ဝိုင်းမော်မြို့နယ်၏ တစ်စိတ်တစ်ဒေသဖြစ်သော ဝိုင်းမော်နှင့် ချီဖွေမြို့နယ် ဆက်သွယ်ရေးလမ်းကြောင်း ကားလမ်းမပေါ်တွင် မဒိန်း၊ ဝူယန်၊ နန့်ဝါ၊ ဝါရှောင်၊ ဒိန်းဂျန်ယန်၊ နောင်စီပေါ၊ နွယ်မော်ယန်၊ မန်ဝိန်း၊ ဆိုင်လော်၊ ဖုန်တန်ကောင့်၊ မန်ဒေါင်း၊ ရှငေါ်နှင့် မဂရမ်းယန်စသော ကျေးရွာ ၁၃ ရွာတည်ရှိပြီး အိမ်ခြေပေါင်း ၃၂၀၄ အိမ်၊ လူဦးရေ ၂၁၀၀၀ ကျော်ရှိပါကြောင်း၊ ထို့အပြင် ကျေးရွာ ၁၃ ရွာတွင် အထက်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၃ ကျောင်း၊ မူလွန် ၅ ကျောင်းနှင့် မူလတန်းကျောင်း အားလုံး ၁၈ ကျောင်းရှိသည့်နည်းတူ ဆေးခန်း ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၃ ခုစသည်ဖြင့် တည်ရှိကာ ဝန်ထမ်းများ လည်းရှိပါကြောင်း၊ ထို့ပြင် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အလုပ်လုပ်ကြသော လုပ်သားပြည်သူများ လည်း များပြားစွာရှိသောကြောင့် အဆိုပါ ကျေးရွာ ၁၃ ရွာ၏ ရွာထိပ်များ၊ ရွာ၏ ပတ်ဝန်းကျင်များနှင့် ကားလမ်း တစ်လျောက်တွင် ခိုင်မာတောင့် တင်းသော လျှပ်စစ်မီးတိုင်များ၊ မီးကြိုးများ သွယ်တန်းထားခြင်း ကို ပြည်သူများ က မျှော်လင့်လျက်ရှိကြပါကြောင်း၊ ထို့ကြောင့် အဆိုပါ ကျေးရွာများအတွက် နိုင်ငံတော် အစိုးရအနေနှင့် လျှပ်စစ် မီးလင်း နိုင်ရေးကို တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိနှင့် ရှိပါက မည်သည့်အချိန်မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးမည်၊ အကောင်အထည် မဖော်နိုင်ပါက မည်သည့် အကြောင်းကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ဝိုင်းမော်မြို့နယ်တွင်ရှိသော မဒိန်း၊ ဝူယန်၊ နန့်ဝါ၊ ဝါရှောင်၊ ဒိန်းဂျန် ယန်၊ နောင်စီပေါ၊ နွယ်မော်ယန်၊ မန်ဝိန်း၊ ဆိုင်လော်၊ ဖုန်တန်ကောင့်၊ မန်ဒေါင်း၊ ရှငေါ်နှင့် မဂရမ်းယန်စသော ကျေးရွာ( ၁၃)ရွာသည် ဝိုင်းမော်- ချီဖွေမြို့နယ် ကား လမ်းမဝဲ/ ယာများတွင် တည်ရှိပါကြောင်း၊ ဝိုင်းမော်ပင်မဓာတ်အားခွဲရုံမှ ဝါရှောင်ကျေးရွာအထိ (၁၁) ကေဗွီ ဓာတ်အားလိုင်း (၁၃)မိုင် တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားပြီး အဆိုပါ ဓာတ်အားလိုင်းပြီးစီးပါက ဝူယန်၊ နန့်ဝါနှင့် ဝါရှောင်ကျေးရွာ(၃) ရွာအား ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာနှင့် ၄၀၀ ဗို့လိုင်းများ တည်ဆောက်ခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားနိုင်ပြီး ဓာတ်အားရရှိမည်ဖြစ်ပါကြောင်း၊ အကယ်၍ အလျင်အမြန် ဓာတ်အား ရရှိလိုပါက အခြားတိုင်းနှင့်ဒေသကြီး များနှင့် ပြည်နယ် များမှ နည်းတူ ကျေးရွာမီးလင်းရေးကော်မတီဖွဲ့ပြီး ဓာတ်အားရ ယူနိုင်ပါကြောင်း။
ကျန်ကျေးရွာများဖြစ်သော ကျေးရွာ ၁၀ ရွာက ဝိုင်းမော်ပင်မဓာတ်အားခွဲရုံမှဓာတ်အားလိုင်း ၆၂ မိုင်ခန့် ကွာဝေးသောကြောင့် ၁၁ ကေဗွီဓာတ်အားလိုင်းစနစ် အသုံးပြုနိုင်သော အကွာအဝေးတွင် မရှိ၍ ဓာတ်အားပေး၍ မရသေးကြောင်းနှင့် အနည်းဆုံး ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်မှသာ ဓာတ်အားပေးနိုင်မည်ဖြစ်၍လည်းကောင်း၊ မတည်ရင်းနှီးငွေသုံးစွဲမည့် ငွေကြေးပမာဏ များပြားမှုအခြေအနေ အရသော်လည်းကောင်း၊ယခုအချိန်တွင် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးခြင်းဖြစ်ပါကြောင်း၊ ဝိုင်းမော် ပင်မ ဓာတ်အားခွဲရုံမှ ၆၆ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရန် လိုင်အူ ကြောင်း ရှာဖွေတိုင်းတာခြင်းနှင့် ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ရန်နေရာ ရွေးချယ်ခြင်း၊ ကျေးရွာများကို ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့် ၁၁ ကေဗွီအေ လိုင်းများတပ်ဆင်ရန် အခြေအနေတို့ကိုစိစစ်ပြီး လိုအပ်သော ရန်ပုံငွေပမာဏကို ခန့်မှန်း တွက်ချက်၍ စီမံကိန်း လျာထားချက်တွင် ထည့်သွင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
