လေကြောင်းပို့ဆောင်ရေး ကဏ္ဍများတွင် ပို့ဆောင်ရေး ကုမ္ပဏီများပြားသော်လည်း နေပြည်တော်လေဆိပ်တွင် လေယာဉ် ဆင်းသက်မှုများ နည်းပါးလျက်ရှိသည်နှင့်အညီ နေပြည်တော်သို့ သွားလာရာတွင် ခက်ခဲမှုများနှင့် ကြုံတွေ့လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ ခရီးသွားလာရာတွင် နေပြည်တော်တွင် လေယာဉ်ဆင်းသက်မှုနည်းပါးသဖြင့် မန္တလေးသို့ သွားရောက်၍ လေယာဉ်စီးရာတွင် ခက်ခဲမှုများ ကြုံတွေ့လျက်ရှိပါသောကြောင့် ယခုကဲ့သို့ ခက်ခဲမှုများကို ပြေလည်စေရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အထူးအစီအစဉ်ချမှတ်၍ ရန်ကုန်-နေပြည်တော်-မန္တလေး-မုံရွာ-ဟုမ္မလင်း-ခန္တီး-မြစ်ကြီးနား-ဗန်းမော်-လားရှိုး-မန္တလေး-နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် နေ့စဉ် အဆင်းအတတ်လမ်းကြောင်းကို တစ်ရက်စီပြောင်းလဲသတ်မှတ်၍ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူများအတွက်၊ အလွယ်တကူ ခရီးသွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးပါရန် တင်ပြ တောင်းခံပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူ တာဝန်ခံ၍ သီးသန့်ပြေးဆွဲ၍ဖြစ်စေ သို့မဟုတ် လေကြောင်းပို့ဆောင်ရေးကုမ္ပဏီများအနေဖြင့် အလှည့်ကျတာဝန်ယူတာဝန်ခံ ပို့ဆောင်သောစနစ်ဖြစ်စေ စီစဉ်ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါကြောင်း၊
ထို့ပြင် မြို့နယ်တစ်မြို့နယ်ကို ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ ချမှတ် ပေးသဖြင့် လွှတ်တော် တက်နေစဉ်ဖြစ်သော်လည်း မိမိနှင့် အတူတကွ ရွေးချယ်သတ်မှတ်ခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးနှင့် မဲဆန္ဒရှင်ပြည်သူများကို သွားရောက် တွေ့ဆုံအားပေးရာ အပြန်ခရီးစဉ်တွင် ရာသီဥတု ဆိုးရွားမိုးရွာပြင်းထန်သဖြင့် လူမှုရေးဝန်ကြီးနှင့်အတူ တစ်ပါတည်းပူတာအိုခရိုင်စိုက်ရာ ပူတာအိုမြို့သို့ သွားရောက်၍ သက်ဆိုင်ရာသို့ တင်ပြအကူ အညီတောင်းခံခဲ့သော်လည်း လေယာဉ်လက်မှတ်များမရရှိပါကြောင်း၊ ထို့ကြောင့် လေယာဉ် ခရီးစဉ်များတွင် IP ထိုင်ခုံကိုလည်း တစ်ခု(သို့မဟုတ်)နှစ်ခု ချန်လှပ်ထားခြင်း၊ အရေးပေါ် VIP မရှိမှသာလျှင် ထွက်ခွာရန် တစ်နာရီ၊ နှစ်နာရီအတွင်းမှသာ အများပြည်သူကို ရောင်းချပေးခြင်း နည်းလမ်းများကိုလည်း ဆောင်ရွက်ရန် လိုအပ်သည့်အတွက် နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေစေရေး ကို မည်သို့မည်ပုံ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လေယာဉ် ခရီးစဉ်များ ပြေးဆွဲလျက်ရှိသော အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခုနှင့် ပြည်တွင်း လေဆိပ် ၃၀ အပါအဝင် လေဆိပ်လေယာဉ်ကွင်း ၃၃ ကွင်းတွင် လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်း/တက် အသုံးပြုနိုင်ရေး အတွက် လေယာဉ်ကွင်းများ ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် လေယာဉ်ခရီးစဉ်များကို လေဆိပ် ၂၇ ခုတွင် ပြည်တွင်း လေကြောင်းလိုင်း ရှစ်လိုင်းမှ ပြန်လည်ပြေးဆွဲပေးလျက်ရှိရာ လက်ရှိအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်းနှစ်လိုင်းမှ ပုံမှန်ပြေးဆွဲပျံသန်းလျက်ရှိသည့်အပြင် နေပြည်တော်တွင် အခြေပြုပျံသန်းမည့် လေကြောင်းလိုင်းနှစ်လိုင်း တိုးချဲ့ပျံသန်းနိုင်ရေးအတွက်ကိုလည်း ဆောင်ရွက် လျက်ရှိပြီး အခြားလေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲရန်လည်း ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်တော်မှ မေးမြန်းသည့် ခရီးစဉ်နှင့်ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီး ဌာန၊ မြန်မာ့လေကြောင်းအနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် ရန်ကုန်-နေပြည်တော်-မန္တလေး-မုံရွာ-ဟုမ္မလင်း-မုံရွာ-မန္တလေး-နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို အင်္ဂါနေ့တွင် လည်းကောင်း၊ ရန်ကုန်-မန္တလေး-ဟုမ္မလင်း-မုံရွာ-ဟုမ္မလင်း-မန္တလေး-ရန်ကုန် ခရီးစဉ်ကို သောကြာနေ့တွင် လည်းကောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး-မြစ်ကြီးနား-ပူတာအို-မြစ်ကြီးနား-မန္တလေး-ရန်ကုန် ခရီးစဉ်ကို စနေနေ့တွင် လည်းကောင်း၊ ရန်ကုန်-ဟဲဟိုး-လားရှိုး-တာချီလိတ်-ဟဲဟိုး-ရန်ကုန် ခရီးစဉ်ကို အင်္ဂါနေ့တွင် လည်းကောင်း ပြေးဆွဲလျက်ရှိသည့်အပြင်
မြန်မာ့လေကြောင်းကလေယာဉ်များသည် မန္တလေးလေဆိပ်ကို အခြေပြုပြီး မန္တလေး-မြစ်ကြီးနား-ဗန်းမော်-မန္တလေး ခရီးစဉ်ကို တနင်္လာနေ့တွင် လည်းကောင်း၊ မန္တလေး-ဗန်းမော်-မြစ်ကြီးနား-မန္တလေး ခရီးစဉ်ကို သောကြာနေ့တွင် လည်းကောင်း၊ မန္တလေး-ဗန်းမော်-မြစ်ကြီးနား-ပူတာအို-မြစ်ကြီးနား-မန္တလေးခရီးစဉ်ကို အင်္ဂါနေ့တွင် လည်းကောင်း၊ မန္တလေး-ခန္တီး-မန္တလေး ခရီးစဉ်ကို အင်္ဂါနေ့တွင် လည်းကောင်း၊ မန္တလေး-ကလေး-ခန္တီး-မန္တလေးခရီးစဉ်ကို သောကြာနေ့တွင် လည်းကောင်း ပြေးဆွဲပေးလျက်ရှိပါကြောင်း၊
ယခုအခါ မြန်မာ့လေကြောင်းသည် နိုင်ငံတော်ဘတ်ဂျက်၏ ပြင်ပက ဆောင်ရွက်နေသော စီးပွားရေး အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း နိုင်ငံတော်လိုအပ်ချက်များနှင့်အညီ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံသူ နိုင်ငံသား များ၊ တိုင်းရင်းသားပြည်သူများ ခရီးသွားလာရေးတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် အရှုံး/အမြတ် အဓိကမထားဘဲ ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပူတာအိုမြို့သို့ ပုံမှန် ဆင်းသက်လျက် ရှိသော ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Asian Wings လေကြောင်းလိုင်းဟာ ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကစတင်ကာ မိုးရာသီတွင် ခရီးသည်ရရှိမှု နည်းပါးခြင်းကြောင့် စီးပွားရေး တွက်ခြေ မကိုက်ခြင်းကြောင့် လေယာဉ်ဆင်းသက်မှုကို ခေတ္တရပ်ဆိုင်းထားခဲ့ပါကြောင်း၊ မြန်မာ့လေကြောင်း အနေဖြင့် တော့ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လေကြောင်းနှင့် ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရေး အတွက် ဈေးနှုန်းကြီးမြင့်မှုမရှိဘဲ ခရီးသွားလာနိုင်ရေးရန် ယခုနှစ် သြဂုတ်လ ၂ ရက်နေ့ကစပြီး ပူတာအို-မြစ်ကြီးနားခရီးစဉ်လေယာဉ်လက်မှတ်များကို ယခင် ၄၂၀၀၀ ကျပ်ကနေပြီး ၃၀၀၀၀ ကျပ်ကို လျော့ချပြေးဆွဲ ရောင်းချ ပေးလျက်ရှိကြောင်း၊
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ နေပြည်တော်ခရီးစဉ် အသွား(သို့) ခရီးစဉ်များကို အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လေကြောင်းမှ လေယာဉ်ခရီးစဉ်များ စီစဉ်ပေးခြင်း၊ လေယာဉ် လက်မှတ်များ အလွယ်တကူဝယ်ယူရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၏ အပြန်ခရီးစဉ်တွင် လေယာဉ် လက်မှတ်များကို နေပြည်တော် စည်ပင်သာယာရေးကော်မတီဧည့်ရိပ်သာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၂ နေရာများမှ ဝယ်ယူရရှိနိုင်ရန်လည်း စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ယခုအခါ လေယာဉ်လက်မှတ်များကို မြန်မာ့လေကြောင်းရုံးများတွင်လည်းကောင်း၊ အရောင်း ကိုယ်စားလှယ်များမှတစ်ဆင့်သော်လည်းကောင်း ရောင်းချပေးခြင်းဖြစ်ခြင်းကြောင့် အမြဲတမ်းသီးသန့်နေရာ ချန်ထားပြီး ရောင်းချနိုင်သည့် အခြေအနေမရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေပြည်တော် အသွား/အပြန်ခရီးစဉ်မဟုတ်ဘဲ အခြားခရီးစဉ်များ သွားရောက်လိုသည့်အခါမှာလည်း နှစ်ရက်ကြိုတင် အချိန်မီ အကြောင်းကြားမှသာလျှင် နေရာချန်လှပ်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
