၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအခြေခံ အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေက ၅၂ သန်း ဖြစ်သော်လည်း မိမိတို့လက်ခံထားသည့် ၁၉၈၃ ခုနှစ် လူဦးရေကိုအခြေခံပြီး တွက်ထားသည့် ခန့်မှန်းလူဦရေက ၆၂ သန်းဖြစ်ပါကြောင်း၊ လူဦးရေကွာခြားမှုက ၁၀ သန်း ဖြစ်ပြီး တစ်ပြိုင်နက်တည်း လူဦးရေတိုးနှုန်းက ဝ.၈၉ ဖြစ်ပါကြောင်း၊ လူဦးရေတိုးနှုန်း၏ Trend ကိုကြည့်မည်ဆိုလျှင်လည်း ၁၉၅၅ ခုနှစ်ခန့်က ၂.၀၁ ဖြစ်ရာမှ တဖြည်းဖြည်းကျဆင်းလာပြီး ၂၀၁၄ ခုနှစ်တွင် ဝ.၈၉ ဖြစ်သွားသည့်အတွက် လူဦးရေတိုးနှုန်းများ ကျဆင်းနေသည် ဆိုသည့်အချက်ကို တွေ့မြင်ကြမည် ဖြစ်ပါကြောင်း၊ တစ်ပြိုင်နက်တည်း အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေကို ကြည့်လိုက်လျှင် အမျိုးသမီးဦးရေက ၂ သန်းခန့် ပိုပြီးများနေသည်ကို တွေ့ရှိရပါကြောင်း၊ မှီခိုသူဦးရေအချိုးကို ကြည့်မည်ဆိုလျှင် ကျဆင်းလာပါကြောင်း၊ ယခုလိုကျဆင်းလာခြင်းသည် မွေးဖွားနှုန်း ကျဆင်းခြင်းကြောင့်ဖြစ်ပြီး မှီခိုသူအချိုးမှာပါသည့် ကလေးသူငယ် မှီခိုသူအချိုးသာကျဆင်းခြင်း ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုမှီခိုသူ အချိုးမှာလည်း တဖြည်းဖြည်း တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ တစ်ပြိုင်နက်တည်း Disable ခေါ်သည့် ပုဂ္ဂိုလ်များ၏အချိုးက ၄.၆ ရာခိုင်နှုန်း ဖြစ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရေရှည်တွင် မိမိတို့နိုင်ငံအတွက် လူဦးရေမူဝါဒ တစ်ခုချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြေင် နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်နေသည့်သူများကို နှစ်သန်းဆိုပြီး ၂၀၁၄ ခုနှစ်တွင် ဖော်ပြထားသော်လည်း ပြင်ပလေ့လာသူများက ခြောက်သန်းခန့်ထိရှိသည်ဟုလည်း လေ့လာတွေ့ရှိ ထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ လူဦးရေအခြေအနေသည် တဖြည်းဖြည်းနှင့် ကြာရှည် ကျုံ့ဝင်သွားနိုင်သည့် သဘောဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများကို ကြည့်မည်ဆိုလျှင် ဘီလီယံကျော်သည့် နိုင်ငံကနှစ်နိုင်ငံ၊ သန်း ၁၆၀ ကျော်သည့်နိုင်ငံကတစ်နိုင်ငံ၊ ၇၆ သန်းကျော်သည့် နိုင်ငံကတစ်နိုင်ငံနှင့် လာအိုနိုင်ငံတစ်နိုင်ငံသာ မိမိတို့နိုင်ငံထက် နည်းနေသည်ကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် မိမိတို့၏ လူဦးရေကွာခြားချက်များက ရေရှည်တွင် နိုင်ငံအတွက်ထိရောက်မှု တစ်ခုခုဖြစ်လာနိုင်သည်ဟု ထင်မြင်သည့်အတွက် ၎င်းလူဦးရေမူဝါဒကို ချမှတ်မည်ဆိုလျှင် ဌာနပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လူဦးရေအတွက် အဓိကကျသည့် အချက်အလက်များက မွေးဖွားနှုန်း၊ သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်း၊ ပြည်ပသို့ထွက်ခွာ အခြေစိုက်ခြင်း၊ ပြည်တွင်းသို့ဝင်ရောက် အခြေစိုက်ခြင်းစသည့် အချက်အလက်များ ပေါ်မူတည်မည် ဖြစ်သည့်အတွက်ကြောင့် ဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်ရန်ဖြစ်နိုင်မည့် အခြေအနေမရှိပါကြောင်း၊ ဝန်ကြီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးစသဖြင့် အချက်အလက်ပေါင်း များစွာအတွက် ကြိုတင်မှန်းဆပြီး လူဦးရေမူဝါဒ ချမှတ်ဆောင်ရွက်သင့်သည်ဟု မိမိအနေဖြင့် မြင်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများ အားလုံးသည် မိမိတို့နိုင်ငံ၏ အခြေအနေအရ လူဦးရေမူဝါဒများ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ အကြမ်းဖျင်း ပြောရမည်ဆိုလျှင် လူဦးရေတိုးနှုန်းများသည့် နိုင်ငံများသည် လူဦးရေတိုးနှုန်းနည်းအောင် ဆောင်ရွက်နေရပြီး လူဦးရေတိုးနှုန်းနည်းနေသည့် အရှေ့အာရှမှာဆိုလျှင် ဂျပန်နှင့်တောင်ကိုရီးယား လူဦးရေတိုးနှုန်းများ အောင်လည်း Incentive ခေါ် ကျွန်တော်တို့ အကျိုးတရားများနှင့် ပံ့ပိုးကူညီနေခြင်း၊ တစ်ခါ EU နိုင်ငံများတွင် လူဦးရေတိုးနှုန်းများ နည်းပါးလာခြင်းဖြစ်သည့်အတွက် အခြေချနေထိုင်သူများကို ခေါ်ယူပြီး လုပ်နေရခြင်းများဖြစ်ပါကြောင်း၊ ၎င်းအတွက်လည်း ပြဿနာများ၊ အခက်အခဲများ ကြုံတွေ့နေရခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများနှင့် ကိုက်ညီမည့် လူဦးရေမူဝါဒ (National Population Policy) တစ်ခု ချမှတ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူဦးရွေပြောင်းလဲမှုဖြစ်စဉ်နှင့် လူဦးရေဆုလာဘ်ရရှိမှု အခြေအနေများကို လက်ဆုပ်လက်ကိုင် ပြုနိုင်ရန်နှင့် လူဦးရေဆုလာဘ်၏ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ရန်အတွက် လူဦးရေမူဝါဒ ချမှတ်ရန် လိုအပ်ပါကြောင်း၊ လူဦးရေဆိုင်ရာ မူဝါဒရေးဆွဲရာတွင် မိမိတို့နိုင်ငံအတွက် သင့်လျော်မှု အရှိဆုံး၊ အဆီလျော်ဆုံးဖြစ်သည့် အနေတော်လူဦးရေ Optimum Population မိမိနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခြေအနေ ပထဝီဒေသအလိုက် လူဦးရေပျံ့နှံ့နေထိုင်မှု၊ မိမိနိုင်ငံ၏ လက်ရှိလူဦးရေတိုးနှုန်း၊ မွေးနှုန်း၊ သေနှုန်း၊ ရွှေ့ပြောင်းနေထိုင်နှုန်း၊ မျှော်မှန်းသက်တမ်း၊ အိမ်နီးချင်းနိုင်ငံများ၏ လူဦးရေသိပ်သည်းဆ၊ ပျံ့နှံ့နေထိုင်မှုတို့နှင့် အမျိုးသား လုံခြုံရေးအတွက် ကာကွယ်ရေးအင်အား လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစား သုံးသပ်ရမည် ဖြစ်သည့်အပြင် လုံခြုံရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးကို ဟန်ချက်ညီစေမည့် လူဦးရေအရွယ်အစား တိုးနှုန်း၊ ပျံ့နှံ့နေထိုင်မှု၊ ပါဝင်ဖွဲ့စည်းမှုတို့ဖြင့် သက်ဆိုင်သည့်မူဝါဒများ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် သက်ဆိုင်သော မူဝါဒများပါဝင်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်းစာရင်းအချက်အလက်များကို အသေးစိတ်လေ့လာဆန်းစစ်ထားသည့် သုတေသနစာတမ်းများမှ တွေ့ရှိချက်များကို မူတည်ပြီးမှ လူဦးရေမူဝါဒရေးဆွဲနိုင်ရန် ရည်မှန်းထားပါကြောင်း၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတစ်နိုင်ငံရှိ လူဦရေဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အတွက် ဥပဒေ၊ နည်းဥပဒေနှင့်မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက်ကို လုပ်ငန်းစဉ်၏ပထမ ခြေလှမ်းအဖြစ် အမျိုးသားအဆင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် (National Commission on Population In Development) ကို ဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ ၎င်းကော်မရှင်ကိုလည်း ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၂၄-၁၁-၂၀၁၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၁) ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ သို့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၉-၃-၂၀၁၆ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၁/၂၀၁၆) ဖြင့် ဖျက်သိမ်းခဲ့ပါကြောင်း၊ ပြန်လည်ဖွဲ့စည်းခွင့်ပြုရန် ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းခွင့်ရရှိမည် ဆိုလျှင်လည်း လူဦးရေမူဝါဒရေးဆွဲခြင်း လုပ်ငန်းစဉ်များကို ကော်မရှင်မှဦးစီးပြီး ဝန်ကြီးဌာနပေါင်းစုံပါသည် အဖွဲ့များနှင့် စနစ်တကျဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံံ့ခိုင်မြဲရေးတို့အတွက် အမျိုးသားလူဦးရေမူဝါဒကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
