(စ)-မြေယာအငြင်းပွားမှု အပေါ်တွင် ဘဝပျက်သည် အထိနစ်နာမှုခံစားရသည့်အခွန်ထမ်းနိုင်ငံသားများ အတွက်မည်သည့်ဦးစီးဌာနမှတာဝန်ယူ ကုစားပေးမည်ကို သိလိုသည် နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၂၃.၈.၂၀၁၃)

ဦးစောဘသိန်း (သထုံ) မြန်မာနိုင်ငံ၌ မြေယာကိစ္စနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်များချပေးရာ သစ်တောရေးရာ ဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာန ၂ ခုသာ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ကျေးလက်နေပြည်သူများ အနေ၏ ပညာမတတ်မှု၊ ဥပဒေနားမလည်မှုကြောင့် ပြည်သူ့ဝန်ထမ်းများကိုသာ အားကိုးနေကြရရာ သက်ဆိုင်ရာဦးစီးဌာနအနေနဲ့ ကျေးလက်ပြည်သူများကို လုပ်ထုံးလုပ်နည်း ပြောပြ ဆောင်ရွက်ပေးခြင်း မရှိဘဲ အလွယ်တကူ အခွန်ဆောင်ပြေစာများသာ ထုတ်ပေးခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် ယင်းပြေစာခွန်ရရှိပြီး ဖြစ်သည့်အတွက် မိမိလုပ်ပိုင်ခွင့်ရမြေဖြစ်ပြီဟု မှတ်ယူနေကြ ပါကြောင်း၊ ထို့အတွက်ကြောင့် အောက်ခြေမြေယာများကို သစ်တောဦးစီးပိုင်မြေ သို့မဟုတ် မြေစာရင်းဦးစီးဌာနပိုင်မြေ ဆိုသည်များကို ရှင်းလင်းစွာ ဆောင်ရွက် ထားခြင်း မရှိသည့်အတွက် ၎င်းမြေကွက်ကိုပင် ဦးစီးဌာနတစ်ခုက အခြားလူတစ်ဦးအား လုပ်ပိုင်ခွင့်ထပ်ပြီး ချပေးခဲ့သည်များကိုလည်း တွေ့ရှိရပါတယ်။ ထို့အတွက်ကြောင့် ယခင်စိုက်ပျိုးထားသူနှင့် နောက်စိုက်ပျိုးခွင့်ရရှိသူတို့ ပိုင်ဆိုင်မှုပဋိပက္ခ ဖြစ်ပေါ်ကြုံတွေ့ကြရပါကြောင်း၊ ထို့သို့ဖြစ်ပေါ်လာပါကလည်း Background ကောင်းသည့်သူများကသာ အနိုင်ရစမြဲ ဖြစ်သည့်အတွက်ကြောင့် မိမိအနေဖြင့် မြေယာအငြင်းပွားမှုအပေါ်တွင် ဘဝပျက်သည်အထိ နှစ်နာမှုခံစားရသော အခွန်ထမ်းနိုင်ငံသားများ အတွက် မည်သည့်ဦးစီးဌာနမှ တာဝန်ယူကုစားပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း လက်ရှိစိုက်ပျိုး လုပ်ကိုင်လျက်ရှိသော လယ်ယာ မြေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရ အဖွဲ့၏ ၁၂-၉-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၂ ဖြင့် ဖွဲ့စည်းပေးခဲ့သော ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ ၁၆-၁၀-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၁/၂၀၁၂ ဖြင့် ဖွဲ့စည်းပေး ခဲ့သော နေပြည်တော်ကောင်စီ အပါ အဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း၊ တောရိုင်းမြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး၏ ၁၂-၉-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၆/၂၀၁၂ ဖြင့် ဖွဲ့စည်းပေးခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၁၈-၁၀-၂၀၁၂ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် ၁/၂၀၁၂ ဖြင့် ဖွဲ့စည်းပေးခဲ့သော နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် မြေလွပ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့တို့မှ မြေလွပ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်။
သစ်တောမြေများနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ စီမံ ခန့်ခွဲလျက် ရှိပါကြောင်းနှင့် မြို့မြေ၊ ရွာမြေအတွင်းရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ စားကျက် မြေများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယင်းတို့၏ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအနေဖြင့် မြေခွန်စည်းကြပ်ခြင်း လုပ်ငန်းကို တစ်နှစ်လျှင် ၂ ကြိမ်၊ (ကောက်လျင်/ကောက်ကြီးရာသီ စည်းကြပ်ခြင်း) ဇန်နဝါရီလနှင့် (ကိုင်း/မုရင်းရာသီစည်းကြပ်ခြင်း) ဧပြီလတို့တွင်ဆောင်ရွက်ပါသည်။ ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာနမှ စည်းကြပ်သော မြေခွန်ပြေစာသည် အခွန်ပြေစာသာဖြစ်ကြောင်းနှင့် မြေပိုင်ရှင်သက်သေခံ လက်မှတ် မဟုတ်ကြောင်း ထင်ရှားစွာဖော်ပြထားသည့်အတွက် မြေခွန် ပြေစာသည် မြေပိုင်ဆိုင်မှုနှင့် မသက်ဆိုင်ပါကြောင်းတင်ပြပါသည်။
လက်ရှိစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူလယ်သမားများ၏ လယ်ယာမြေများအား သားစဉ်မြေးဆက် အဆက်ဆက်တိုင်အောင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် အညီ နိုင်ငံတစ်ဝန်းလုံးတွင် ၁-၁-၂၀၁၃ ရက်နေ့မှစတင်ပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ တောင်သူ လယ်သမားများလက်ဝယ်အရောက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များကို ထုတ်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁ အဖြစ် နိုင်ငံတော်သမ္မတက ၃၀-၃-၂၀၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ အတည်ပြုထုတ်ပြန်ခဲ့ပြီး လယ်ယာမြေဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ (က) အရ လယ်ယာမြေနည်းဥပဒေများကို ၃၁-၈-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီဖြစ်ပါကြောင်း၊ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၂-၉-၂၀၁၂ ရက်စွဲပါအမိန့်ကြော်ငြာ စာအမှတ် ၆၂/၂၀၁၂ ဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ၁၆-၁၀-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၂ ဖြင့် အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များဖွဲ့စည်းပေးခြင်း၊ ၂/၂၀၁၂ ဖြင့် ၎င်းတို့၏တာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို ပြဋ္ဌာန်းပေးခြင်းတို့ကို ထုတ်ပြန်ပေးခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ လယ်ယာမြေဥပဒေပုဒ်မ ၂၂ မှ ၂၅ အထိ တိကျစွာ ရှင်းလင်းဖော်ပြထားပြီး “ပုဒ်မ ၂၂ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် မူလမှုခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်။ ပုဒ်မ ၂၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့က ပုဒ်မ ၂၂ အရ ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုမကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီအယူခံနိုင်သည်။ (ခ) မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ ပုဒ်မ ၂၄ (က) ပုဒ်မ ၂၃ ပုဒ်မခွဲ (ခ) အရ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ကချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည်ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်။ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်အတိုင်း သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ ပုဒ်မ ၂၅ (က) ပုဒ်မ ၂၄ ပုဒ်မခွဲ (ခ) အရ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုမကျေနပ်သူသည် ယင်းအမိန့်ကို သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီအယူခံနိုင်သည်။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ကချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။” မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့်ပတ်သက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀ အဖြစ် နိုင်ငံတော်သမ္မတက ၃၀-၃-၂၀၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ အတည်ပြုထုတ်ပြန်ခဲ့ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၃၄ ပုဒ်မခွဲ(က) အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး နည်းဥပဒေဥပဒေကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရဲ့ ၃၁-၈-၂၀၁၂ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၂  ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်သမ္မတရုံး၏ ၁၂-၉-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၆/၂၀၁၂ ဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီကို လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၁၈-၁၀-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၂ ဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့များကိုလည်ကောင်း၊ ဖွဲ့စည်း တာဝန်ပေးအပ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေတွင် ပြဋ္ဌာန်းပါရှိပြီး ဖြစ်ပါကြောင်း။
လယ်ယာမြေဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်း ချက်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ် နယ်မြေအလိုက် ပကတိမြေပြင် အခြေအနေမှန်များအား တိကျစွာစစ်ဆေး၊ စိစစ်ဆုံးဖြတ်ပေးနိုင်မည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ပါဝင် ဆောင်ရွက်သည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့များကို ခိုင်မာစွာ ဖွဲ့စည်းတာဝန်ပေးအပ် ထားရှိပြီးဖြစ်ပါ၍ ထိုအဖွဲ့များက အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေပြင်ပကတိ အခြေအနေမှန်အတိုင်း မြေပြင်ကွင်းဆင်းစိစစ်၊ စစ်ဆေး၊ ဆုံးဖြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ဖြေကြားချက်ကို ဆက်လက် ဖြေကြား တင်ပြသွားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွင်းရှိ သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည် တည်တံ့ပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝ တိုးတက်မြင့်မားရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများ ဖန်တီးနိုင်ရေးတို့ကို အခြေခံပြီး ၁၉၉၅ ခုနှစ် သစ်တောမူဝါဒ ကိုလည်းကောင်း၊ ၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ အမျိုးသား သစ်တောကဏ္ဍပင်မ နှစ် ၃၀ စီမံကိန်းကိုလည်းကောင်း အသီးသီးပြဋ္ဌာန်း ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသား သစ်တောကဏ္ဍပင်မ နှစ် ၃၀ စီမံကိန်းအရ  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့်ရှိသောသစ်တောမြေ ပမာဏကို နိုင်ငံတော် ဧရိယာ၏ ၃၀ ရာခိုင်နှုန်း အထိ လည်းကောင်း၊ သဘာဝနယ်မြေဧရိယာကို ၁၀ ရာခိုင်နှုန်းအထိလည်းကောင်း ဖွဲ့စည်းရန် ရည်မှန်းချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများကို နိုင်ငံတော်ဧရိယာရဲ့ ၂၅.၀၁ ရာခိုင်နှုန်း ဖွဲ့စည်းပြီးဖြစ်ကြောင်းသိရှိရပါသည်။ သစ်တောနယ်မြေများ ဖွဲ့စည်းဆောင်ရွက်ရာ၌ ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေပုဒ်မ (၃)(၄)(၆)နှင့် ၁၉၉၅ ခုနှစ်တွင်ပြဋ္ဌာန်းထားသော သစ်တော နည်းဥပဒေများ  ပုဒ်မ (၃)မှ (၁၉) အထိ သစ်တောဦးစီးဋ္ဌာန၊ ဒေသ အုပ်ချုပ်ရေးနှင့် ဆက်စပ်ဋ္ဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ကို စနစ်တကျဖွဲ့စည်းပြီး ရည်ရွယ်ကြောင်း ကြေညာခြင်း၊ ဒေသခံ ပြည်သူများအားအသိပေး ရှင်းလင်းခြင်း၊ ဆိုင်ရာ ဆိုင်ခွင့်များကို ရက်ပေါင်း ၉၀ အတွင်း လျှောက်ထားစေခြင်း၊ မှတ်ပုံတင်ခြင်း၊ လျော်ကြေးတောင်းခံငွေများ စာရင်း ပြုစုခြင်းနှင့် ဖွဲ့စည်းကြောင်း အမိန့်ကြော်ညာစာ ထုတ်ပြန်ခြင်း စသည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းရာတွင် ဖွဲ့စည်းမည့်နေရာ ဒေသရှိပြည်သူများ သစ်တောထွက်ပစ္စည်းများထုတ်ယူသုံးစွဲခွင့်၊ မြေအသုံးချခွင့်များကို အရေအတွက်၊ အမျိုးအစား၊ ဧရိယာ၊ နယ်နိမိတ်၊ အချိန်ရာသီ၊ ခွင့်ပြုမည့်နည်းလမ်းများ သတ်မှတ်ပေးခြင်း၊ ဖွဲ့စည်းစဉ်တွင် တည်ရှိနေသည့် ကျေးရွာ၊ လယ်ယာမြေများကိုထည့်သွင်း ဖွဲ့စည်းခြင်းမပြုဘဲ ချန်လှပ်လုပ်ကွက်များ သတ်မှတ်ပေးခြင်းတို့ကို စနစ်တကျ မှတ်တမ်းတင်၍ ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိကြောင်းသိရပါသည်။ မြန်မာနိုင်ငံမှာ လူဦးရေ တိုးတက်များပြားလာသည် နဲ့အမျှ သစ်တောနယ်မြေများ အတွင်း တရားမဝင် ဝင်ရောက်နေထိုင်ခြင်း၊ လယ်ယာလုပ်ကိုင်ခြင်းများ ရှိခဲ့ပါကြောင်း အဆိုပါကိစ္စရပ်များအား ၁၉၉၂ ခုနှစ် သစ်တောဥပဒေပုဒ်မ ၄၀ နှင့် ၁၉၉၅ ခုနှစ် သစ်တောနည်းဥပဒေများပုဒ်မ ၁၉ တို့အရ အရေးယူရန် ဖြစ်သော်လည်း ကျူးကျော်ဝင်ရောက် လုပ်ကိုင်နေသည့် ဒေသခံများ၏ဘဝ ရှင်သန်ရပ်တည်ရေးနှင့် စားဝတ်နေရေးတို့ကို ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပြီး အရေးယူဆောင်ရွက်ခြင်းမပြုဘဲ ကျူးကျော်ထားသော မြေဧရိယာကို အတိအကျ တိုင်းတာသတ်မှတ်ပြီး စနစ်တကျမှတ်ပုံတင်ခြင်း၊ ထပ်မံကျူးကျော်မှု မပြုရေးအတွက် ရှင်းလင်း ဆွေးနွေးခြင်း၊ အသိပေးခြင်း၊ ဝန်ခံကတိပြုခြင်းများ ရယူခြင်းတို့သာ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထို့အပြင် အထက်ပါ တရားမဝင်လုပ်ကိုင်နေသူများအား ရေရှည်တွင်စနစ်တကျ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက်လည်း သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသည့် သီနှံ သစ်တောရောနှော စိုက်ပျိုးခြင်းစနစ်ကို (Agroforestry System) အခြေခံသော ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း (Community Forestry) တည်ထောင်ရေးကို စည်းရုံးဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းတည်ထောင်ခြင်းကို အစုအဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းစီမံချက်နဲ့တကွ စနစ်တကျပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်၍ မြေငှားရမ်းခအခမဲ့ဖြင့် နှစ် ၃၀ အထိ တည်ထောင်ခွင့်လက်မှတ်ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွင်း သဘာဝပတ်ဝန်းကျင်တည်တံ့ခိုင်မြဲရေးနှင့် သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်စေရေး၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေး၊ ပုဂ္ဂလိကသစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူအလုပ်အကိုင်အခွင့်အလမ်းတိုးပွားပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးစတဲ့ ရည်ရွယ်ချက်များဖြင့် သစ်တောဥပဒေပုဒ်မ ၁၄ ၊ သစ်တော နည်းဥပဒေများပုဒ်မ ၂၀ ပါ ပြဋ္ဌာန်းချက် များနဲ့အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ (ကြိုးဝိုင်း၊ကြိုးပြင်တော) များအတွင်းရှိ တောနိမ့်၊ တောပြတ်များတွင် နိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများအား ပုဂ္ဂလိကစိုက်ခင်းများကို စည်းကမ်း သတ်မှတ်ချက် များဖြင့် လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျတည်ထောင် လုပ်ကိုင်ခွင်‌့ပြုလျက်ရှိကြောင်း သိရှိရပါတယ်။ နိုင်ငံတစ်ဝန်းရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေများမှာ ခွင့်ပြုချက်မရှိဘဲ နှစ်ကာလကြာရှည်စွာ ဝင်ရောက်နေထိုင်လုပ်ကိုင် စားသောက်မှုများအပေါ် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့ပြီး ကောက်ယူရရှိသော စာရင်းများအပေါ်အခြေခံပြီး အခြေတကျ တည်ထောင်ထားသော ကျေးရွားများ၊ လယ်မြေများကို သစ်တောနယ်မြေမှ ပယ်ဖျက်ပေးရန် နှင့် ယာမြေများကို သီးနှံ၊ သစ်တောရောနှောသည့် စနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အဖြစ်လည်းကောင်း၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းအဖြစ်လည်းကောင်း လုပ်ထုံးလုပ်နည်းများနဲ့အညီ နှစ်ရှည်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။