နိုင်ငံတော် အစိုးရအဆက်ဆက်အနေဖြင့် လစာနှုန်းထား တိုးမြှင့်ပေးခဲ့မှုများသည် ၁၉၇၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ၃၈ နှစ်တာကာလအတွင်း ကိုးကြိမ်ရှိခဲ့ပါသော်လည်း လူမှုပတ်ဝန်းကျင်တိုးတက်မှုနှင့် ကုန်ဈေးနှုန်း တိုးမြင့်မှုမှာ မှန်မှန် မြင့်တက်လာခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် နည်းပညာတိုးတက်လာတာသည်နှင့်အမျှ လူမှု အသုံးအဆောင်ပစ္စည်းများ၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုများသည် လျင်မြန်စွာတိုးတက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် အခြေခံအားဖြင့် မူလတန်းပြဆရာတစ်ဦး၏ မူရင်းလစာ ၈၀၀၀၀ ကျပ်၊ ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်၊ စုစုပေါင်း ၁၁၀၀၀၀ ကျပ်ရှိပါကြောင်း၊ ၎င်းလစာနှုန်းထားသည် စားရေးသောက်ရေးနှင့် လူမှုရေးကိစ္စများ အတွက် အဆင်ပြေနိုင်ပါကြောင်း၊ ၎င်းဝန်ထမ်းပေါ်မီတည်နေရသော မှီခိုသူနည်း/များအပေါ်တွင်လည်း မူတည်ပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းမျာသည် မိမိ၏ လစာကို ချွေတာသုံးစွဲစုဆောင်းကာ လိုအပ်သောအသုံး အဆောင်ပစ္စည်းများကို ဝယ်ယူစုဆောင်းဖြည့်တင်းခြင်းဖြင့် လူနေမှုဘဝကို မြှင့်တင်ရသည့်သဘော ရှိပါကြောင်း၊ ယခုအချိန်တွင် လစာမှပိုငွေကို စုဆောင်းရန် ခက်ခဲသည့်အတွက် နိုင်ငံ့ဝန်ထမ်းများသည် ၎င်းတို့၏ အကျင့်စာရိတ္တနှင့် ဂုဏ် သိက္ခာကို တန်ဖိုးထား ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ခေတ်နှင့်လျော်ညီသော လူနေမှုဘဝကို တည်ဆောက်ကြမည် ဆိုပါက လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပွားလာနိုင်ပါကြောင်း၊
သို့ပါ၍ နိုင်ငံံ့ဝန်ထမ်းများ၏ လူနေမှုဘဝမြှင့်တင်ခြင်းဖြင့် ဝန်ထမ်းအကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများလျော့ နည်းစေနိုင်ပါ၍ နိုင်ငံ့ဝန်ထမ်းများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရန် မည်သို့အစီအမံများ ရေးဆွဲဆောင်ရွက်ထားသည်ကို သိရှိလိုပါမေးမြန်းပါသည်။
ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများအနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်နှိမ်နှင်းရန် ကြိုးပမ်းလျက်ရှိသည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထိုအတူ မိမိတို့နိုင်ငံတွင်လည်း ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်စေရန် ရည်မှန်းချက်ထားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပြုပြင်ပြောင်း လဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများ အဂတိလိုက်စားမှုများ မရှိစေရန်အတွက် ဝန်ထမ်း များ စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားလာစေရန်နှင့် ဝန်ထမ်းများ သက်သာချောင်ချိစေဖို့နဲ့ အုပ်ချုပ်မှုစနစ် မှန်ကန်စေဖို့အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် စီမံရာတွင်အခါမှာ ဥပဒေအရ အရေးယူအပြစ်ပေးခြင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ဖြစ်ပွားရသည့်အကြောင်းရင်းကို ရှာဖွေပြုပြင်နိုင်မှသာလျှင် အဂတိလိုက်စားမှု ပပျောက်သွားမည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာက သုတေသနပြုလုပ်ထားသော တားဆီး ကာကွယ်ရေး နည်းလမ်းများကို ရယူပြီး ကိုယ့်နိုင်ငံ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် စပ်ဟပ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းလမ်း တွေကို ရှာဖွေပြီး စီမံခန့်ခွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖြစ်စေရန် အဂတိလိုက်စားမှုပပျောက်ရေးကိုလည်း အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုအစိုးရလက်ထက်တွင် နိုင်ငံတော်၏ ရငွေသုံးငွေတွေပေါ်မှာမူတည်ပြီးတော့ အစိုးရဝန်ထမ်းများ၏ လစာကို ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် တိုးမြှင့်ပေးခဲ့ပြီးဖြစ်သည့် အပြင် ထောက်ပံ့ကြေးငွေ သုံးသောင်းကိုလည်း ဆက်လက်ပြီး ခံစားစေလျက်ရှိပါကြောင်း၊ ဝန်ထမ်းများ တာဝန်ဖြင့် ခရီးသွားလာရပါက နေ့တွက်စရိတ်၊ ခရီး စရိတ်၊ စားစရိတ်များ ခံစားစေပါကြောင်း။ ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း လူမှုရေးခက်ခဲသော မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို ဒေသ စရိတ် ခံစားခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်း သားသမီး၏ ပညာရေးနှင့် ပတ်သက်၍ ပညာသင်စရိတ်၊ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခြင်း၊ ပညာရည် ထူးချွန်သော ဝန်ထမ်းများ သားသမီးများကို သက်ဆိုင်ရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဂုဏ်ပြုချီးမြှင့်မှုများ ဆောင်ရွက်ပေးခြင်း၊ မိသားစုရှိရာဒေသကို ဝန်ထမ်းများ တွေကို ဖြစ်နိုင်သရွေ့ ပြောင်းရွှေ့တာဝန်ချ ထားပေးခြင်း၊ ဝန်ထမ်းအိမ်ရာ အဆောက် အဦများ ဆောက်လုပ်နေထိုင်ခွင့်ပေးထားခြင်း၊ ရုံးတက် ရုံးဆင်းချိန် များတွင် ကြိုပို့ယာဉ် စီစဉ်ပေးနိုင်သည့်နေရာများတွင် ကြိုပို့ယာဉ်များစီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ နိုင်ငံတော်မှ ရငွေပိုမိုရရှိရန်အတွက်လည်း ဖို့အတွက် အခွန်စီမံခန့်ခွဲမှု များဖြင့် အခွန်ဘဏ္ဍာငွေစုစည်းမှု တိုးတက်စေခြင်း၊ အခွန်ဘဏ္ဍာငွေရင်းမြစ်အားလုံး ဘတ်ဂျက်တွင် ပါဝင်လာရန် အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံဝန်ထမ်းများ၏ ကိုယ်ကျင့်သိက္ခာနှင့် အကျင့်စာရိတ္တ ထိန်းသိမ်းနိုင်ရန်အတွက်လည်း ပညာပေးရေး လုပ်ငန်းတွေဖြစ်သော အခြေခံသင်တန်း၊ မွမ်းမံသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် လိုက်နာဆောင်ရွက်ရ မည့် အချက်တွေကိုလည်း ပို့ချပေးလျက်ရှိပါသကဲ့သို့ ဌာနတွင်း အစည်းအဝေးများ၊ ဆန္ဒဖော်ထုတ်ပွဲ များတွင် လည်း ဝန်ထမ်းများ၏ အခက်အခဲများကိုတင်ပြစေ၍ လိုအပ် သလို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
ဝန်ထမ်းများ၏ တာဝန်နှင့် အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များ သိရှိလိုက်နာစေရန်အတွက် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ စာအုပ်ကို လိုက်နာဆောင်ရွက်နိုင်ရန် ထုတ်ဝေပြီးဖြစ်ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်စေရန်အတွက် အစိုးရအဖွဲ့အစည်း များ အတွင်းတွင် အဂတိတရားများကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရေးတို့ အတွက်လည်း နိုင်ငံတော်သမ္မတရုံး၏ ၈-၁-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၁၃ဖြင့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်ကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ကို အဆိုပါဥပဒေ အာဏာတည်သော နေ့ရက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော် သမ္မတရုံး၏ ၂၅-၂-၂၀၁၄ ရက်စွဲပါ အမိန့်အမှတ်၊ ၆/၂၀၁၄ ဖြင့် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်ကိုလည်း ၄-၈-၂၀၁၄ ရက်စွဲပါ အမိန့်အမှတ်၊ ၁၉/၂၀၁၄ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖြစ် အမည်ပြောင်းလဲသတ်မှတ်ကာ လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းသွားစေရန် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊
မိမိတို့အနေဖြင့် ရငွေသုံးငွေပေါ် မူတည်ပြီး့ သင့်လျော်သောနှစ်များတွင် သင့်လျော်သောနှုန်းထားများဖြင့် နိုင်ငံ့ဝန်ထမ်းများ လစာတွေ တိုးမြှင့်ပေးလျက်ရှိပြီး အကျိုးခံစားခွင့်တွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
