွယ်ရေးလုပ်ငန်း(၂) ခုအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၃၁၅ သိန်း ကုန်ကျမည်ဖြစ်ပါသဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေစာရင်း၊ မီးဘေးနှင့် သဘာဝအန္တရာယ် ကြိုတင် ကာကွယ်ရေးခွင့်ပြု ရန်ပုံငွေ ရရှိရေး တင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
