(ဂ)-ကားလမ်းများသက်တမ်းမစေ့မီပျက်စီးမှုမရှိ ရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန် အတွက်ဆောင်ရွက် ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၂၃.၈.၂၀၁၃)

ဦးသန်းမြင့် (ဆားလင်းကြီး) ယနေ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အထောက်အကူပြုစေ ရန် ဆောင်ရွက်သည့်အခါ နိုင်ငံတော်မှ ရသင့်ရထိုက်သော ဘဏ္ဍာငွေ များ ပြည့်ပြည့်ဝဝရရှိစေရန် စနစ်တကျဆောင်ရွက်ခြင်း၊ ဘဏ္ဍာငွေများ အလေအလွင့် နည်းပါးစွာဖြင့် ဆက်သွယ်ရေးလမ်းစီမံကိန်းများ အသုံးပြုနိုင်ရေးဆောင်ရွက်ခြင်းစီမံကိန်းအလိုက် လမ်းအရည် အသွေး ပြည့် မီအောင် ဆောင်ရွက်ခြင်း၊ စီမံကိန်းများဖြင့် ဆောင်ရွက်ထားသော ဆက်သွယ်ရေး လမ်းများ သတ်မှတ်ထားသည့် သက်တမ်းအတိုင်း မပျက်စီးစေရန် ထိန်းသိမ်း ကွပ်ကဲကြပ်မတ်ခြင်းစသည့် လုပ်ငန်းများကို ဦးစားပေးလုပ်ငန်း များအဖြစ် ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ရေးရာ ဝန်ကြီး ဌာန ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အနှစ် ၂၀ နှစ်ရှည်စီမံကိန်းအဖြစ် ၂၀၁၂ ခုနှစ်က ၂၀၃၂ နှစ် အထိ ကာလတို ၅ နှစ်စီမံကိန်း ၄ ခု ရေးဆွဲ၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးလက်လမ်း အရှည် ၂၉၇၈၉ မိုင်ကို အဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်များဖောက်လုပ်ခြင်းနှင့် လမ်းပေါ်ရှိ တံတားများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက် လျက်ရှိပြီး အနှစ် ၂၀ စီမံကိန်း ပြီးဆုံး ချိန်တွင် ကျေးလက်လမ်းအားလုံး အမာခံလမ်းဖြစ်ရေး ရည်ရွယ်အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသ အသီးသီးတွင် နိုင်ငံတော်မှ စီမံကိန်းများအတွက် ဘဏ္ဍာငွေခွဲဝေရရှိရန်တင်ပြပြီး ပြည်တွင်းနှင့် နယ်စပ်ဒေသရှိ လမ်းများ ဖောက်လုပ်ခြင်း၊ ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့်ဆောင်ရွက်စေခြင်း၊ နိုင်ငံတော် စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါရာ လမ်းတံတားများကို တစ်နိုင်ငံလုံး ကွန်ရက် သဖွယ် တောင်မှမြောက် အရှေ့မှအနောက် ဖောက်လုပ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူမြန်ဆန် လာခြင်း၊ ကုန်စည်စီးဆင်းမှု သွက်လက်လာခြင်း၊ ကုန်ဈေးနှုန်းကျဆင်းမှု အထောက်အကူပြုခြင်း တို့အပြင် နိုင်ငံသားအားလုံး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အထောက်အကူပြုသော အကျိုးကျေးဇူးရ ရှိလာသည့်အပြင် နယ်စပ်ဒေသနှင့် ပြည်ထောင်စု အတွင်းပိုင်း တောနှင့်မြို့ လူနေမှုအဆင့်ကွာဟမှု တဖြည်းဖြည်း ကျဉ်းမြောင်းလာကာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပိုမို အထောက် အကူဖြစ်စေ မည့် ဆောင်ရွက်ချက် များအဖြစ် တွေ့ရှိနိုင်မှာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေအနေကောင်းများ ကို ဖော်ဆောင် ပေးနေသော နိုင်ငံတော်စီမံကိန်းနှင့် ဆောင်ရွက်သည့် ကားလမ်းများကို ပျက်စီးစေမည့်အချက်များ ကို တစ်နိုင်ငံလုံးတွင် မိမိတို့အနေနှင့် ကြားသိမြင်တွေ့နေရဆဲဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဆက်သွယ်သော လမ်းများ၊ ခရိုင်ချင်းဆက်လမ်းများ၊ မြို့နယ်ချင်းဆက်လမ်း များ၊ ကျေးရွာချင်း ဆက်လမ်းများနှင့် အချို့လမ်းများသည် သက်တမ်းမစေ့မီပျက်စီးနေပြီး ဆက်သွယ်မှုမကောင်းသောကြောင့် မသေသင့်သူများ သေဆုံးရခြင်း၊ ကလေးများပညာ သင်ကြားချင်သော်လည်း မသင်ကြားနိုင်ခြင်းနှင့် ကုန်ဈေးနှုန်း မြင့်မားခြင်း များအပြင် နယ်စပ်ဒေသအေးချမ်းတည်ငြိမ်မှု ပျက်ယွင်းခြင်း စသည့်ဖြစ်စဉ်များ ကိုလည်း မြင်တွေ့နေရပါကြောင်း၊ အကြောင်းမှာ အချို့လမ်းများသည် အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ရာတွင် အားနည်းချက်များရှိနေခြင်း၊ လမ်းများကိုအချိန်ကာလ ကန့်သတ်ချက်အတွင်း အမြန် ပြီးစီးအောင်ဆောင်ရွက်ရ သည့်အတွက် လမ်းအချို့သတ်မှတ်အရည်အသွေးမပြည့်မီသဖြင့် ပျက်စီးမှုဖြစ်ရခြင်း၊ ပျက်စီး နေသော အချို့လမ်းများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်သည့်အခါတွင် ကျွမ်းကျင်လုပ်သားများနှင့် နည်းလမ်းတကျ၊ စနစ် တကျဆောင်ရွက်ခြင်း၊ ပညာရှင်များကြီးကြပ်ခြင်းတို့တွင် အားးနည်းချက်များရှိနေခြင်း၊ အရည်အသွေး မမီသောကြောင့် ပျက်စီးမှုဖြစ်ရခြင်း၊ အချို့လမ်းများပေါ်သို့ သတ်မှတ်ခံနိုင်ဝန်အားထက်ပိုသော ယန္တရားတင် ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ သစ်တင်ယာဉ်များ၊ ဆီသည်ယာဉ်များ ဖြတ်သန်းသွားလာသဖြင့် ကားလမ်းများ ပျက်စီးခြင်း၊ ကားလမ်းပေါ်သို့ သံဘီးတပ်ယာဉ်များသည် စည်းကမ်းမဲ့စွာသွားလာသဖြင့် လမ်းများပျက်စီးခဲ့ ရခြင်းဖြစ်သည်ကို  တွေ့ရှိပါကြောင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေနှင့် လမ်းများမပျက်စီးစေရန်အတွက် စည်းကမ်းများ ထုတ်ပြန်ခြင်း၊ ကြေညာခြင်း၊ ကြပ်မတ်ခြင်း၊ ပညာပေးခြင်းများပြုလုပ်သော်လည်း ဒေသခံများက သတ်မှတ်စည်းကမ်းလိုက်နာရန် ပျက်ကွက်မှုများကြောင့် ကားလမ်းများသက်တမ်းမပြည့်မီ ပျက်စီးမှုရှိ သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ထားသော စီမံကိန်းများကို ဖျက်စီး သကဲ့ သို့ဖြစ်နေပြီး ပြည်သူ့ဘဏ္ဍာငွေများ အဟောသိကံဖြစ်နေခြင်း ကိုလည်း တွေ့ရှိရသည့်အတွက် နိုင်ငံတော် စီမံကိန်း များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကားလမ်းများ၊ တံတားများ၊ မပျက်စီးရေး၊ နိုင်ငံတော် ဘဏ္ဍာငွေများ အဟောသိကံမဖြစ်ရေးနှင့် ကားလမ်းများ သက်တမ်းအလိုက် အသုံးပြုနိုင်ရေးအတွက် ကားလမ်းများပေါ်တွင် သံဘီးတပ်လှည်းများကို တာယာဘီးများတပ်ဆင်ပြီး ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ မှ ပြောင်းလဲ တပ်ဆင်အသုံးပြုနိုင်ရေး အမိန့် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ ဒေသခံများအား ပညာပေးခြင်း၊ တားမြစ်ချက်ဖောက် ဖျက်သူများကို အရေးယူခြင်း နည်းလမ်းများအပြင် နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့်မှု မရှိစေရေးအတွက် အခြားမည်သည့်နည်းလမ်းဖြင့် အဆိုပါလမ်းများ ပျက်စီးမှုမရှိစေရန် မည်သည့်အဖွဲ့အစည်းက မည်ကဲ့သို့ ထိန်းသိမ်းဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသ အသီးသီးတို့ ဆက်သွယ်သောလမ်း၊ တံတား စီမံကိန်းလုပ်ငန်းများကို နိုင်ငံတော်မှ တည်ဆောက်လျက်ရှိသည့်အပြင် ပုဂ္ဂလိက တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ရင်းနှီး မြှုပ်နှံမှုအစီအစဉ်ဖြင့်လည်း B.O.T စနစ်နှင့် လမ်း၊ တံတားများ အဆင့်မြှင့်တင်ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ၊  မော်တော်ကား လမ်းများ သွားလာရန် ဆောင်ရွက်ထားသော လမ်းများပေါ်တွင် သံဘီးတပ်ထားသည့် လှည်းများမောင်းနှင်မှုကြောင့် စီမံကိန်းဆောင် ရွက် ထားသော ကားလမ်းများ သက်တမ်းမပြည့်မီ ပျက်စီးနေခြင်းကိုလည်း အမှန်‌တွေ့ ရှိနေရသည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် လမ်းမကြီးများ ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊ လမ်းမကြီးများ ဥပဒေ ပုဒ်မ ၅ တွင် လမ်းမကြီးများပေါ်တွင် မောင်းနှင် သွားလာခွင့်မပြုသော လှည်းများ၏ ဘီးကွပ်များကို သတ်မှတ်ခြင်း၊ လမ်းမကြီးများပေါ် လှည်းများဖြတ်သန်းသွားလာခြင်း၊ ရပ်နားခြင်းနှင့် စပ်လျဉ်းပြီး၍ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ လမ်းမကြီးများပျက်စီးခြင်းမှ ကာကွယ်ရန် လိုအပ်သော တားမြစ်ချက်ထုတ်ပြန်ခြင်း၊ အရေးယူခြင်းတို့ကို တာဝန်နှင့် လုပ်ပိုင်ခွင့် သတ်မှတ်ထားသည့်အပြင်  လမ်းမကြီးများဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၂၅ တွင် လှည်းများဖြတ်သန်းသွား လာရသော လမ်းခရီးတွင် လျှိုမြောင်၊ ချောက် ကမ်းပါး၊ ချောင်းမြောင်းများတည်ရှိနေသည့် အခြေအနေမှအပ လမ်းမကြီးများပေါ်တွင် လှည်းကိုမောင်းနှင်ခြင်းမပြုရန်နှင့် လျှိုမြောင်၊ ချောက်ကမ်းပါး၊ ချောင်းမြောင်းများ တည်ရှိနေလျှင်လည်း ၎င်းတည်ရှိသည့် နေရာကို ရှောင်ရှားဖြတ်ကျော်ရန် လမ်းမကြီးပေါ်တွင် လှည်းဘီး၌ တာယာအုပ်ထားသော လှည်း (သို့) တာယာဘီးတပ်ဆင်ထားသော လှည်းကိုသာ မောင်းနှင်နိုင် သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် လမ်းမကြီး ဥပဒေ၊ နည်းဥပဒေများနှင့် ကတ္တရာလမ်းမကြီးများပေါ်တွင် သံဘီးတပ်ကျွဲ/နွားလှည်းများ မောင်းနှင်ခြင်း မပြုရန် ဥပဒေလည်းထုတ်ပြန် ထားသည့်အပြင် ဖြတ်သန်းမောင်းနှင်ပါက ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်သည်ကို လည်း ဖော်ပြ ထားရှိပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် တည်ဆောက်ဆဲ စီမံကိန်းလမ်းများ ပုံစံထုတ်လုပ်ရာတွင် လမ်းပုခုံး၊ ရေမြောင်း၊ လှည်းလမ်းအပါအဝင် ရေးဆွဲဆောင်ရွက်လျက်ရှိပြီး လမ်းနယ်အဆုံးတွင်သာ သစ်ပင်စိုက်ပျိုးရန် လျာထားသတ်မှတ်ထားပါ ကြောင်း၊  ကားလမ်းမှလွဲ၍ သွားလာရန် လမ်းမရှိသောနေရာများတွင် မဖြစ်မနေကားလမ်းကိုဖြတ်ကူးရန်ရှိသော နေရာကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် တည်ဆောက်ထား သကဲ့သို့  Under Pass များမှ ဖြတ်သွားရန်အတွက် တည်ဆောက်ပေးရန် လိုအပ်သည့်နေရာများ ကို ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းပြီး ကွင်းဆင်းစစ်ဆေး ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊

လမ်းမကြီးပေါ်တွင် သံဘီးတပ်လှည်းများ ဖြတ်သန်းခြင်းမပြုရန် ကြီးကြပ်ကွပ်ကဲခြင်း၊ မဖြစ်မနေဖြတ်သန်း သွားမည်ဆိုပါက သံဘီးတပ် ကျွဲ၊ နွားလှည်းများ၏ ဘီးတွင် ရော်ဘာများ၊ တာယာဘီးများ ထပ်ပိုးပြီး ပြောင်းလဲ တပ်ဆင် အသုံးပြုနိုင်ရေးနှင့် လမ်းမကြီးများဥပဒေ၊ နည်းဥပဒေအား သိရှိပြီး နားလည်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများ အဆင့်ဆင့်နှင့် သက်ဆိုင်သော အင်ဂျင်နီယာဝန်ထမ်းများ ပူးပေါင်းပါဝင်ပြီး အသိ ပေးခြင်း၊ ပညာပေးခြင်း ကြီးကြပ် ထိန်းသိမ်းခြင်း များ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။