(ဃ)-မူးယစ်ဆေးဝါးရောင်းဝယ်စားသောက်အသုံးပြု သူများအတွက် မူးယစ်ဆေးဝါး ဘိန်းဖြတ်စခန်းများ တည်ဆောက်၍ကယ်တင်ရေးစခန်းများဖွင့်လှစ်ရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂.၁၀.၂၀၁၄)

ဦးခမိုင်မုန်ကွမ် (ဆွမ်ပရာဘွမ်)မိမိအနေဖြင့် HIV(AIDS) ဖြစ်ပေါ်မှုအခြေခံဖြစ်သော မူးယစ်ဆေးဝါးအသုံးပြုသုံးစွဲသူများကို ကယ်တင် နိုင်ရေးအတွက် ကယ်တင် ရေးစခန်းများဆောက်လုပ်၍ လူ့အရင်းအမြစ်မြှင့်တင်ပေးနိုင်ရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ရာသီဥတုကောင်းမွန်သောနယ်မြေဒေသများကို ရွေးချယ်သတ်မှတ်၍ ဧက ၁၀၀၀ သို့မဟုတ် အနည်းဆုံးဧက ၅၀၀ ကျယ်ဝန်းသော မြေဧရိယာများကို ရွေးချယ်သတ်မှတ်၍ ဧရိယာပတ် လည်တွင် ခိုင်ခံ့သော သံဇကာ၊ သံဆူးကြိုးများကို နှစ်ဆင့်သုံးဆင့်ကာရံထား၍ မူးယစ်ဆေးဝါး ကိုင်ဆောင် အသုံးပြုနေသော လူငယ်လူရွယ်ပုဂ္ဂိုလ်များကို အချုပ်ထောင်ထည့်မည့်အစား လူ့အရင်းအမြစ် ကယ်တင်သော နည်းလမ်းများဖြင့် မူးယစ်ဆေးဝါးဘိန်းဖြတ်စခန်းတွင် ထည့်သွင်းပို့ဆောင် စောင့်ရှောက် အနားယူခိုင်းခြင်း၊ သုံးစွဲသူများကို NGO ကမ္ဘာ့ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်း၍ စောင့်ရှောက် ကုသရာတွင်လည်း မူးယစ် ဆေးဝါးလုံးဝမပါဝင်သော ဝမ်းလျှော၊ ဝမ်းပျက်ဆေးနှင့် အားဆေးများသာ တိုက်ကျွေး စောင့်ရှောက် ကုသသော နည်းစနစ်များဖြင့် ကုသရန်လိုအပ်သည်ကို

ယနေ့ ကမ္ဘာ့အလယ်တွင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်ဘောင်တန်း၍ တည်ဆောက်ရာတွင်လည်း ကျွမ်းကျင် အလုပ်သမားဝန်ထမ်းများရရှိရန် လိုအပ်သည်နှင့်အညီ အသက်မွေးဝမ်းကြောင်းနည်းပညာများကို တတ်ကျွမ်းအောင် သင်ကြားသင်ပေးပြီး သတ်မှတ်ချိန်ပြည့်မီ၍ ပြန်ခိုင်းရာတွင်လည်း သင့်တော်သော အခ ကြေးငွေပေး၍ ကာကွယ်စောင့်ရှောက်ကာ ကယ်တင် တည်ထောင်သော နည်းလမ်းများကိုလည်း ကျင့်သုံး၍ ကယ်တင်ရန် လိုအပ်ပါကြောင်း၊  ယခုအချိန်တွင် မိမိနိုင်ငံတော်၌ မူးယစ်ဆေးဝါးစိုက်ပျိုးမှုကို ဒေသ အခြေ အနေအရဖြစ်စေ၊ ဒေသဖွံ့ဖြိုးမှု အားနည်း၍ဖြစ်စေ၊ ဆေးဝါးအဖြစ်သုံးစွဲရန် လိုအပ်၍ဖြစ်စေ၊ မူးယစ် ဆေးဝါး စိုက်ပျိုးတည်ထောင်မှုကို လုံးဝချုပ်ငြိမ်း ပျောက်ကွယ်သွားအောင် ဆောင်ရွက်တိုက်ဖျက် တားမြစ်နိုင်ရန် ခက်ခဲမှုအပေါ်မှာအခြေခံ၍ နိုင်ငံတော်အစိုးရအနေဖြင့် အသင်းအဖွဲ့ရောင်းဝယ်ခြင်းနှင့် ရှူရှိုက် စားသောက် အသုံးပြုနေသော လူငယ်လူရွယ်ပုဂ္ဂိုလ်များကို တစ်ပြေးညီဥပဒေဖြင့် အချုပ်ထောင် ထည့်ခြင်းမှ ပြန်လည် သုံးသပ်လျှော့ပေါ့ သတ်မှတ်၍ ရောင်းဝယ်သူများကို ငွေဒဏ်နှင့်ယှဉ်တွဲ၍ဖြစ်စေ၊ မရှိဆင်းရဲမှုကြောင့် အသင်းအဖွဲ့ရောင်းချမှုနှင့် အကြီးစားရောင်းချမှုများကို ခွဲခြားသတ်မှတ်၍ သုံးစွဲသူများကို ထောင်ဒဏ် ၃ နှစ်ထက် မပိုသော ပြစ်ဒဏ်များပေး၍ အသင်းအဖွဲ့ရောင်းချသူများကို ထောင်ဒဏ် (၅) နှစ်ဖြစ်စေ၊ ငွေဒဏ် (၅)သိန်းမှ (၂၀)သိန်းဖြစ်စေ ပြောင်းလဲသတ်မှတ်အစားထိုး ကျင့်သုံးခြင်းဖြင့် အမိနိုင်ငံတော်အစိုးရအနေဖြင့် အကျင့် ပျက်သော သားသမီးများကို ထောက်ထားညှာတာ၍ ကယ်တင်ထူထောင်ပေးနိုင်ရေးအတွက် ထည့်သွင်း စဉ်းစားပေးပါရန် တင်ပြပါကြောင်း၊       

သို့ဖြစ်ပါ၍ အထက်ပါ တင်ပြဆွေးနွေးတောင်းခံမှုအပေါ် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲအသုံးပြုနေသူများကို မည်သို့မည်ပုံ ကယ်တင်ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်းနှင့် အထက်ပါတင်ပြသောနည်းလမ်းများအနေဖြင့် ကယ်တင်ခြင်းဖြင့် အကျင့်ပျက်နိုင်ငံသား သားသမီးများကို နိုင်ငံတော်အစိုးရအနေဖြင့် ကယ်တင်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ရင်ဆိုင်နေရသော မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဖို့ အတွက် ကုလသမဂ္ဂက ၁၉၆၁ ခုနှစ်၊ မူးယစ်ဆေးဝါးဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၇၁ ခုနှစ်၊ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ၁၉၈၈ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ တရားမဝင်သယ်ဆောင် ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း များကို ပြဋ္ဌာန်းခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိပါကြောင်း၊မူးယစ်ဆေးဝါးပပျောက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင် ရန် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊

မူးယစ်ဆေးဝါးပပျောက်ရေးအဖွဲ့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အဖြစ် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်း ခွင့်ပြုခဲ့ပြီး အဖွဲ့သုံးဖွဲ့နှင့် ၎င်း၏ ကွပ်ကဲမှုအောက်တွင် တပ်ဖွဲ့စု ၅၀ စု ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကိုလည်း ၁၉၉၉-၂၀၀၀မှ ၂၀၁၃-၂၀၁၄ အထိ သုံးပိုင်းခွဲခြား ဆောင်ရွက်ခဲ့ပြီး  ယခုအခါ၌ ဘိန်းစိုက်ပျိုးမှု ပြန်လည်မြှင့်တင်လာခြင်း၊ စိတ်ကြွ ဆေးဝါးသုံးစွဲမှုပြဿနာများ လူငယ်ထုအတွင်းမှာ ပိုမိုပျံ့နှံ့လာခြင်း နှင့် အခြားစိတ်ကြွဆေးဝါးများ ပေါ်ထွက် လာသော အခြေအနေများကို ထိန်းချုပ်နိုင်ရန်အတွက် စီမံကိန်း ကာလကိုလည်း ၂၀၁၄-၁၅ မှ ၂၀၁၈-၁၉ အထိ နောက်ထပ် ၅ နှစ် သက်တမ်းတိုးမြှင့် ဆောင်ရွက်ခဲ့ပါကြောင်း။ ထပ်မံတိုးမြှင့်သော ၅ နှစ်စီမံကိန်းအတွင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး၊ ပြည်သူလူထုနှင့် အခြားအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး စသည့် ကဏ္ဍပေါင်းစုံကို ဘိန်းအဓိက စိုက်ပျိုးသော ဒေသဖြစ်သည့် ရှမ်းပြည်နယ်တွင် (၄၀) မြို့နယ်၊ ကချင်ပြည်နယ် (၆၇) မြို့နယ်၊ ကယားပြည်နယ်တွင် (၃) မြို့နယ်၊ ချင်းပြည်နယ်တွင် (၂)မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့၏ ကွပ်ကဲမှုအောက်တွင်ရှိသော ဆေးကုသရေးအဖွဲ့အနေဖြင့်  မူးယစ် ဆေးစွဲရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို စီမံချက်ရေးဆွဲအ‌ကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊  Drug Treatment Centre ခေါ် မူးယစ်ဆေးစွဲရောဂါကုသရေးဌာနများဖြစ်သည့် ဆေးကု ဌာနကြီး (Major Drug Treatment Centre) ၂၆ ခုကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ရှိသော ခုတင် ၂၀၀ အထက်ရှိသော ဆေးရုံများတွင်လည်းကောင်း၊ (Minor Drug Treatment Centre) ဆေးကုသငယ်ဌာန ၄၇ ခု ကို ပြည်နယ်/တိုင်းဒေသကြီး ခုတင် ၂၀၀ အောက်ရှိဆေးရုံများတွင်လည်းကောင်း ဖွင့်လှစ်ဆောင်ရွက် ထားရှိပါကြောင်း၊ လူငယ်များပြုစုပျိုးထောင်ရေးစခန်းအနေဖြင့် ပြည်မြို့၊ ဝက်ထီးကန်တွင်ရှိသော ရွှေပြည်သာ စခန်းနှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့တို့တွင် ရွှေပြည်အေးစခန်းတို့ကိုလည်း ဖွင့်လှစ်ဆောင်ရွက်ထားပါကြောင်း၊

မူးယစ်ဆေးစွဲကုသရေးစီမံချက်အနေဖြင့် မူးယစ်ဆေးစွဲကုသဌာနများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အပြင် HIV, AIDS ကဲ့သို့သော ကူးစက်ရောဂါများ မူးယစ်ဆေးဝါးသုံးစွဲမှုမှတစ်ဆင့် မပြန့်ပွားစေရေးအတွက် Drop In Centre များဖွင့်လှစ်ကာ မက်သာဒုံးဆေးရည် တိုက်‌ကျွေးကုသပေးလျက်ရှိပါကြောင်း၊ WHO ၏ ပံ့ပိုးကူညီမှုဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်လျော့ပါးရေးအစီအစဉ် Harm Reduction များကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ် ဆေးဝါးသုံးစွဲသူများအနေဖြင့် ပြန်လည်ထူထောင်ရေးစခန်းများကို အခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့နှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်တွင်ရှိသော လူမှုဝန်ထမ်းဦးစီးဌာနက ပြန်လည် ထူထောင်ရေးစခန်း (၆)ခုကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် ဖွင့်လှစ်ထားရှိပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်းများ၊ ဒေသနှင့်ကိုက်ညီသော အသက် မွေးဝမ်းကြောင်း ပညာရပ်များကို လေ့ကျင့် သင်ကြားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သင်တန်း ဆင်းပြီးသည့်နောက်တွင်လည်း သင်ကြားပေး လိုက်သောပညာရပ်များနှင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်ရန် ၎င်းတို့၏ မိသားစုများနှင့်ညှိနှိုင်း နောက်ဆက်တွဲစောင့်ရှောက်ခြင်းများကို ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူကို ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိလည်းကောင်း၊ ဘိန်းဖြူ၊ ကိုကင်း၊ မော်ဖင်း၊ မိုနိုအက်ဆီ တိုင်းမော်ဖင်း ၃ ဂရမ်အောက်၊ ဆေးခြောက် ၂၅ ဂရမ်အောက်၊ ဘိန်းစိမ်း၊ ကိုကားရွက် ၁၀၀ ဂရမ်အောက် လက်ဝယ်တွေ့ရှိသယ်ဆောင်ရောင်းဝယ်သူကို ပုဒ်မ ၁၆(ဂ)ဖြင့် ထောင်ဒဏ် ငါးနှစ် မှ ၁၀ နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါကြောင်း၊ အထက်ပါ မူးယစ်ဆေးဝါး အလေးချိန်ထက် ပိုသော အရေအတွက်ကို လက်ဝယ်တွေ့ရှိသယ်ဆောင်ရောင်းဝယ်သူကို ပုဒ်မ ၁၉(က)ဖြင့် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိချမှတ်ရန် ဥပဒေနှင့် အညီ ပြဋ္ဌာန်းထား ရှိပြီးဖြစ်ပါကြောင်း၊

မူးယစ်ဆေးဝါးသုံးစွဲသူအား ဥပဒေပုဒ်မ ၁၅ အရ အရေးယူခြင်းနှင့်ပတ်သက်၍ ဥပဒေကိုပြင်ဆင်နိုင်ရန် မူးယစ်ဗဟို၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတို့မှ ညှိနှိုင်းရေးဆွဲ စီစဉ်လျက် ရှိသည့်အပြင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC နှင့် အခြား INGO မှ ဥပဒေကျွမ်းကျင်သူ များနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေး လုပ်ငန်းစဉ်အောက်ရှိ ဆေးကုသရေး၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းသားလူငယ်များ အသိပညာပေးရေး၊ ပြည်သူများ အသိပညာပေးလှုံ့ဆော်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍများကို ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံတကာအစိုးရ၊ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။