(စ)-ရန်ကင်းမြို့နယ်အမှတ်(၅)ရပ်ကွက်အတွင်းရှိဖျက် သိမ်းမည့်တိုက်ဟောင်း(၆)တိုက်မှအိမ်ထောင်စု များအားအမြန်ပြောင်းရွှေ့နေရာချထားပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၁.၈.၂၀၁၃)

ဦးသာဝင်း (ရန်ကင်း) ရန်ကင်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက် စက်မှု (၁) လမ်းနှင့် ရန်ရှင်းလမ်းထောင့်ရှိ တိုက်အဟောင်း ၆ လုံးကိုဖျက်သိမ်းပြီး ယင်းနေရာတွင် ပညာ့ဝတီအိမ်ရာစီမံကိန်း (၂) ကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ရာ အဆိုပါ တိုက်အဟောင်း ၆ လုံးတွင် နေထိုင်ကြသော မူလနေထိုင်သူများကို အသစ် ဆောက်လုပ်လျက်ရှိသော ဌာနပိုင်မြေကွက်အမှတ် ၈ နှင့် ၉ တွင် ပြန်လည်နေရာချထား ပေးမည်ဖြစ်ကြောင်းကို ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် သဘောတူညီချက်ရယူပြီး စီစဉ်ဆောင်ရွက်ခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အထက်ဖော်ပြပါဖျက်သိမ်းမည့် တိုက်အဟောင်းများမှ အိမ်ထောင်ဦးစီးများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရာတွင် ယခင်ရန်ရှင်းလမ်းပေါ်ရှိ တိုက်အဟောင်း ၆ လုံးကိုဖျက်သိမ်းပြီး ယခင်ကကဲ့သို့ Owner book ပေး၍ အပိုင်ချထားပေးသည့်စနစ်ကို လိုလားကြသည်ဟု တင်ပြခဲ့ကြရာ ယခုအခါ တိုက်အသစ်များဆောက် လုပ်ပြီးဖြစ်သောကြောင့် ယင်းတိုက်အသစ်များကို အပိုင်ပေးစနစ်ဖြင့် ပြောင်းရွှေ့နေရာချထားပေး ရေးကို အမြန်ဆောင်ရွက်ပေးရန် လိုလားလျက်ရှိကြပါကြောင်း၊ ထို့ကြောင့် ဖျက်သိမ်းမည့် တိုက်အဟောင်း ၆ တိုက်မှ အိမ်ထောင်စုများအား မူလအစီအစဉ်အတိုင်း အမြန်ပြောင်းရွှေ့နေရာချထားပေးနိုင်ပါရန်နှင့် မည်သည့်အချိန်တွင် ချထား ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်အတွင်းရှိ အမှတ် ၃၆၆ မှ ၃၇၁ ထိဖျက်သိမ်းမည့် တိုက် ၆ လုံး၊ အခန်းပေါင်း ၁၆၀ ကို ရန်ကင်းမြို့နယ်အတွင်းရှိ အကွက်အမှတ် ၈ နှင့် ၉ တွင် တည်ဆောက်ပြီးစီးပြီးဖြစ်သော ၄ ခန်းတွဲ ၆ ထပ်တိုက် ၁၀ လုံးတွင် ပြန်လည်နေရာချထားပေးရန် စီစဉ်ခဲ့ပါကြောင်း၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းအိမ်ရာစခန်း၊ ၅ ရပ်ကွက်ရှိ ယခင်တိုက်ဟောင်းများကို ၂၀၀၄ ခုနှစ် ရွှေအုန်းပင်အိမ်ရာစီမံကိန်းအဖြစ် ရွှေမာလာ ဆောက်လုပ်ရေးနှင့် အကျိုးတူ ဆောက်လုပ်စဉ်က မူလအိမ်ထောင်စုများကို အပိုင်ပေး စနစ်ဖြင့် ပြန်လည်နေရာချထားပေးခဲ့ရာ ယခုလက်ရှိ အိမ်ငှား အိမ်ထောင်စုများ အနေဖြင့် အပိုင်ပေး စနစ်ကို တောင်းခံခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲဆောင်ရွက်လျက် ရှိသော ပြည်သူ့ အိမ်ရာများကို အငှားချထားခြင်းမှာ ရည်ရွယ်ချက် ၃ ခုရှိပါကြောင်း၊ ၎င်းတို့မှာ နေအိမ်မရှိသူများအား  သင့်လျော်သည့်အိမ်ခန်းများ ချထားပေးခြင်းဖြင့် အိမ်လခနှင့် အပိုကြေးကြီးမြင့်စွာ ပေးဆောင်နေရခြင်းမှ ကင်းလွတ်စေရန်၊ အဆင့်အတန်းမီသော အိမ်ခန်းမျိုးတွင် ဈေးသက် သာစွာနေထိုင်ရခြင်းအားဖြင့် လူနေမှုအဆင့်အတန်းကို ပိုမိုမြှင့်တင်နိုင်စေရန်နှင့် ပြည်သူတို့၏ နေထိုင်ရေးပြဿနာကို ဖြေရှင်းပေးရန် တို့ဖြစ်ပါသည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ပြည်သူ့အိမ်ရာများမှာ သက်တမ်းကြာမြင့်ခြင်း၊ ပြင်ဆင် ထိန်းသိမ်းမှု အားနည်းခြင်း၊ ခေတ်နှင့်လျော်ညီအောင် ပြန်လည်တည်ဆောက်ရန် လိုအပ်လာခြင်းတို့ကြောင့် အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ခေတ်မီမြို့ပြဖွံ့ဖြိုးရေးအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် တည်ဆောက်လျက် ရှိရာ ဆောက်လုပ်ပြီးသည့် အိမ်ခန်းများကိုလည်း မူလနေထိုင်သူများအား အပိုင်ပေးစနစ်မဟုတ်ဘဲ အငှားချစနစ် Rental Status ကို ဆက်လက်ကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအိမ်ရာများကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငှားချထားခြင်း၏ ရည်ရွယ်ချက်များ အတိုင်း နေရေးအခက်အခဲ ဖြစ်ပေါ်နေသော ပြည်သူလူထုနှင့် ဝန်ထမ်းများကို စဉ်ဆက်မပြတ် နေရာ ချထားပေးနိုင်ရန် ရည်ရွယ်သည့်အတွက် အသစ်ဆောက်လုပ်ပေးထားသော အကွက်အမှတ် ၈ နှင့် ၉ တွင် တည်ဆောက်ပြီးဖြစ်သော ၄ ခန်းတွဲ ၆ ထပ် တိုက် ၁၀ လုံးကို ရေပေးရေးစနစ်၊ ဆက်သွယ်မှု၊ လျှပ်စစ်မီးရရှိမှုများအား ဆောင်ရွက်ပေးပြီးဖြစ်ပါ၍ မူလအထပ်၊ မူလအလွှာအတိုင်း အခန်းများကို သတ်မှတ် နေရာချထားပြီး အိမ်ခန်းသော့များ အပ်နှံ၍ နေထိုင်နိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။