၁၉၆၄ ခုနှစ်ခန့်က သြစတွေးလျနိုင်ငံအကူအညီနှင့် ညောင်ဦးမြို့ နတ်သမီးကမ်းပါးမှ ဧရာဝတီမြစ်ရေကို တင်ပြီး ၁၇ မိုင်ခန့်ဝေးသော တောင်ဇင်း၊ မန်ကျည်းစောက်၊ ထနှောင်းစု၊ တောင်ရှစ်၊ ဖုန်းတော်၊ နတ်ပုလ္လင် အစရှိသည့် ရွာပေါင်း ၉၀ ကျော်တွင် ဧရာဝတီမြစ်ရေကို တုရွင်းတောင်ပေါ်သို့ နှိုးစက်များဖြင့်တွန်းတင်ပြီး ပိုက်ကြီးများဖြင့် အလိုအလျောက် Gravity Flow ဆင်းစေပြီး ရေပေးဝေခဲ့ပါကြောင်း၊ အခုအချိန်တွင် စက်များသည် နှစ်ပေါင်း ၅၀ ကြာမြင့်ပြီဖြစ်၍ လုံလုံလောက်လောက် ပေးဝေနိုင်ခြင်း မရှိတော့ပါကြောင်း၊ ရေတွင်းများပြုလုပ်ပါကလည်း ပေ ၆၀၀ မှ ပေ ၁၀၀၀ အတွင်း တူးရသည့်အတွက် တွင်းရေမှာ ဒီဇယ်ဆီနှင့်စုပ်၍ တင်နေရသောကြောင့် ကုန်ကျမှု များပြားပါကြောင်း၊ ဒီဇယ်ဆီနှင့် ရေစက်သုံးနေရသည့်အခြေအနေရှိပါကြောင်း၊ ထိုအရပ်ဒေသများမှ ရေတောင်းပါက ထန်းရေပေးကြပါကြောင်း၊ ပိုက်ကြီးများလည်း သွယ်တန်းပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဧရာဝတီမြစ်ရေကို ယခင်ကကဲ့သို့ ကျေးရွာများ ရေလုံလောက်စွာရရှိနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင် ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
၁၉၆၄ ခုနှစ်ခန့်က သြစတြေးလျနိုင်ငံအကူအညီဖြင့် ညောင်ဦးမြို့နယ် နတ်သမီးကမ်းပါးမှ ဧရာဝတီမြစ်ရေကို တူးရွင်းတောင်းပေါ်ကို ရေတွန်းစက်များနှင့် တွန်းတင်ပြီး ပိုက်ကြီးများနှင့် အလိုအလျောက် Gravity Flow စီးဆင်းစေပြီးတော့ ရေပေးဝေခဲ့ပါကြောင်း၊ ၁၉၈၇ ခုနှစ်၌ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်ရေရရှိရေး ဌာနခွဲတွင် ဆောင်ရွက်ပြီး ၁၉၉၅ ခုနှစ်၌ ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနကို လွှဲပြောင်းပေးခဲ့ပါကြောင်း၊ တူးရွင်းတောင်ပေါ်ရှိ ရေစုကန်ကို ရေတင်သည့်စနစ်သည် တင်ရသော အမြင့်ပေများလွန်းခြင်းကြောင့် ရေရောက် ရှိမှုပမာဏ နည်းလွန်းသဖြင့် စမ်းသပ်ခြင်းများကိုသာ ပြုလုပ်နိုင်ပြီး ရေရှည်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ တောင်ပေါ်ရေတင်ပြီး ဖြန့်သောစနစ်သည် လက်ရှိသုံးစွဲနေသောကျေးရွာများသို့ စက်ဖြင့် တိုက်ရိုက်မောင်းပို့ပေးသော Direct Pumping စနစ်ကို ပြောင်းလဲအသုံးပြုခဲ့ပါကြောင်း၊ ၂၀၀၁ ခုနှစ်တွင် စည်ပင်သာယာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ယခုအချိန်၌ ရေတင်စက်များ ချို့ယွင်းမှုများပြား လာခြင်း၊ နွေရာသီရေကျချိန်တွင် ရေစုပ်ယူသောပြွန် Intake Tank ကို ရေမဝင်နိုင်သည့်အတွက် ကြားခံပန့်တစ်လုံးနှင့် မြစ်ရေထဲမှ Intake Tank သို့ ရေဖြည့်ပေးနေရခြင်း၊ ကျေးရွာများသို့ ပေးပို့လာသော ရေပိုက်လိုင်းများမှာ မြို့ရေပေးရေးအတွက်ပါ ခွဲဝေအသုံးပြုခြင်းတို့ကြောင့် ကျေးရွာများကို ရေရောက်ရှိမှုနည်းပါးခဲ့ပြီး စက်ရေတွင်းများနှင့် တူးဖော်ပေးဝေခဲ့ပါကြောင်း၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိပြီး မြို့ရေပေးရေးလုပ်ငန်းအချို့ကို ရပ်ဆိုင်းမသွားစေရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်သော သီးခြားပိုက်လိုင်းများ၊ ရေစုကန်များ တည်ဆောက်ခြင်းလုပ်ငန်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးပါက ၅၀၀ KVA ထရန်စဖော်မာတစ်စုံ၊ ၃၁၅ KVA ထရန်စဖော်မာတစ်စုံ၊ ၁၀၀ KVA ထရန်စဖော်မာတစ်စုံ၊ ရေတင်ပန့် အမြင့် ၁၂၀ မီတာ ၃၀၀၀၀ GPH ရှစ်စုံ၊ ရေတင်ပန့်အမြင့် ၁၅ မီတာ ၁၀၀၀၀၀ GPH တစ်စုံ၊ ရေတင် ပန့်အမြင့် ၁၀၀ မီတာ ၂၀၀၀၀ GPH နှစ်စုံ၊ Control Pannel ပြုပြင်ရန် ၈ လုံး၊ ၁၀ လက်မပိုက် ၁၂၀၀၀ ပိုက်လိုင်းဆွဲရန်အတွက် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်း ၉ လုံး၊ ၂၆၈ Hot Power Pump (အမြင့် ၆၀ မီတာ၊ ၇၅၀၀၀ GPH)တစ်စုံ စသည့်လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာ များ ရေလုံလောက်စွာရရှိရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
