အင်ဂျန်းယန်မြို့နယ်သည် နှစ်ပေါင်း ၆၀ နီးပါး တိုက်ပွဲများကြားတွင် ရှိနေခြင်း၊ လမ်းပန်းဆက်သွယ်ရေး အင်မတန် ဆိုးရွားခြင်းတို့ကြောင့် ယနေ့အချိန်ထိ မည်သည့်စီးပွားရေးသမားမျှ လာရောက်ခြင်းမရှိသော နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုချိန်ထိ အရာရာတိုင်းသည် သဘာဝအတိုင်း ရှိနေ ဆဲဖြစ် ပြီး ဒေသခံများသည်လည်း တောင်ယာစိုက်ပျိုးခြင်းနှင့် အသက်မွေးဝမ်းကျောင်း ကြသည့်အတွက် အလွန်ပင် ဆင်းရဲနွမ်းပါးသောကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရန် အထူးပင် လိုအပ်သော ဒေသဖြစ်သည့်အပြင် ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်သော စိုက်ပျိုးရေး၊ မွေးမြူရေးနည်းစနစ်များလည်း လိုအပ်ပါကြောင်း၊ ယခုအချိန်ထိ အဆိုပါ ဒေသတွင် စိုက်ပျိုးသော စပါးနှင့် တောင်ယာ သီးနှံပင် များ မွေးမြူထားသော ကြက်၊ဝက်၊နွားများသည် သဘာဝကို ကျော်လွန်ခြင်း မရှိသေးသော အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အင်ဂျန်းယန်မြို့နယ်ကို သြဂဲနစ်ဇုံအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်တွင် စတင်နိုင်မည်နည်း။ အစီအစဉ်ရှိပါက ယခုအချိန်မှစတင်၍ သြဂဲနစ်ဇုံ သတ်မှတ်နိုင်ရေးဇုံများ၊ စိုက်ပျိုးရေးနည်း စနစ်များနှင့် အခြားလိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်သည် ရေမြေသဘာဝ သယံဇာတနှင့် ဂေဟ စနစ်တို့ကို ထိခိုက်ပျက်စီးမှုမရှိဘဲ ရေရှည် တည်တံ့သော စိုက်ပျိုးရေး အလေ့ အကျင့်ကောင်းများ သုံးစွဲလျက်ရှိသော ဒေသတစ်ခုဖြစ်ခြင်းကြောင့် အော်ဂဲနစ် လယ်ယာ စနစ်နှင့် အလားသဏ္ဍာန် တူညီနေပြီး အော်ဂဲနစ်ထုန်ကုန်များ စိုက်ပျိုးထုတ်လုပ်ရန် အခွင့်အလမ်း ကောင်းများရှိနေသော ဒေသ တစ်ခု ဖြစ် ပါကြောင်း၊ အော်ဂဲနစ်စိုက်ပျိုးရေး ဆိုသည်မှာ ဘေးထွက်ဆိုးကျိုးများရှိသော ဓာတုပစ္စည်းများကို သုံးစွဲခြင်း မရှိဘဲ သတ်မှတ်ထားသည့် အော်ဂဲနစ်စံနှုန်းများနှ င့်အညီလိုက်နာ၍ ဇီဝမျိုးကွဲများ၊ မြေဆီလွှာ၏ ဂုဏ်သတ္တိများနှင့် လူသား တို့၏ ကျန်းမာရေးကို မထိခိုက်စေဘဲ သဘာဝပတ်ဝန်းကျင် ကို ရေရှည် တည်တံ့စေနိုင်သော စိုက်ပျိုးရေးထုတ်လုပ်မှု စနစ်ကို ခေါ်ဆို ပါကြောင်း၊ အော်ဂဲနစ်ဇုံ တစ်ခု တည်ထောင်ရန်အတွက် သမာရိုးကျ စိုက်ပျိုးရေး စနစ်မှ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းပြည့်မီသော အော်ဂဲနစ် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အသွင်ကူးပြောင်းချိန် ကာလအားဖြင့် ရာသီ သီးနှံများဖြစ်သော ဆီဇင်နယ်ခရော့ များအနေဖြင့် ၂ နှစ်နှင့် နှစ်ရှည်သီးနှံများအတွက် ၃ နှစ် လိုအပ် မည် ဖြစ်ပါကြောင်း၊ အော်ဂဲနစ်သီးနှံများ စိုက်ပျိုးရာတွင် မြေဧရိယာတစ်ခုအတွင်း သမာရိုးကျ စိုက်ပျိုးရေးစနစ်နှင့် အော်ဂဲနစ် စိုက်ပျိုးရေးစနစ်တို့ကို တစ်လှည့်စီစိုက်ပျိုး ဆောင်ရွက်ခြင်းမပြုရဘဲ အော်ဂဲနစ်စနစ် တစ်မျိုးတည်းကိုသာစဉ်ဆက်မပြတ် စိုက်ပျိုးရန် လိုအပ်ပါကြောင်း၊ အော်ဂဲနစ် စံချိန်စံညွှန်းများအတိုင်း စိုက်နည်းစနစ်များ၊ ထုတ်လုပ်မှုစနစ်များ၊ ကုန်ကြမ်း ပစ္စည်းများ ထည့်သွင်းအသုံးပြုမှု၊ စိုက်ပျိုးမည့်မြေ၏ ရာဇဝင်၊ ရေသွင်းရေထုတ်စနစ်များ၊ သိုလှောင်ဖြန့်ဖြူးမှုစနစ်များ အပါအဝင် ရိတ်သိမ်းခူးဆွတ်သည်မှ ဈေးကွက်သို့ တင်ပို့သည် အထိ မြန်မာနိုင်ငံအော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သတ်မှတ်ထားသော စံ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ပြီး အော်ဂဲနစ်ဇုံအဖြစ် သတ်မှတ်ပေးရန်အတွက် သက်ဆိုင်ရာ ဒေသရှိ စိုက်ပျိုးထုတ်လုပ်သူများမှ အော်ဂဲနစ်စိုက်ပျိုးရေးဇုံတစ်ခု တည်ထောင် လိုပါကြောင်း တရားဝင်လျှောက်ထားလာလျှင် အော်ဂဲနစ်ဇုံ၏ စံသတ်မှတ်ချက်များဖြင့် ကိုက်ညီစေရန် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် နည်းပညာများကူညီပံ့ပိုးပေးပြီး စံချိန်စံညွှန်းများနှင့် ကိုက်ညီပြည့်စုံပါက အော်ဂဲနစ်ဇုံ အဖြစ် သတ်မှတ် ပေးနိုင်ရန် ထောက်ခံတင်ပြပေးမည် ဖြစ်ကြောင်း။
ဒုတိယမေးခွန်းနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အော်ဂဲနစ်ဇုံ သတ်မှတ်နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် စံသတ်မှတ်ချက်များဖြစ်သည့် (က) အော်ဂဲနစ်ဇုံ တည်ထောင်ရန် အသုံးပြုမည့် မျိုးစေ့နှင့်မျိုးပွား အစိတ်အပိုင်းများသည် မူလအော်ဂဲနစ်စိုက်ပျိုးရေး နည်းစနစ်ဖြင့် စိုက်ပျိုးထားသော အရင်းအမြစ်များမှ ရယူရန်လိုအပ်ခြင်း။ (ခ) မြေဆီသြဇာထက်သန်စေရန် မြေဆီလွှာပြုပြင်ရာတွင် ထည့်သွင်းအသုံးပြုမည့် ပစ္စည်းများတွင် အပင်နှင့် တိရိစ္ဆာန်တို့၏ အကြွင်းအကျန် (Biomass) များ၊ အဏုဇီဝ သက်ရှိများနှင့် သစ်စိမ်းမြေသြဇာများကို သုံးစွဲနိုင်ပါသော်လည်း ဗီဇပြုပြင် ထားသော စိုက်ခင်းမှ ဘေးထွက်ပစ္စည်းများ၊ စက်ရုံများမှ ဘေးထွက်ပစ္စည်းများနှင့် ဓာတုပစ္စည်းများ အသုံးပြုထားသည့် သစ်တောထွက်ပစ္စည်းများကို ထည့်သွင်းအသုံးပြုခြင်းမှ ရှောင်ကျဉ်ရန်လိုအပ်ခြင်း။ (ဂ) အပင်ပိုးမွှားနှင့်ရောဂါများ ကျရောက်မှုမှ ကာကွယ်နှိမ်နှင်းရန် ခံနိုင်ရန်ရှိသော အပင်မျိုးစိတ်များနှင့် မျိုးကွဲများ ရွေးချယ်အသုံးပြုခြင်း၊ ဇီဝနည်းပညာများ အသုံးပြု၍ ကာကွယ်နှိမ်နှင်းခြင်း၊ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသောသီးနှံမျိုးစေ့များကို အသုံးပြု၍ သီးလှည့်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးမွှားများနှိမ်နှင်းရာတွင် သဘာဝမိတ်ဆွေပိုးများ ပွားများစေရန်ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် ဓာတုပိုးသတ်ဆေးများ(လုံးဝ) အသုံးမပြုဘဲ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော သီးနှံကာကွယ်သည့် နည်းလမ်း များကိုသာ အသုံးပြုရန် လိုအပ်ခြင်း။ (ဃ) ထွက်ရှိလာသော အော်ဂဲနစ်ထုတ်ကုန်များအတွက် အော်ဂဲနစ်ထုပ်ပိုး ပစ္စည်းများ အသုံးပြုရန် လိုအပ်ခြင်း၊ သိုလှောင်ခြင်း နှင့် သယ်ယူပို့ဆောင်ခြင်း၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခြင်း စသည့်လုပ်ငန်းများ အဆင့်ဆင့်တွင် အော်ဂဲနစ်စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အော်ဂဲနစ် စံချိန်စံညွှန်း များနှင့် ၇၅ ရာခိုင်နှုန်း ကိုက်ညီမှုရှိပါက အော်ဂဲနစ်သို့ ကူးပြောင်းဆဲထုတ်ကုန်အဖြစ် အမှတ်တံဆိပ်ကပ်၍ ရောင်းချနိုင်ပြီး၊ အနည်းဆုံး စံချိန်စံညွှန်း ၉၅ ရာခိုင်နှုန်း ကိုက်ညီပါက အော်ဂဲနစ်စိုက်ပျိုးရေး ထုတ်ကုန်အမှတ်တံဆိပ်ဖြင့် ဈေးကွက်တွင်း ဖြန့်ဖြူးရောင်းချနိုင်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနအနေနှင့် နယ်မြေ ဒေသလမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သော ကာလတွင် ရေမြေဒေသ ရာသီဥတုနှင့်ကိုက်ညီသော သီးနှံများအား အော်ဂဲနစ် ထုတ်ကုန်များအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာ အပြည်အဝ ပံ့ပိုးကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနဲ့ ယခု ဒေါ်ဒွဲဘူအား Myanmar Organic Standard မြန်မာ့အော်ဂဲနစ်စံနှုန်းများ စာသားကို တစ်ပါတည်းပေးလိုက်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
