စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းတွင် ယခင်အချိန်က တောင်သူလယ်သမားများထံမှ စပါးဝယ်ယူနိုင်ရန် စပါးဒိုင်များ ဖွင့်လှစ်ခဲ့ပါကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ ယင်းတို့သည် ကုန်သွယ် လယ်ယာဒိုင်ကွင်းပိုင်များ ဖြစ်လာခဲ့ကြပါကြောင်း၊ ယခုအချိန်တွင် တောင်သူလယ်သမားများထံမှ စပါးဝယ်ယူခြင်းလည်းမရှိတော့သည့်အတွက် အဆိုပါကွင်းများကိုကျေးရွာများမှ အသုံးပြုခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းကွင်းများကို ပုဂ္ဂလိကများထံသို့ ရောင်းချပေးရန် အစီအစဉ် မရှိသော်လည်းသက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတစ်ခုခုမှတောင်းဆိုလာမည်ဆိုပါက ဝန်ကြီး ဌာနအချင်းချင်း သဘောတူညီချက်ကို လက်ခံပြီး လွှဲပြောင်းပေးနိုင်ကြောင်းကိုသိရှိခဲ့ရပါကြောင်း။
ထို့ကြောင့် တမူးခရိုင် အတွင်း တမူးမြို့နယ်ရှိ ပန်းသာကျေးရွာ အဝယ်ဒိုင်ကွင်းနှင့် ခမ်းပါတ်မြို့နယ်ခွဲ၏ ဘုက္ကန် အဝယ်ဒိုင်ကွင်းတို့ကို ဒေသခံပြည်သူများက ၎င်းတို့၏ ကျေးရွာအများပိုင်အသုံးပြုနိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမြေနေရာများ အဖြစ်အသုံးပြုလိုသည်ကို တင်ပြခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဖော်ပြပါ တမူးမြို့နယ် အင်ဒိုင်းကျေးရွာအုပ်စု၊ ပန်းသာ အုပ်ချုပ်ရေးမှူး မြေနေရာနှင့် ခမ်းပါတ်မြို့၊ အောက်တောင်းအုပ်စု၊ ဘုက္ကန်ကျေးရွာ အုပ်ချုပ် ရေးမှူးမြေနေရာများကို ရရှိ နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
တမူးခရိုင်၊ တမူးမြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ပန်းသာကျေးရွာ ကွင်းအမှတ်(၂၅၇/E) မြေဧရိယာ ၁.၇၅ ဧကကို ကုန်သွယ်လယ်ယာစပါးဒိုင်အဖြစ် ၁၉၆၇ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ အသုံးပြုခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကုန်သွယ်လယ်ယာကုန်ဝယ်ဒိုင်အနေဖြင့် မြေစာရင်းပုံစံ(၁၀၅)ရယူထားရှိကြောင်း၊ ၁၉၉၇ ခုနှစ်က အာရှလမ်းမကြီးနှင့် ကျေးရွာလမ်းဖောက် ရာမှာ မြေနေရာတစ်စိတ်တစ်ပိုင်း ပါဝင်သွားပြီး ဝ.၇၅ ဧကသာ ကျန်ရှိခဲ့ကြောင်းနှင့် ယင်းနေရာကို ကျေးရွာအဖွဲ့အစည်းများက ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ၂၀၀၆ ခုနှစတွင် ပန်းသာ ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး ယခု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ပြည်သူလူထု ထည့်ဝင်ငွေနှင့် ကျေးရွာစာကြည့်တိုက်တို့ကို ဆောက်လုပ်ခဲ့ သည်ကိုစိစစ်တွေ့ရှိရပါကြောင်း။
တမူးမြို့နယ်၊ ခမ်းပါတ်မြို့၊ အောက်တောင်းကျေးရွာအုပ်စု ဘုက္ကန်ကျေးရွာ ကွင်းအမှတ်(၉၀၃)၊ မြေဧရိယာ ၂.၃ ဧကကို ကုန်သွယ်လယ်ယာစပါးဒိုင်အဖြစ် ၁၉၆၄ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ အသုံးပြုခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကုန်သွယ်လယ်ယာဒိုင်အနေဖြင့် မြေစာရင်းပုံစံ(၁၀၅) ရယူ ထားရှိကြောင်း၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ (၄/၂၀၁၂)ကြိမ်မြောက် အစည်း အဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လွှဲပြောင်းအပ်နှံထားရှိသော အဆိုပါ မြေ ၂.၃ ဧကကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးစာရင်းတွင် ထည့်သွင်းဖို့ဆုံးဖြတ်ချက်ချခဲ့သည်ကိုတွေ့ရှိရပါကြောင်း။
နိုင်ငံတော်ပိုင်မြေကို အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများအတိုင်း လွှဲပြောင်း/လက်ခံ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပြန်လည်စွန့်လွှတ်အပ်နှံသောမြေကို သက်ဆိုင်သော အထောက်အထား၊ စာရွက် စာတမ်းများနှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်ကို ပြန်လည်အပ်နှံရန်၊ ပြန်လည်စွန့်လွှတ်အပ်နှံမြေများကို နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအဖြစ် နိုင်ငံတော်ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်ရန်၊ ပြန်လည်စွန့်လွှတ်အပ်နှံ မြေများကို အလိုရှိသော ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအနေနှင့် မြေအသုံးချခွင့်ရရှိလိုပါက ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်ကိုလျှောက်ထားရန်၊ မြေအသုံးချခွင့်ရရှိလိုသော ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်လျှောက်ထားလာမှုအပေါ် မြေအမျိုးအစားအလိုက် နိုင်ငံတော်ကိုယ်စား မြေစီမံခန့်ခွဲပိုင်ခွင့်ရှိသော သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက တည်ဆဲ မြေအသုံးချမှုဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး ွမေလွှဲခြင်း၊ မြေငှားခြင်း၊ မြေအသုံးပြု ခွင့်/လုပ်ပိုင်ခွင့်ပြုခြင်းနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန် ထိုသို့ပြန်လည် စွန့်လွှတ်အပ်နှံသသောမြေများကို အသုံးပြုရန် ချထားပေးပြီးပါက မြေအသုံးချမှု စီမံခန့်ခွဲပိုင်ခွင့်ရှိသော သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသည် မိမိတို့၏ ဆောင်ရွက်ပြီးစီးမှုကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရန်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပန်းသာကျေးရွာရှိ ကုန်သွယ်လယ်ယာဒိုင်ဝင်းမြေ ဝ.၇၅ ဧကကို ဆက်လက်အသုံး ပြုရန်မရှိပါက လွှဲပြောင်းပေးအပ်နိုင်ရေးနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ကို လွှဲပြောင်းအပ် နှံထားသော ဘုက္ကန် ကျေးရွာရှိ မြေ ၂.၃ ဧကကို အပ်နှံ့စာရင်းမှ ပယ်ဖျက်ပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သဘောတူညီချက် ရရှိပါက မြေပြန်လည်စွန့်လွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအဖြစ်သတ်မှတ်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး အသုံးပြုရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်မြေအဖြစ် မြေလွှဲ ပြောင်းခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
