(င)-တောင်သူလယ်သမားများ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံမျိုးစေ့များကိုလွယ်ကူစွာဝယ်ယူရရှိနိုင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၂၃.၈.၂၀၁၃)

ဦးကိုကြီး (အောင်မြေသာဇံ) တောင်သူလယ်သမားများအတွက် စပါးနှင့် ဆီထွက်သီးနှံဖြစ်သော ပဲမျိုး စုံ၊ ပြောင်း၊ ဝါမျိုးစေ့များကို လုံလောက်စွာ စိုက်ပျိုးချိန်မီ ဝယ်ယူနေရခြင်းနှင့် ပတ်သက်၍ မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနမှ တောင်သူလယ်သမားများအတွက် ထွက်နှုန်းကောင်း ၍ မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် ကိုက်ညီ သော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးပြီး ဖြန့်ချီနေသော်လည်း အထက်မြန်မာနိုင်ငံရှိ ပဲမျိုးစုံစိုက်သော တောင် သူများ အတွက် ရေမြေဒေသနှင့် သင့်တော်ပြီး အထွက်တိုးသော ပဲမျိုးစုံဖြစ်သည့်  ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစိမ်းငုံ၊ ပဲပုပ်စေ့နှင့် ပြောင်းဖူး စေ့တို့၏ မျိုးစေ့များအပြင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ ဆီနေကြာ၊ နှမ်းအမည်း၊ နှမ်း အဖြူ၊ နှမ်း အညိုနှင့် ချည်မျှင်ရှည် ဝါ၏ မျိုးစေ့ကို စိုက်ပျိုးချိန်မီ လုံလောက်စွာ  ဝယ်ယူ၍မရဖြစ်နေသည်ကို တင်ပြလာကြပါကြောင်း၊ ထို့ကြောင့် လုံလောက်သာ မျိုးကောင်း မျိုးသန့်တို့ကို စိုက်ပျိုးအချိန်အမီ လွယ်ကူစွာဝယ်ယူ၍ ရနိုင်အောင် သက်ဆိုင်ရာ ဝန်ကြီး ဌာနမှ ဆောင်ရွက်ပးရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူလယ်သမားများ အကျိုးအတွက် ဈေးကွက်ဝင်ဒေသနှင့် ကိုက်ညီသော မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ပဲမျိုးစုံ သီးနှံမျိုးကောင်း၊ မျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် ပတ်သက်၍ စိုက်ပျိုးရေးသုနေ သနဦးစီး ဌာနမှ နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၂-၁၃ စိုက်ပျိုး  ရာသီအတွင်း ပဲတီစိမ်း ၂၇၁.၅ တင်း၊ ပဲစဉ်းငုံ ၃၁၂.၅ တင်းနှင့် ကုလားပဲ ၇၁၅ တင်းတို့ကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးများသို့ လည်းကောင်း၊ မတ်ပဲ ၃၈၁ တင်းကို ဧရာဝတီတိုင်းဒေသ ကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေသို့လည်းကောင်း၊ ပဲပုပ် ၆၀ တင်းကို ရှမ်းပြည်နယ် တောင်ပိုင်းသို့လည်းကောင်း ဖြန့်ဖြူးပေး ခဲ့ပါကြောင်း၊     ၂၀၁၃-၁၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ သုတေသနခြံများတွင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ဖြန့်ဖြူးနိုင်ရေးအတွက် မိဘမျိုးစေ့နှင့် ဆင့်ပွားမျိုးစေ့များမှ မျိုးစေ့ထုတ်ဧက ပဲတီစိမ်း ၄၂ ဧက၊ မတ်ပဲ ၇၄.၁ ဧက၊ ပဲပုပ် ၁၂.၅ ဧက၊ ပဲစဉ်းငုံ ၈၃.၉ ဧကနှင့် ကုလားပဲ ၁၁၂.၈ ဧကတို့ကို မျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် စိုက်ပျိုး ဆောင်ရွက်ထားရှိလျက်ရှိသည့်အတွက် ထွက်ရှိလာသော မျိုးစေ့များ သည် စီးပွားဖြစ်မျိုးသန့်မျိုးစေ့များဖြစ်ပြီး တောင်သူ အချင်းချင်း မျိုးဖလှယ် စိုက်ပျိုးနိုင်ပါကြောင်း။

စိုက်ပျိုးရေးဦးစီးဌာနအနေနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှရရှိသော မျိုးသန့်၊ မျိုးပွားစေ့များ မျိုးသန့်ပွားများ ရေးကို အကျိုးဆောင်တောင်သူများအား ပညာပေး စည်းရုံး၍ တောင်သူမျိုးစေ့ ဘဏ်စနစ်ဖြင့် ၂၀၀၈-၀၉ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၂-၁၃ ခုနှစ်တွင် မြေပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ မတ်ပဲသီးနှံ (၅)မျိုးအား တိုင်းဒေသကြီး ၈ ခုရှိ မြို့နယ် ပေါင်း ၃၃ မြို့နယ်တွင် တောင်သူမျိုးစေ့ဘဏ်ပေါင်း ၆၃ ဘဏ်အား အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ မျိုးသန့်တင်းပေါင်း ၂၁၄၈၁ တင်း ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး သီးနှံ အလိုက် ဖြန့်ဖြူးပေးနိုင် ခဲ့သော ပမာဏမှာ မြေပဲ ၆၆၅၉ တင်း၊ ပဲစင်းငုံ ၂၅၁၂ တင်း၊ ကုလားပဲ ၃၂၀၆ တင်း၊ ပဲတီစိမ်း ၆၄၈၃ တင်းနှင့် မတ်ပဲမျိုးသန့် ၂၆၂၁ တင်းတို့ဖြစ်ပါကြောင်း၊

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်မြင့်မားရေးအတွက် အခြေခံ သော့ချက်ကြီး ၆ ချက် ချမှတ်ပြီး တောင်သူများ၊ အကျိုးဖြစ်ထွန်းစေရန်အတွက် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် ဒေသနှင့် ကိုက်ညီသော မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ဖြန့်ဖြူးစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ် ကုမ္ပဏီများများ ပေါ်ထွန်းလာရေး ကို အားပေးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးစေ့ထုတ် ကုမ္ပဏီများ ပေါ်ထွန်းလာပါက တိုင်းဒေသကြီး အသီးသီးသို့ မျိုးကောင်း၊ မျိုးသန့်များ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် မျိုးစေ့ထုတ်ကုမ္ပဏီများမှ အရည်အသွေး စစ်မှန်ကောင်းမွန်သော မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့် အားပေးကူညီဆောင်ရွက် လျက်ရှိပါကြောင်း။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှလည်း မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် အတွက် ဈေးနှုန်းသက်သာစွာဖြင့် တောင်သူလယ်သမားများသို့ ဖြန့်ဖြူးရောင်းချပေးရေးအား ညှိနှိုင်းဆွေးနွေးဆောင်ရွက်ထားခဲ့ပြီး ဖြစ်သည့်အပြင် အရည်အသွေးစံချိန်စံညွှန်း ပြည့်မှီစွာသုံးစွဲရေးကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနေပါကြောင်းနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ မျိုးစေ့ဌာနခွဲမှ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ တောင်သူ့လက်ဝယ် ရောက်ရှိရေးအတွက် သီးနှံအထူးပြု ကုမ္ပဏီများနှင့် ပူးပေါင်း၍လည်းကောင်း၊ ဌာနစိုက်ကွင်းများမှ ထွက်ရှိလာသော မျိုးကောင်း၊ မျိုးသန့်များကို မြန်မာ့လယ်ယာ စီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက် (MAPCO) နှင့် ပူးပေါင်း၍လည်းကောင်း မျိုးထုတ်လုပ်ဖြန့်ဖြူး ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်ဖြစ်သော လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၌ တစ်ချက်အပါအဝင်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွင် မျိုးလိုအပ်ချက် လုံလောက်စွာ ထုတ်လုပ်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်ချက်နှင့်အညီ နေပြည်တော်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ အာရှဖွံ့ဖြိုးရေးဘဏ်(Asia Development Bank-ADB)၊ အာရှဖွံ့ဖြိုးရေးဘဏ်သိပ္ပံ (Asia Development Bank Institute -ADBI)တို့၏ အကူအညီနှင့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၆ ၊၂၇ ရက်နေ့အထိ  Seed Policy Forum တစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် ယှဥြ်ပိုင်နိုင်စွမ်းရှိသည့် မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်း ပေါ်ပေါက်လာစေရေး ဆိုင်ရာ မူဝါဒရေးရာ ဆွေးနွေးပွဲတစ်ခုကို ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တောင်သူလယ်သမားများ အကျိုးအတွက် ဈေးကွက်ဝင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။