၁၉၈၂ ခုနှစ်၊ ခန္တီးမြို့နယ်၏ သမိုင်းမှတ်တမ်း၊ စာမျက်နှာ ၃၈ ပါအရ ခရစ်သက္ကရာဇ် ၁၉၃၉ ခုနှစ်၊ အင်္ဂလိပ်အစိုးရလက်ထက်တွင် နာဂတောင်တန်းခရိုင်၊ ခန္တီးရုံးစိုက်ရာကို ဇင်းကလိန်းခန္တီးအဖြစ် သတ်မှတ်ခဲ့ပြီး ခန္တီးမြို့ကို မြို့နယ်အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့် ခန္တီးမြို့သည် ယခုအချိန်ထိဆိုရင် နှစ်ပေါင်း ၇၆ နှစ်ရှိပြီးဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ်မှာ ရေးဆွဲခဲ့သောမြေပုံအရ ကျောက်စိမ်းတွင်းကို ခန္တီးမြို့က့ မိုင် ၂၀ အကွာ နန်စီဘွန်ဒသမှာ သတ်မှတ်ခဲ့ပါပြီး မြေဧက ဧရိယာအတိအကျမရှိခဲ့ဘဲ ကျောက်စိမ်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲပါ သတ္တုတွင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၈၉/၂၀၀၁ ဖြင့် ခန္တီးမြို့နယ်၏ ကျောက်စိမ်းတွင်းဧရိယာကို ခန္တီးမြို့ကနေ အထက်ပိုင်း ၄၅ မိုင်၊ တံခွန်ချောင်းအထိ ခန္တီးမြို့ကနေ ချင်းတွင်းမြစ် အောက် မြစ်ကြောင်းအတိုင်း ၃၆ မိုင် ကောင်းဟိန်အထိ ဧကပေါင်း ၇၄၄၃၂၀ သတ်မှတ်ခဲ့သော်လည်း အောက်ပိုင်းတွင် ထမံသီဘေးမဲ့တော အပေါ်ပိုင်းတွင် ဟူးကောင်းဘေးမဲ့တောများကြောင့် အသားတင် ၆၅၀၀၀၀ ကျန်ရှိပါကြောင်း၊ ယင်းကျန်ရှိသည့်အထဲတွင် မြို့ပေါ် သုံးရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၀ ပါဝင်နေပါကြောင်း၊ မြို့ပေါ်တွင် အခြေချစစ်ဗျူဟာ တပ်ရင်းသုံးရင်း၊ တပ်စွယ် သုံးခု၊ ခရိုင် အဆင့်ဌာနဆိုင်ရာ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရုံးစိုက်ထားခြင်း၊ ကျေးရွာ ၂၀ တွင်ရှိသော ပြည်သူလူထုများသည် ကျောက်စိမ်းဧရိယာလုပ်ကွက်များတွင် ကျရောက်နေခြင်းများကြောင့် လုပ်ကိုင် စားသောက်ရသည်တွင် များစွာစိတ်အနှောင့်အယှက်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားမှုမရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ခန္တီးရတနာမြေကို ချင်းတွင်းမြစ်ကနေ ငါးမိုင်အကွာကနေပြီး ကချင်ပြည်နယ် နယ်စပ်အထိ ပြန်လည် ပြင်ဆင်သတ်မှတ်ဖို့အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သတ္တုတွင်းဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်များဖြင့် ကျောက်မျက်ရတနာထွက် ရှိနိုင်သော နေရာများကို ရတနာနယ်မြေများအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ရဲ့ ၄၀/၂၀၀၁ အကြိမ်မောက်အစည်းအဝေး သဘောတူညီချက်အရ ၁၁၆၃ စတုရန်းမိုင်ဧရိယာအကျယ်အဝန်းရှိသော ခန္တီးရတနာနယ်မြေကို ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၀၁)နဲ့ ထုတ်ပြန် သတ်မှတ်ခဲ့ပါကြောင်း၊ ရတနာနယ်မြေသတ်မှတ်မှုနှင့်ပတ်သက်ပြီး ဦးစွာပထမ ကွင်းဆင်းတိုင်းတာခြင်း၊ ဘူမိဗေဒဖြစ်စဉ်များ၊ မြေပြင်တွင် တွေ့ရှိရသော သဲလွန်စများ၊ စမ်းသပ်တူးဖော်ခြင်းများနှင့် ဒေသခံများတို့၏ ပြောပြချက်များအရ အဖက်ဖက်ကနေ တွက်ချက်စဉ်းစားသုံးသပ်ကာ ကျောက်မျက်ရတနာ ထွက်ရှိနိုင်သော နေရာများကို အစိုးရအဖွဲ့ထံသို့ တင်ပြ အတည်ပြုချက်ရယူပြီး ရတနာနယ်မြေ များအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်စိမ်းတူးဖော်ရေးဌာန(ခန္တီး)သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာန တို့မှ ကိုယ်စား လှယ်များပါဝင်သော အဖွဲ့များဖြင့် ရတနာနယ်မြေအတွင်းမှာ ကျောက်မျက်လုပ်ကွက်များကို လုပ်ကိုင်ခွင့် ချထားပေးရေးအတွက် လျှောက် ထားလာတဲ့လုပ်ကွက်မြေသည် လယ်မြေများနှင့် ယာမြေများ၊ ဘေးမဲ့တော၊ ကာကွယ်တောများ၊ ကျေးရွာမြေများနှင့် သာသနာ့နယ် မြေ၊ စေတီဘုရား၊ သာသနိကကျောင်းများနှင့်အဆောက်အအုံများ၊ မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်များ၊ အများသုံးလမ်းမကြီးများ၊ ရေဦးရေထွက်နှင့်အများသုံးရေကန်ကြီးများ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်နိုင်သော မြေနေရာများ၊ စီမံကိန်းနယ်မြေ၊ စီမံကိန်းဧရိယာများ၊ လုပ်ကိုင်ခွင့်ပြု ထားသော လုပ်ကွက်များနှင့် ညှိစွန်းမှုရှိ/မရှိ၊ ချင်းတွင်းမြစ် ကမ်းစပ်မှ ပေ ၃၀၀ အတွင်း ကန့်သတ်ထားသော နယ်နိမိတ်အတွင်း ကျရောက်နေခြင်း စသည့်အချက်များနှင့် လွတ်ကင်းမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကို တင်ပြရပါကြောင်း၊ ထိုသို့ စိစစ်တင်ပြမှုအပေါ် သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့်ကြီးကြပ်ရေး လုပ်ငန်း ကော်မတီမှ တစ်ဆင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ အစည်းအဝေးကိုတင်ပြ အတည်ပြုချက်ရယူပြီး တင်ဒါစနစ်ကျင့်သုံးကာ လုပ်ကိုင်ခွင့်များ ခွင့်ပြုပေးခဲ့ပါကြောင်း၊
ယခုအနေအထားအရ ခန္တီးရတနာနယ်မြေအတွင်း ကျရောက်လျက်ရှိသော ချင်းတွင်းမြစ်ကမ်းမှ ပေ ၃၀၀ အကွာမှ ၅ မိုင်အတွင်း ညောင်တစ်လျှောက်မှော်တွင် လုပ်ကွက် ၂၉ ကွက်ကို ၂၄-၇-၂၀၁၂ ရက်နေ့က စတင်ကာ ၂၃-၇-၂၀၁၅ ရက်နေ့အထိ သုံးနှစ်လုပ်ကိုင်ခွင့် ချထားပေးခဲ့ပါကြောင်း၊ ၃၁-၅-၂၀၁၂ ရက်နေ့က စတင်ကာ တူးဖော်မှုလုပ်ငန်းများ အားလုံး ရပ်နားခဲ့ရပြီး ရပ်နားခဲ့ရသည့် ကာလအလိုက် သတ်တမ်းတိုးရေးကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် ညောင်တစ်လျှောက်မှော်၊ ကမ်းလှိုင်မှော်၊ ကောင်းမှု မှန်ပင်မှော်၊ နောင်းလီမှော်၊ လင်းဖာမှော်၊ ဖောင်ဆိုင်မှော်၊ စိန်နန်းမှော်၊ နန့်ဖီးလင်းမှော်၊ ရွှေမြချောင်းမှော်၊ ကောင်းဟိန်မှော်၊ အရှေ့ကောက်တောင်းမှော်တို့မှာလည်း ကျောက်စိမ်းတူးဖော် လုပ်ကိုင်ခွင့် အတွက် လျှောက်ထားသောလုပ်ကွက် ၅၈၇ ကွက်ကို အဖွဲ့နှင့်ကွင်းဆင်းစစ်ဆေးပြီး မြန်မာ့ကျောက်မျက် ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ခွင့်ချထားပေးနိုင်ရန် စိစစ်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
မိမိ အထက်တွင် ရှင်းလင်း တင်ပြခဲ့သည့် အတိုင်း ခန္တီးရတနာနယ်မြေအဖြစ် သတ်မှတ်ထားရှိသည် မှန်ပါသော်လည်း ရတနာနယ်မြေ အတွင်းမှာ ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ သစ်တောစိုက်ခင်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အဆောက် အဦများ ဖော်ထုတ်ထူထောင်မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းပြီးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ခန္တီးရတနာနယ်မြေကို ချင်းတွင်းမြစ်ကနေပြီး ၅ မိုင်အကွာ မှစတင်ပြီး သတ်မှတ်ရန်အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
