မိမိအနေဖြင့် ရေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော မေးခွန်း ၄ ခုကိုမေးမြန်းလိုပါကြောင်း၊
မေးခွန်း ၁ အနေဖြင့် ရန်ကုန်ဆိပ်ကမ်း သောင်တူးခြင်းလုပ်ငန်းအား ယခုအထိ အတွင်းစည်းခုံ (inner bar) ရေအနက် ၁၃ ပေအောက် ကျဆင်းမှု မရှိစေရန် ထိန်းသိမ်းနိုင်ရေးအတွက် Maintenance Dredging ဖြင့် ကြိုးစားဆောင်ရွက် လျက်ရှိရာ လက်ရှိအချိန်၌ ရေအနက် ၁၀.၅ ပေ ခန့်သာရှိပါသဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းပြီး ပြင်ပကျွမ်းကျင်ပညာရှင်များနှင့် တူးဖော်ခြင်း၊ တိုင်းတာဆောင် ရွက်ခြင်းဖြင့် ပိုမို တိုးတက်မှု ရှိနိုင်/ မရှိနိုင် သိရှိလိုပါကြောင်း။
မေးခွန်း ၂ ရန်ကုန်ဆိပ်ကမ်းအတွင်း ဝင်/ထွက်နေသည့် နိုင်ငံတကာ ကုန်သွယ် သင်္ဘောကြီးများ Port State Control စစ်ဆေးခဲ့မှု၊ အရေးယူမှု၊ နိုင်ငံတော် ဘဏ္ဍာသို့ ဒဏ်ကြေးပေးသွင်းနိုင်မှု အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ IMO ၏ ဥပဒေများနှင့် အညီ ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်မှုတို့ကို သိရှိလိုပါကြောင်း။
မေးခွန်း ၃ ရန်ကုန်မြစ်အတွင်း သင်္ဘောများ တိုက်ခိုက်ခြင်း၊ နစ်မြုပ်ခြင်းစသည့် ဘေးအန္တရာယ်ကြုံတွေ့ရပါက အချိန်တိုအတွင်း ရေကြောင်း အန္တရာယ်ကင်းရှင်း စေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအမံနှင့် ဌာနပိုင် အထောက်အကူပြု ရေယာဉ်များ အရန်သင့် ရှိ/မရှိ၊ စွမ်းအားပြည့် အသုံးပြုနိုင်/မပြုနိုင် သိရှိလိုပါကြောင်း။
မေးခွန်း ၄ လက်ရှိအချိန်တွင် ရန်ကုန်မြစ်ကြောင်းအတွင်း နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများနှင့် ပြည်တွင်း ကမ်းရိုးတန်းသွား ရေယာဉ် ကြီး/ငယ်များ၊ ငါးဖမ်းလှေများ၊ တွဲ/ဆွဲရေယာဉ်များ၊ အခြားစက်တပ် ယာဉ်ငယ်များ နစ္စဓူဝ များစွာမောင်းနှင် သွားလာနေကြသည့်အတွက် သက်ဆိုင်ရာ ရေယာဉ်များအား ကိုင်တွယ်မောင်းနှင် တာဝန်ယူရသည့် ရေကြောင်းပြများ၊ ရေယာဉ်မှူးများနှင့် ပဲ့နင်းများ၏ ကျွမ်းကျင်မှုလက်မှတ်များအား မည်သို့ စိစစ်ကန့်သတ် ထုတ်ပေးလျက်ရှိသည်နှင့် ရေကြောင်းအန္တရာယ် ကင်းရှင်းရေးအတွက် လက်မှတ် ကိုင်ဆောင်သူ များအား မည်သို့ ထိန်းသိမ်းကြပ်မတ်လျက် ရှိသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်း ၁ အနေဖြင့် ရန်ကုန်ဆိပ်ကမ်းအတွင်း စည်းခုံသောင်တူးလုပ်ငန်းအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူနိုင်သော ဒီဇယ်ဆီပမာဏပေါ်မူတည်ပြီး လုံလောက်သော ရေ အနက် ရရှိရေး အတွက် သောင်တူးဖော်ခြင်းလုပ်ငန်းများကို ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း လိုက်ပါ ကြီးကြပ်စေ၍ တစ်နှစ်ပတ်လုံး ထိန်းသိမ်းတူးဖော်လျက်ရှိပါသည်။ ထိုသို့ထိန်းသိမ်း ဆောင်ရွက်နေသည့်အတွက် နေ့စဉ် အတွင်းစည်းခုံ အား ဖြတ် သန်းဝင်ရောက်လာသည့်နိုင်ငံခြားသင်္ဘောကြီးများ အနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဝင်/ထွက်နေနိုင်ခြင်း ဖြစ်ပါကြောင်း။ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ သောင်တူးရေယာဉ် ၄ စီးဖြင့် သောင်တူးဖော်ရာတွင် ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ် အတွင်း ရေအနက် ၁၄ ပေရရှိရန် တစ်လလျှင် ဒီဇယ်ဆီဂါလန် ၇၀၀၀၀ အထိ ရရှိ သုံးစွဲ တူးဖော်ခဲ့ပြီး၊ ယခုအခါ ဒီဇယ်ဆီဈေးနှုန်းမြင့်တက် လာမှုကြောင့် ရရှိသည့် ဘတ်ဂျက်ငွေအတွင်း တစ်လလျှင် ဒီဇယ်ဆီ ဂါလန် ၂၀၀၀၀ ခန့်သာ ဝယ်ယူနိုင်ပြီး ထိန်းသိမ်းတူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ မိုးတွင်းကာလ မိုးများစွာ ရွာသွန်းသည့် အချိန်ဖြစ်သဖြင့် ရေပုံပေါ်တွင် ဖော်ပြထားသော ရေအနက်များမှာ အခြေခံရေစစ်မျဉ်း (သုညအမှတ်)ကို အခြေပြု၍ ဖော်ပြထားသော်လည်း လက်တွေ့မြေပြင်တွင်ရေ ကျန်အမြဲ ရှိနေပြီး နွေရာသီတွင် ၁ ပေမှ ၁ ပေခွဲခန့်၊ မိုးရာသီတွင် ၁ ပေခွဲမှ ၂ ပေခန့်အထိရှိ သဖြင့် ဖော်ပြ ထားသော ရေအနက်များထက် ပိုမိုရရှိနေမှုကြောင့် နိုင်ငံခြားသင်္ဘောကြီးများ အခက်အခဲမရှိ ဝင်/ထွက် လျက်ရှိပါ သည်။ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် အတွင်းစည်းခုံ အား နေ့စဉ် အများဆုံး ဖြတ်သန်းနိုင်မည့် ရေစူးဇယားအား လစဉ်ကြိုတင် တွက်ချက်ပြီး နိုင်ငံခြား သင်္ဘောလှိုင်း များသို့ ဖြန့်ဝေထားပါသဖြင့် ၎င်းရေစူးပေါ်မူတည်၍ ကုန်များတင်ဆောင်ခြင်းကို ကြိုတင် တွက်ချက်နိုင်ပြီး သင်္ဘောကြီးများဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်ပုံမှန်ဝင်/ထွက်သွားလာနိုင်ပါကြောင်း၊ရန်ကုန်မြစ်ကြောင်း သောင်တူး လုပ်ငန်းအား ပုဂ္ဂလိက (ပြည်တွင်/ပြည်ပ)များမှ ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ပါရန် ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် တင်ဒါခေါ်ယူ ခဲ့သော်လည်း ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ခြင်းနှင့် ပြန်လည်ရရှိမည့် ဝင်ငွေအရ စီးပွားရေးတွက်ခြေကိုက်မှု မရှိခြင်းများကြောင့် မည်သည့်ပုဂ္ဂလိက ပြည်တွင်း/ပြည်ပမှ တင်ဒါလျှောက်ထားခဲ့ခြင်း မရှိဘဲ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှသာ မိမိဌာနငွေဖြင့်စိုက်ထုတ်ပြီး အတတ်နိုင်ဆုံး ထိန်းသိမ်းတူး ဖော်ဆောင်ရွက်နေရသည့် လုပ်ငန်းဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဒုတိယမေးခွန်းဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်နေသည့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီး များအား ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပင်လယ်ပြင်အတွင်း အန္တရာယ် ကင်းစွာ သွားလာနိုင်သည့် လက်မှတ် Sea Worthiness ရရှိမှသာ ထွက်ခွာခွင့်ပြုပြီး အချို့သော သင်္ဘောကြီးများအား ချို့ယွင်းမှု စစ်ဆေးတွေ့ရှိပါက Port State Control စစ်ဆေးဆောင်ရွက်ပြီး ဒဏ်ရိုက်ခြင်းစသည့် အရေးယူမှုများကို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်တွေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ စည်းကမ်းသတ်မှတ်ချက် မပြည့်စုံသည့် သင်္ဘောများ၊ ရေကြောင်းအန္တရာယ်ရှိလာနိုင်သည့် သင်္ဘောကြီးများ ဝင်/ထွက်နေကြောင်း ကြားသိနေရသဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ သွားကုန်သွယ် သင်္ဘောကြီးများအား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် IMO ၏ သတ်မှတ်ချက်များနှင့်အညီ ဆိပ်ကမ်းနိုင်ငံ၏ ကြီးကြပ်ခြင်း Port State Control ကိုဆောင်ရွက်ပေးလျက်ရှိရာ ဆိပ်ကမ်းသို့ဝင်ရောက်လာသည့် သင်္ဘောများ၏ အထောက် အထားလက်မှတ်များနှင့် အဆိုပါသင်္ဘောတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေယာဉ်ဝန်ထမ်းများ၏ ကျွမ်းကျင် သူ လက်မှတ်များကို စစ်ဆေး စိစစ်ခြင်းနှင့် သင်္ဘောပေါ်သို့ တက်ရောက်၍ မျက်မြင်စစ်ဆေးမှု များကို ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။
၂၀၁၂ ခုနှစ်အတွင်း နိုင်ငံပေါင်း ၄၀ ၏ အလံလွှင့်ထူထားသော အပြည်ပြည်ဆိုင်ရာသွားကုန်သွယ် သင်္ဘောကြီး ၁၃၈၀ စီးအားလည်းကောင်း၊ ၂၀၁၃ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၃၅ ၏ အလံလွှင့် ထူထားသည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီး ၉၈၉ စီးအားလည်းကောင်း၊ ဆိပ်ကမ်း နိုင်ငံ၏ ကြီးကြပ်ခြင်း Port State Control ဆောင်ရွက်ခြင်းအဖြစ် သက်ဆိုင်ရာသင်္ဘောအသီးသီး၏ အထောက်အထားလက်မှတ်များနှင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေယာဉ်ဝန်ထမ်းများ၏ ကျွမ်းကျင်မှုလက်မှတ်များစစ်ဆေးခြင်းကို ဆောင်ရွက်၍ Clearance for Outward လက်မှတ်များ ထုတ်ပေးခဲ့ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာသင်္ဘော အသီးသီးမှ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးမှုခံယူသည့် သင်္ဘောဆိုင်ရာ အထောက်အထား လက်မှတ်များနှင့် ရေယာဉ်ဝန်ထမ်းများ၏ ကျွမ်းကျင်မှု လက်မှတ်များသည် မှန်ကန်ပြည့်စုံမှု အတွက် မျက်မြင်စစ်ဆေးရန် လိုအပ်လျင်သော်လည်းကောင်း၊ အဆိုပါသင်္ဘောနှင့်ပတ်သက်၍ ဆိပ်ကမ်းနိုင်ငံ၏ ကြီးကြပ်ခြင်း၊ Port State Control ဆိုင်ရာ အရေး ယူဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်ကြားစာ ရရှိလာပါကလည်းကောင်း၊ သက်ဆိုင်ရာသင်္ဘောများပေါ်သို့ တက်ရောက်၍ မျက်မြင်စစ်ဆေးခြင်းကို ၂၀၁၂ ခုနှစ်တွင် ၂ ကြိမ်နှင့် ၂၀၁၃ ခုနှစ်တွင် ၁ ကြိမ်ဆောင်ရွက်ခဲ့ရာ ဒဏ်ကြေးပေးဆောင်စေရမည့် အရေးယူမှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ ပို့ဆောင်ရေးဝန်ကြီး ဌာန ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် IMO ၏ STCW convention နှင့် အညီ ရေကြောင်း ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားမှုများကို ကြီးကြပ်ဆောင်ရွက်၍ အပြည်ပြည်ဆိုင်ရာသွား သင်္ဘောများတွင် တာဝန်ထမ်းဆောင်မည့် ရေယာဉ်ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ တတ်ကျွမ်းမှု လက်မှတ်များကို ထုတ်ပေးလျက် ရှိသည့်အပြင် မြန်မာနိုင်ငံကုန်သည် သင်္ဘောအက်ဥပဒေနှင့် ပြည်တွင်း ရေကြောင်းသွား မီးသင်္ဘော အက်ဥပဒေတို့ အရ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းတို့တွင် သွားလာလျက် ရှိသည့် ရေယာဉ်များတွင် တာဝန်ထမ်းဆောင်မည့် ရေယာဉ်ဝန်ထမ်းများအားလည်း၊ သက်ဆိုင်ရာ ကျွမ်းကျင်မှု လက်မှတ်များ ထုတ်ပေးလျက် ရှိပါကြောင်း၊ ရန်ကုန်မြစ်ကြောင်းအတွင်း၌ အပြည်ပြည်ဆိုင်ရာသွား သင်္ဘောများသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြ မယူမနေရဖြင့် မောင်းနှင်ရမည်ဖြစ်ပြီး ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား တန် ၂၀၀ နှင့်အထက် ရေယာဉ် များသည် ရေကြောင်းပြ မပါရှိဘဲ မောင်းနှင်နိုင် ရန် အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ရေကြောင်းပြ ကင်းလွတ်ခွင့် လက်မှတ်ရရှိ ထားရန်လည်း လိုအပ်ပါကြောင်း။
ရန်ကုန်ဆိပ်ကမ်းမှ နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများ ထွက်ခွာရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပင်လယ်ပြင်အတွင်း အန္တရာယ်ကင်းစွာ သွားလာနိုင်သည့် လက်မှတ် Clearance for Outward ရရှိမှသာ ထွက်ခွာခွင့်ပြုပြီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ရာတွင် လည်း နောက်ဆုံးထွက်လာသည့် ဆိပ်ကမ်း Last Port of Call မှ ပင်လယ်ပြင်အတွင်း အန္တရာယ်ကင်းစွာ သွားလာနိုင်သည့်လက်မှတ် Clearance for Outward ရရှိမှသာ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက် ရခြင်းဖြစ်ပါကြောင်း၊ အချို့သောသင်္ဘောကြီးများအား ရေကြောင်းသွားလာမှုဆိုင်ရာ ပစ္စည်းများချို့ယွင်းမှု ရှိလျှင်သော်လည်းကောင်း၊စက်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိလျှင်သော်လည်းကောင်း၊ မောင်းနှင်သောရေကြောင်း ပြမှူးကြီးများ၏ သတင်းပေးပို့ချက်အရ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ Port State Control စစ်ဆေးစေ၍ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။
တတိယမေးခွန်းဖြစ်သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြစ် အတွင်း နိုင်ငံခြားကားတင်သင်္ဘောနှင့် စွမ်းအင်ဝန်ကြီးဌာနပိုင် ဆီတင်ရေယာဉ်တို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရေယာဉ်ဝန်ထမ်းများအား တပ်မတော် (ရေ)နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေယာဉ်များဖြင့် အချိန်မီကယ်ဆယ်နိုင်ခဲ့သဖြင့် ဆုံးရှုံးမှု မရှိခဲ့ပါကြောင်း၊ ရေဝင်တိမ်းစောင်းပြီး နစ်မြုပ်ခါနီး MT. မြန်အောင် ဆီတင်ရေယာဉ်သည် ရေစီးနှင့်မျှောပါရာ သီလဝါ ရေလမ်းကြောင်းအတွင်း ကျောက်ချ ထားသော နိုင်ငံခြားသင်္ဘောကြီးများအား တိုက်ခိုက်မှု မရှိစေရေးအတွက်သင်္ဘောကြီးရေလမ်းကြောင်းကင်းလွှတ်ရာ သောင်ခုံသို့ ရောက်ရှိစေရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တွန်းရေယာဉ် ၂ စီးဖြင့် စောင့်ကြည့်ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သဖြင့် သင်္ဘောကြီးရေလမ်းကြောင်းနှင့် လွတ်ကင်းရာ သီလဝါသောင်ခုံတွင် ရောက်ရှိနစ်မြုပ်သွားခဲ့ပါကြောင်း၊ အဆိုပါသင်္ဘောကြီးအား စွမ်းအင်ဝန်ကြီးဌာနမှ အမြန်ဆုံးသယ်ယူနိုင်ရန် တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပြီး ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် ရေလမ်းကြောင်းပြင်ပတွင် အခြားရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အမြုပ်ပြမီးဗောယာ အမြန်ဆုံးချထားပြီး ရေကြောင်းသတိပေးချက် Notice to Mariner ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်မြစ်အတွင်း သင်္ဘောများတိုက်ခြင်း၊ နစ်မြုပ်ခြင်း စသည့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ပါက အချိန်တိုအတွင်း လိုအပ်သော ဆောင်ရွက်မှု များ ပြုလုပ်နိုင်ရေး အတွက် ဝန်ထမ်းများနှင့် တွန်းရေယာဉ်၊ ဆွဲရေယာဉ် အထောက်အကူပြုရေယာဉ်များအား ၂၄ နာရီပတ်လုံး တာဝန်ချထားဆောင်ရွက်လျက်ရှိပါသည်။ ရရှိသောဘတ်ဂျက်အနေအထားအရ တွန်းရေယာဉ်၊ ဆွဲရေယာဉ်နှင့် အထောက်အကူပြု ရေယာဉ်များဆောက်လုပ်ခြင်း၊ ဝယ်ယူခြင်းများဆောင်ရွက်သွားရန် စီမံထားရှိ ပါကြောင်း ဖြေကြား အပ်ပါသည်။
စတုတ္ထမေးခွန်းဖြစ်သည့် သက်ဆိုင်ရာ ရေယာဉ်များအား ကိုင်တွယ်မောင်းနှင်တာဝန်ယူရသည့် ရေကြောင်းပြ များ၊ ရေယာဉ်မှူးများနှင့် ပဲ့နင်းများ၏ ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေးခြင်းကို ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပေးပြီး ပုံမှန် လိုင်စင်သက်တမ်းအတိုင်း စစ်ဆေးကြပ်မတ် လျက်ရှိပါသည်။ ၎င်းအပြင် ရန်ကုန်မြစ်အတွင်း ဝင်/ထွက်သွားလာသည့် နိုင်ငံခြား သင်္ဘောကြီးများအား ကိုင်တွယ်မောင်းနှင်သည့် ရေယာဉ်ကြောင်းပြများ၏ ကျွမ်းကျင်မှုလက်မှတ်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးပြီး၊ နိုင်ငံတကာရေကြောင်း အရာရှိများ၊ အင်ဂျင်နီယာအရာရှိများ၊ ကမ်းရိုးတန်းရေယာဉ်မှူးများ၊ ပဲ့နင်းမှူးများ၏ လက်မှတ်များအား ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ချက်များနှင့်အညီစစ်ဆေးထုတ်ပေးလျက်ရှိပါသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြမှူးကြီးများအား တပ်မတော်(ရေ)မှ ရေယာဉ်ပေါ် လုပ်သက်အနည်းဆုံး ၇ နှစ်ရှိသော စစ်ရေယာဉ်မှူး တာဝန်ထမ်းဆောင်ပြီးသည့် လုပ်သက်ရင့်အရာရှိများအား တောင်းခံ၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် လေ့ကျင့်သင်ကြားပေးပြီး ရေကြောင်းပြမှူးကြီးများ အဖြစ် အောက်ပါအတိုင်း ခန့်အပ်တာဝန်ပေး ဆောင်ရွက်လျက်ရှိပါသည်။
(၁) သတ်မှတ်ချက်နှင့်ညီသော တပ်မတော်(ရေ)မှ အရာရှိများအား အလုပ်သင် ရေကြောင်းပြမှူးကြီး အဖြစ် စီးရေ ၁၀၀ လိုက်ပါလေ့ကျင့်စေပြီး အရည်အချင်းစစ်ဆေးရေးဘုတ်အဖွဲ့မှ စစ်ဆေးအောင် မြင်ပြီးပါက စတုတ္ထ တန်း ရေကြောင်းပြမှူးကြီးအဖြစ် ရေစူး ၁၉ ပေ၊ အလျား ၄၀၀ ပေနှင့် တန်ချိန် ၄၅၀၀ ရှိသင်္ဘောကြီးများအား ကိုင်တွယ်မောင်းနှင်ခွင့်ပေးခြင်း။
(၂) စတုတ္ထတန်းအဆင့်ဖြင့် စီးရေ ၁၀၀ မောင်းနှင်ပြီးပါက တတိယတန်း ရေကြောင်းပြမှူးကြီးအဖြစ် ရေစူး ၂၁ ပေ၊ အလျား ၄၅၀ ပေနှင့် တန်ချိန် အကန့်အသတ်မရှိ သင်္ဘောကြီးများအား ကိုင်တွယ်မောင်းနှင်ခွင့် ပေးခြင်း။
(၃) တတိယတန်း အဆင့်စီးရေ ၁၀၀ မောင်းနှင်ပြီးပါက ဒုတိယတန်း ရေကြောင်းပြမှူးကြီးအဖြစ် ရေစူး ၂၄ ပေ၊ အလျား ၅၀၀ ပေနှင့် တန်ချိန်အကန့်အသတ်မရှိ သင်္ဘောကြီးများအား ကိုင်တွယ်မောင်းနှင်ခွင့်ပေးခြင်း။
(၄) ဒုတိယတန်းအဆင့်စီးရေ ၁၀၀ မောင်းနှင်ပြီးပါက ပထမတန်း ရေကြောင်းပြမှူးကြီးအဖြစ် ရေစူး ၇၁ ပေ၊ အလျားနှင့် တန်ချိန် အကန့်အသတ်မရှိသော သင်္ဘောကြီးများအား ကိုင်တွယ်မောင်းနှင်ခွင့်ပေးခြင်း။
(၅) ပထမတန်းအဆင့်စီးရေ ၁၀၀ မောင်းနှင်ပြီးပါက ရေစူး၊ အလျားနှင့်တန်ချိန် အကန့်အသတ်မရှိ သင်္ဘောကြီးများအား မောင်းနှင်နိုင်သော တင်းပြည့်ရေကြောင်းပြမှူးကြီးအဖြစ် သတ်မှတ် တာဝန်ပေး ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားပါသည်။
အလုံမဲဆန္ဒနယ်က ဦးခိုင်မောင်ရည်မှ ထပ်ဆင့်မေးခွန်းမေးမြန်းရာ
ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဖြေကြားသွာခဲ့သည့်မေးခွန်းများအနက် ပထမဆုံးမေးခွန်းအား သောင်တူးခြင်း လုပ်ငန်းကို တစ်နှစ်ပတ်လုံး ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ ခွင့်ပြုနိုင်သော ဘတ်ဂျက်ဖြင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရာတွင် ယခင် ဒီဇယ်ဂါလံပေါင်း တစ်လ ကို ၇၀၀၀၀ နှုန်း ဝယ်နေရာမှ ယခု ၂၀၀၀၀ နှုန်းသာ ဝယ်နိုင်ကြောင်း၊ ထို့ပြင် ပြည်တွင်း၊ ပြည်ပတင်ဒါတွေ ခေါ်ယူရာတွင် မည်သည့်ကုမ္ပဏီကမှ ဆောင်ရွက်ရန်အတွက် တင်ဒါ မတင်ခဲ့သည့်အတွက် ဌာနမှ တာဝန်ယူနေရကြောင်း စသည့်ဖြေကြားချက်များ ကိုသိရှိရရာ မိမိအနေဖြင့် တင်ဒါခေါ်ယူခြင်းလုပ်ငန်းအား နိုင်ငံတကာကို ထိရောက်သော နည်းလမ်းဖြင့် လုပ်ဆောင်ရန်လိုအပ်သည်ဟု ထင်မြင်မိပါကြောင်း၊ အဓိကမေးမြန်းလိုသည်မှာ တစ်နှစ်ပတ်လုံး သောင်တူးခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ နှစ်စဉ်သောင်တူသည့်နေရာများအား ကွင်းဆင်လေ့လာခဲ့ရာ ယခု ဇွန် ၂၀၁၃ တွင် တူးဖေါ်ထားခြင်းမှာ နဂို ရေစူးအနက် ၅ မီတာ၊ ၄ မီတာမှ ယခု ၃.၂ မီတာခန့်သာရှိတော့သည့်အတွက် ပင်လယ်ကူး သင်္ဘောကြီးများ သွားရာလမ်းကြောင်းများမှာ အခက်အခဲများဖြစ်ပေါ်လာပြီး အန္တရာယ်ရှိလာသည့် အတွက် ရေစူးများကို ပိုမိုတူးဖေါ်ပေးရန်လိုအပ်ပါကြောင်း။
ကျွန်တော်တို့နိုင်ငံတွင် ရွှေတူးဖေါ်ခြင်းများကြောင့် နှစ်စဉ် နှုန်းပို့ချမှုနှုန်း မြင့်မားလာသည်ဖြစ်ရာ ဘတ်ဂျက်အရ ဒီဇယ်ကို ၇၀၀၀၀ ကနေ ၂၀၀၀၀ လျှော့ချလိုက်ခြင်းမှာ ယခင်လုပ်ငန်း၏ သုံးပုံတစ်ပုံကိုသာ လုပ်ဆောင်နိုင်တော့ မည်ဖြစ်ကြောင်း ထင်မြင်မိရာ ဤလုပ်ငန်းများအား ယခုထက်ပိုမို ကောင်းမွန်သော နည်းလမ်းကောင်း များဖြင့် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း။
ထို့ပြင် အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက ကြန့်ကြာခြင်းမရှိရအောင် ရေယာဉ်အရံများ ဌာနပိုင် အထောက်အကူပြု ရေယာဉ်များ အရံသင့်ရှိ/မရှိ နှင့် စွမ်းအားပြည့် အသုံးပြုနိုင်/မပြုနိုင်၊ ရေယာဉ် ဘယ်နှစ်စီး ရှိသည်၊ မည်မျှအသုံးပြုနိုင်သည်၊ မည်မျှဒေါက်တင်ထားသည်၊ စသည်တို့ကို သိရှိလိုပါကြောင်း ထပ်ဆင့်မေးခွန်း အနေဖြင့် သိရှိလိုကြောင်းမေးမြန်ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်
ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မိမိတင်ပြခဲ့သည့်အတိုင်း ၂၀၁၀ ခုနှစ်၊ ဖေဖော်ရီလ ၂၂ ရက်နေ့တွင် သတင်းစာမှတစ်ဆင့် ရန်ကုန်မြစ်ကြောင်း သောင်တူး ခြင်းလုပ်ငန်းကို ပုဂ္ဂလိကအပိုင်း အနေဖြင့် ပြည် တွင်း၊ ပြည်ပ နှစ်ဖက်စလုံးမှ ဆောင်ရွက်လိုက ဆောင်ရွက်နိုင်ကြောင်း တင်ဒါခေါ်ယူခဲ့ရာ လျှောက်ထားလာသူ မရှိသည့်အတွက် ဌာနမှတာဝန်ယူ ဆောင်ရွက်နေရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၀၀-၂၀၀၁ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် ဆီဂါလံ ၇၀၀၀၀ သုံးစွဲနိုင်သော်လည်း လက်ရှိအနေအထားတွင် ဆီဂါလံ ၂၀၀၀၀ သာသုံးစွဲပြီး ဆောင်ရွက်နေရခြင်း၊ ထိုကဲ့သို့ဆောင်ရွက်နေရသည့်တွက် ရေစူးနည်းလာပြီး သင်္ဘောကြီးများ ဝင်ရောက်နိုင်ရန်နှင့် ကုန်စည်များ ပို့ဆောင်နိုင်ရန် ခက်ခဲလာခြင်းများကို ဖြေရှင်းနိုင်ရန် အတွက် ရေလမ်းကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းကို မိမိတို့အနေဖြင့် ရရှိလာသည့် ဘတ်ဂျက်အရဆောင် ရွက်ရခြင်းဖြစ်ပါကြောင်း၊ ရရှိလာသည့် ဘတ်ဂျက်ပေါ်တွင်လည်း လိုအပ်သည့် ရေစူးနှင့်ပေဖြစ်အောင် ဦးစီးဌာနအနေဖြင့် ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ နောက်တစ်ခါ ဆိပ်ကမ်းများတိုးချဲ့ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်နေသည့်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပူးပေါင်း ဆောင်ရွက်ရ မည် ဖြစ်ပါကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အနေဖြင့် လက်ရှိအားဖြင့် စီးပွားရေးအသွင် ကူးပြောင်းနေ သည်အတွက် ပြည်တွင်း ရေကြောင်း လုပ်ငန်းများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆိပ်ကမ်းဆိုင်ရာလုပ်ငန်းများ ပူးတွဲလုပ်ဆောင်ခြင်းဖြင့် ဖြေရှင်း ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း။ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေ ယာဉ် မတော်တဆ ထိခိုက်မှုများအတွက် ရေယာဉ်ဘယ်နှစ်စီး၊ တွန်းရေယာဉ် အဆင်သင့်ထားရှိမှု စသည်တို့ကို ယခုလောလောဆယ်ဖြေကြားရန် မိမိထံတွင်အချက်အလက် အတိအကျ မပါရှိသေးပါသဖြင့် တိတိ ကျကျဖြေကြားနိုင်ရန် အတွက်လည်း အသေးစိတ် သိလိုသည့်အချက်များကို စာဖြင့်ရေးပြီး ထပ်မံဖြေကြားပေးမည် ဖြစ်ကြောင်းတင်ပြအပ်ပါသည်။
