ရွာငံ မြို့နယ်တွင် ရွှေသံလွင်စိုက်ပျိုးရေးကုမ္ပဏီမှ မြေလွတ်၊ မြေ လပ်၊ မြေရိုင်းများဖော်ထုတ်ရေးစီမံချက်ကို အကြောင်းပြုပြီး တောင်သူ လယ်သမား များလုပ်ကိုင် စားသောက်နေသော တောက်ယာမြေများအား မည်သည့်လျော်ကြေး မှ ပေးဆောင်ခြင်းမရှိဘဲ သိမ်းယူခဲ့မှုများရှိခဲ့သည့် အတွက် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်ထံ တိုင်ကြားခဲ့ရာ ကော်မရှင်အဖွဲ့ခွဲမှ လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကွင်းဆင်စိစစ်ချက်များ အပေါ်မူတည်၍ နှစ်ရှည်သီးနှံမစိုက်ပျိုးရသေးသော သိမ်းယူထားသည့်မြေများ အား တောင်သူလယ်သမားများ ထံ ပြန်လည်ပေးအပ်စေပြီး နှစ်ရှည် သီးနှံ ပင်များကြားတွင်လည်းသီးစားခမယူဘဲရာသီသီးနှံစိုက် ပျိုးပေးစေကြောင်းနှင့် နှစ် ရှည်သီးနှံ စိုက်ပျိုးထားပြီး မြေများတွင်မူ ထိုက်သင့် သည့် လျော်ကြေးငွေပေးစေကြောင်း ကော်မရှင်အဖွဲ့ခွဲ၏ သဘောထားကို ကြား သိရပြီး ဖြစ်ပါကြောင်း၊ သို့ရာတွင် ကော်မရှင်မှ လာရောက်ကွင်းဆင်းသည့် အချိန်ထိ လုံးဝစိုက်ပျိုးခြင်းမရှိခဲ့သော မြေပေါ်တွင် ယခုနှစ် မိုးရာသီအမီ နှစ်ရှည်သီးနှံပင်များစိုက်ပျိုးရန်အတွက် ကျင်းတူးခြင်း၊ ရေတင်ခြင်းများကို စီစဉ် ဆောင်ရွက်လျက ရှိသည်ကို ကြားသိမြင်တွေ့နေရပြီး နှစ်ရှည်ပင်များ အကြား ရာသီသီးနှံစိုက်ပျိုးခြင်းကိုမူ ယခင်နှစ်များကကဲ့သို့ ခွင့်မပြုတော့ ကြောင်းကိုလည်း ကြားသိနေရပါကြောင်း၊ ထို့ကြောင့် တောင်လယ်သမားများသည် လျော်ကြေးငွေလည်းမရ၊ စိုက်ပျိုးခွင့် လည်း ဆုံးရှုံး၊ တာဝန်ရှိသူများ မှာလည်း ယခု အချိန်ထိ လာရောက်ဆောင်ရွက်ပေးခြင်း မရှိသေးသဖြင့် တောင်သူ လယ်သမားများတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသောကြောင့် စိုက်ပျိုးရေးကုမ္ပဏီနှင့် တောင်သူ လယ်သမားများအကြား မပြေမလည်ဖြစ်နေမှုများကို နိုင်ငံတော်မှ မည်သို့မည်ပုံဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ရွာမရပ်ကွက်၊ ကျောက်မြောင်း၊ ညောင် အိုင်၊ ကျောက် ပုံ၊ ကျန်တောကျေးရွာအုပ်စု အတွင်းမှာရှိ ကွင်းအမှတ် (၄၄၊ ၅၅၊ ၅၆၊ ၈၆၊ ၈၇၊ ၉၀၊ ၁၁၆) အတွင်းရှိ မြေဧရိယာ ၁၃၇၆.၁၄ ဧကကို ၁၉၇၁ ခုနှစ် မှ ၁၉၉၅ ခုနှစ်အထိ ဦးပိုင်ပေါင်း ၅၈၂ ဦးပိုင်တွင် မူလတောင်သူ ၄၁၁ ဦးမှ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ယင်းမြေနေရာများသည် စိုက်ပျိုးလုပ်ကိုင်ခြင်းမပြုဘဲ လှပ်မြေများဖြစ်နေသည်ကို တွေ့ရှိရသည့်အတွက် တပ်ရင်းတပ်ဖွဲ့များမှ စိုက်ပျိုးမှုပြု လုပ်ခဲ့ ကြောင်း၊ ရွှေသံလွင်ကုမ္ပဏီ၏ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဟန်မြင့်မိုရ်၊ ရွာငံ၊ အောင်ပန်း၊ ကတ္တရာ လမ်းဖွင့် ပွဲ၌ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏အမိန့်နှင့် တပ်ရင်းတပ်ဖွဲ့များ စိုက်ပျိုးမှုပြု လုပ်ခဲ့သော လှပ်မြေများအား ရွှေသံလွင်ကုမ္ပဏီသို့ လွှဲပြောင်း ပေး ခဲ့ကြောင်း၊ ရွှေသံလွင် ကုမ္ပဏီမှ လွဲပြောင်း ရယူခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အား လုပ်ကိုင်ခွင့် လျောက်ထားခဲ့ရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ၁၂-၁၂-၂၀၀၁ ခုနှစ်ရက်စွဲပါ စာအမှတ်၊ ၅၇၃၀/၁၀မယ(ဖ) (၁၁)၂၀၀၁ ဖြင့် ဧရိယာ ၁၃၇၆.၁၄ ဧက လုပ်ကိုင်ခွင့်ရရှိခဲ့သဖြင့် ရာသီသီးနှံနှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိခဲ့ရပါကြောင်း၊
အဆိုပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရမြေများတွင် ရွှေသံလွင်ကုမ္ပဏီမှ ၂၀၁၂-၂၀၁၃ ခုနှစ်ထိ မက္ကဒေးမီးယား၊ သရက်၊ မက်မန်း၊ ကော်ဖီ၊ ဒညင်း၊ လိမ္မော်စသည့် နှစ်ရှည်ပင်များ ၆၈၁ ဧကနှင့် ရာသီသီးနှံ ၂ ဧက ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး အဆောက်အဦများအတွက် ၆ ဧကနှင့် မူလလုပ်ကိုင်ခွင့်ရမြေ ၁၃၇၆ ဧကမှ စုစုပေါင်း ၆၈၉ ဧကထိ ဖော်ထုတ် အသုံးချပြီး ကျန်မြေ ၆၈၇ ဧကကို ရွှေသံလွင်ကုမ္ပဏီမှ ဒေသခံတောင်သူများအား တစ်ဧကလျှင် စပါး ၂ တင်းခွဲနှုန်းဖြင့် နှစ်စဉ် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်စေခဲ့သည်ဟုသိရှိခဲ့ပါကြောင်း၊
ရွှေသံလွင်ကုမ္ပဏီအနေနှင့် ယခုနှစ်မိုးရာသီတွင် နှစ်ရှည်ပင်ဧက ၃၀ စိုက်ပျိုးရန် မြေယာပြုပြင် ဆောင်ရွက်လျက် ရှိပြီး ယခင်နှစ်က ရာသီသီးနှံ နှစ်စဉ်စိုက်ပျိုးခဲ့သည့် တောင်သူများကိုလည်း ယခုနှစ်တွင် သီးစားခရယူ၍ ဆက်လက် စိုက်ပျိုးခွင့်ပြုမည်ဖြစ်ကြောင်း၊ နှစ်ရှည်ပင်များအကြား ရာသီ သီးနှံစိုက်ပျိုးခြင်းကိုလည်း ယခင်နှစ်များ ကဲ့သို့ တောင်သူများကို ဆက်လက်စိုက်ပျိုးခွင့်ပြုသည်ဟု သိရှိရပါကြောင်း၊
မူလဦးပိုင်ပေါက် တောင်သူများမှ ပြန်လည်လုပ်ပိုင်ခွင့်ရလိုကြောင်း တင်ပြခဲ့ခြင်းအပေါ် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် အဖွဲ့ခွဲ ၇ မှ ၁၄-၉-၂၀၁၂ ရက်နေ့တွင် လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအရ လက်တွေ့ကျ ကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ပေါ်ထွက် လာမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရွာငံမြို့နယ်အတွင်းရှိ ရွှေသံလွင်ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အနက် အသုံးမပြုရသေးသော မြေများနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး၊ စုံစမ်းရေးကော်မရှင် အဖွဲ့ခွဲ၏ စစ်ဆေးတွေ့ရှိချက်များ အရ ထွက်ပေါ်လာသည့် နည်းလမ်းများအပေါ် မူတည်၍ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော မြေ လွတ်၊ မြေ လပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးဥပဒေ၊ နည်း ဥပဒေများနှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြေပြင်ပကတိ အခြေအနေမှန်အတိုင်း စိစစ်စစ်ဆေး ဖြေရှင်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
