(စ)-သထုံမြို့၊အ.ထ.က(၃)နှစ်ထပ်ကျောင်းဆောင် ကြီးအား အသစ်ပြန်လည်တည်ဆောက် ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၃.၁၀.၂၀၁၄)

ဦးစောဘသိန်း (သထုံ) သထုံမြို့နယ်ရှိ အခြေခံပညာအမှတ်(၃)ကျောင်းဖြစ်သည့် ပဒုံမာနှစ်ထပ်ကျောင်းဆောင်ကြီးကို ၁၉၉၀ ခုနှစ်တွင် နိုင်ငံတော်မှတည်ဆောက်ပေး ခဲ့ပါကြောင်း၊ ယခုအခါတွင် ၎င်း ကျောင်းဆောင်ကြီးသည် အနှစ် ၂၀ ကျော်လာပြီဖြစ်သည့်အတွက် ကြံ့ခိုင်မှုကောင်းမွန်ခြင်း မရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနမှလည်း ကျောင်းပြင်ဆင်စရိတ်များကိုလည်း တစ်ကြိမ်မျှချမှတ်ပေးခဲ့ခြင်း မရှိသည့်အတွက် ယခုအခါတွင် သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၎င်းကျောင်းဆောင်ကြီးကို အန္တရာယ်ရှိကျောင်းဆောင်ကြီးအဖြစ် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ထိုသို့ဖြစ်ခဲ့သည့်အတွက် နီးစပ်ရာဦးစီးဌာနသို့ အကြီးစားပြင်ဆင်စရိတ်ကို ၂၀၁၁ ခုနှစ်တွင် မြို့နယ်ပညာရေးမှူး ရုံးမှတစ်ဆင့် တင်ပြတောင်းခံထားသည်ဟု သိရှိရပါကြောင်း၊ သို့သော်လည်း ငွေလုံးငွေရင်းခေါင်းစဉ် ၂၀၁၃-၁၄၊ ၂၀၁၄-၁၅ တို့တွင် ပါဝင်ခြင်းမရှိသေးပါကြောင်း၊ သထုံမြို့ရှိ အ.ထ.က(၃) ပဒုံမာ နှစ်ထပ်ကျောင်းဆောင်ကြီးကို အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သထုံမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ၁၃၀ ပေ × ၃၀ ပေ နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သောရန်ပုံငွေကျပ် ၁၂၄.၈၀ သန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ် အောက်မှ လျာထားချက်စာရင်းတွင် လျာထားတင်ပြပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။