(ဂ)-အစိုးရဌာနများရှိဝန်ထမ်းဦးရေ၊လစာနှင့်ပုဂ္ဂလိက ကုမ္ပဏီများတွင် လုပ်ကိုင်နေသော ဝန်ထမ်းဦးရေနှင့်လက်ရှိ အလုပ်လက်မဲ့ ရာခိုင်နှုန်း မည်မျှ ရှိကြောင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများကိုအလုပ်ခန့်ထားရေး နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၄.၉.၂၀၁၄)

ဦးသိန်းထွန်းဦး (အမရပူရ) မေးခွန်း(၁)အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းဦးရေနှင့် ကျား/မ အချိုးအစား ရာခိုင်နှုန်း မည်မျှရှိပါသနည်း။ မေးခွန်း(၂)ဝန်ထမ်းများကို ထုတ်ပေးထားသည့် တစ်လလျှင် လစာ စုစုပေါင်းနှင့် တစ်နှစ်လစာ စုစုပေါင်း မည်မျှရှိပါသနည်း။ မေးခွန်း(၃) ပုဂ္ဂလိကကုမ္ပဏီများနှင့် အလုပ်ရုံများတွင် လုပ်ကိုင်နေသော ဝန်ထမ်းဦးရေမည်မျှရှိပါသနည်း။ မေးခွန်း(၄) နိုင်ငံတော်အတွင်း လက်ရှိအလုပ် လက်မဲ့ ရာခိုင်နှုန်း မည်မျှရှိပါသနည်းနှင့် မေးခွန်း (၅) ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ စတဲ့နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများကို ပြည်တွင်းတွင် အလုပ်အကိုင် ပြန်လည်ခန့်ထားရေးအတွက် မည်သို့စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

မေးမြန်းသူ

ဦးအောင်သန့် (ပုသိမ်ကြီး) (ကိုယ်စား) ဦးသိန်းထွန်းဦး (အမရပူရ)


 

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း
အဖြေ

ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းမေးခွန်း(၁) အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်း ဆောင်နေသည့် အမြဲတမ်းဝန်ထမ်းဦးရေ ၂၀၁၄ ခုနှစ်၊ ဇွန်လကုန်စာရင်းအရ ၉၀၃၃၆၆ ဦး ဖြစ်ပါကြောင်း၊ အချိုးအစားအားဖြင့် ကျား ၄၅.၁ ရာခိုင်နှုန်းနှင့် မ ၅၄.၉ ရာခိုင်နှုန်း ဖြစ်ပါသည်။ မေးခွန်း(၂) ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တစ်နှစ်အတွက် လစာ ကျပ် ၁၆၀၁.၉၅၄ ဘီလီယံလျာထားပါကြောင်း၊ အပိုထောက်ပံ့ကြေးနှင့် ဒေသစရိတ်ပါဝင်မည်ဆိုလျှင် စုစုပေါင်းလစာစရိတ်မှာ ကျပ် ၁၉၉၄.၀၇၇ ဘီလီယံလျာထားပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေအရ တစ်လအတွက် လစာစရိတ် ကျပ် ၁၆၆.၁၇၃ ဘီလီယံ လျာထားပါကြောင်း၊ နိုင်ငံတော်တွင် အမြဲတမ်းဝန်ထမ်းများအပြင် လုပ်ခစား ဝန်ထမ်းအင်အား ၁၂၀၀၀၀ ခန့်ရှိပြီး ထို လုပ်ခစားဝန်ထမ်းများအတွက်လည်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ တစ်နှစ်အတွက်လစာစရိတ် ကျပ် ၁၀၁.၇၄၁ ဘီလီယံ၊ အပိုထောက်ပံ့ကြေး ကျပ် ၄၃.၅၀၇ ဘီလီယံ၊ ဒေသစရိတ် ကျပ် ၇.၁၃၄ ဘီလီယံ စုစုပေါင်း ၁၅၂.၃၈၂ ဘီလီယံလျာထားသည့် အတွက်ကြောင့် တစ်လအတွက် ကျပ် ၁၂.၆၉၈ ဘီလီယံ လျာထားပါကြောင်း၊ မေးခွန်း(၃) ၂၀၁၂ ခုနှစ်တွင် ကောက်ယူခဲ့သည့်စာရင်းအရ ပုဂ္ဂလိကကုမ္ပဏီများ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေကြသူများသည် ၈၉၅၅၉၇ ဦးရှိပါကြောင်း၊

 မေးခွန်း(၄) နိုင်ငံတော်အတွင်း လက်ရှိအလုပ်လက်မဲ့ရာခိုင်နှုန်းနှင့် ပတ်သက်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ၁၉၉၀ ပြည့်နှစ်တွင် လုပ်သားအင်အားစစ်တမ်း ကောက်ယူပြုစုခဲ့ပြီး ၎င်း စစ်တမ်းမှရရှိသော လုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်ရှိနှုန်း၊ အလုပ်လက်မဲ့နှုန်း၊ လုပ်သားအင်အား ပါဝင်မှုနှုန်းများကိုရရှိပါကြောင်း၊ အလုပ်လက်မဲ့ဦးရေကို တွက်ချက်သည့်အခါတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ နှစ်စဉ်ရရှိသည့် လူဦးရေတိုးနှုန်းအပေါ် အခြေပြုပြီး လုပ်အားအင်အားတိုးနှုန်းကို တွက်ချက် ရယူပါကြောင်း၊ ခန့်မှန်းတွက်ချက်မှု အရ ၂၀၁၃ ခုနှစ်ရှိ အလုပ်လက်မဲ့နှုန်း ၄.၀၁ ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ကိန်းဂဏန်းများ ခန့်မှန်းတွက်ချက်မှုအရ ကိန်းဂဏန်းများဖြစ်သည့်အတွက် မှန်ကန်တိကျသည့်ကိန်းဂဏန်းများ ရရှိရန်အတွက် ၂၀၁၄-၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်းတစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ အကူအညီကို ရယူပြီးကောက်ယူသွားမှာဖြစ်ပါကြောင်း၊

မေးခွန်း (၅) ထိုင်း၊ မလေးရှားစသည့် နိုင်ငံများမှပြန်လည် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပြည်တွင်းတွင် အလုပ်အကိုင်ပြန်လည် ခန့်ထားနိုင်ရန်အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံ ရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အောက်မှာရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကလုပ်ငန်း၊ ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး အလုပ်ရှင်နှင့်အလုပ်သမားများကို တွေ့ဆုံ၊ ရွေးချယ်၊ ခန့်ထားစေသည့် သီးခြားအစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ပေးပါကြောင်း၊ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ ကြော်ငြာခေါ်ယူသည့် အလုပ်နေရာ၊ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီနှင့် ကြော်ငြာခေါ်ယူသည့် အလုပ်နေရာများတွင် တိုက်ရိုက်တွေ့ဆုံပြီး အလုပ်ခန့်ထားရေးအတွက် Job Fair ကို ဆောင်ရွက်ပေးခြင်းအားဖြင့် အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။