မိမိအနေဖြင့် ယခုမေးခွန်းမေးမြန်းရခြင်းမှာ ပြည်သူများဥပဒေကို မသိ၍ ကျူးလွန်ပါသည်ဟု မဖြစ်စေရန် လည်းကောင်း၊ ပြည်သူများ ဥပဒေကို ဖတ်ရှုသိရှိနားလည်ပါမှ တရားဥပဒေကို ပိုမို လေးစားလိုက်နာမှု အားကောင်းလာမယ်လို့ ယူဆ၍လည်းကောင်း၊ တရားဥပဒေကို ပိုမိုလေးစား လိုက်နာပြီး တရားဥပဒေ စိုးမိုးရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန် လည်းကောင်း ရည်ရွယ်ပြီးအများပြည်သူများနှင့် ထိစပ်မှုအများဆုံးသောဥပဒေ၊ နည်းဥပဒေ၊ တည်ဆဲဥပဒေများကို နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြပေးရန်မေးမြန်း ရခြင်း ဖြစ်ပါကြောင်း၊
ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်ချောမောစွာ သွားလာနိုင်ရေး အတွက် တရားဥပဒေ စိုးမိုးမှုရှိရန်နှင့် တရားဥပဒေစိုးမိုးမှုရှိရန် ပြည်သူများ ဥပဒေကို အလွယ် တကူ သိရှိဖတ်ရှု လေ့လာနိုင်ရန် လိုအပ်ပါကြောင်း၊ လူတိုင်းသိရှိလေ့လာနိုင်ရန် လက်ရှိပြဋ္ဌာန်းဥပဒေများအနက်မှ အများပြည်သူ သိသင့်သိထိုက်သော ဥပဒေများကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပေးပါက ပြည်သူလူထုမှ ထိုသတင်းစာပါ ဥပဒေများကို အလွယ်တကူ သိမ်းဆည်းဖတ်ရှုလေ့လာနိုင်ရန် တရားဥပဒေ စိုးမိုးရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် စီစဉ် ပေးရန် အစီအစဉ်ရှိ/မရှိ ရိုသေလေးစားစွာ မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေလျက်ရှိသော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ပြဋ္ဌာန်းပြီး ဥပဒေများထဲက လွှတ်တော်စတင် ကျင်းပချိန်ကနေပြီး ယနေ့အချိန်ထိ ဥပဒေကြမ်း ၇၇ ခုခန့်နှင့် အတည်ပြုပြီးဥပဒေ ၁၀၄ ခု ခန့်ကို ဖော်ပြပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နှစ်အလိုက် ဖော်ပြပေးနိုင်မှုနဲ့ပတ်သက်ပြီး ၂၀၁၁ ခုနှစ်တွင် အတည်ပြုပြီး ဥပဒေ ၁၅ ခု၊ ၂၀၁၂ ခုနှစ်တွင် ဥပဒေကြမ်း ၁၉ ခု၊ အတည်ပြုပြီး ဥပဒေ ၂၈ ခု၊ ၂၀၁၃ ခုနှစ်တွင် ဥပဒေကြမ်း ၂၅ ခု၊ အတည်ပြုပြီးဥပဒေ ၂၈ ခု၊ ၂၀၁၄ ခုနှစ်တွင် ဥပဒေကြမ်း ၃၃ ခုနှင့် အတည်ပြုပြီးဥပဒေ ၃၃ ခုတို့ကို ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ နောက်ဆုံးထုတ်ပြန် ပေးထားသော ဥပဒေကြမ်းနှင့် အတည်ပြုဥပဒေများကို ဥပမာအားဖြင့် တင်ပြရမည်ဆိုပါက မြန်မာ့ပုလဲ လုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၃၁-၇-၂၀၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာတို့တွင်လည်းကောင်း၊ ကာလ စည်းကမ်းသတ်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ၁-၈-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် လည်းကောင်း၊ နိုင်ငံတကာအကျိုးစီးပွားနှင့် သက်ဆိုင် သည့် လေယာဉ်ပစ္စည်းကိရိယာများဆိုင်ရာဥပဒေကို ၂-၈-၂၀၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတို့တွင်လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ် ကျေးလက် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းကို ၃-၉-၂၀၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ တို့တွင်လည်းကောင်း၊ မျိုးစေ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ၂၃-၉-၂၀၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင်လည်းကောင်း၊ ၁၉၄၇ ခုနှစ်၊ အမိန့်ထုတ်ဆင့်တောင်းဆိုခြင်း အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းကို ၂၃-၉-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် လည်းကောင်း ဖော်ပြပေးခဲ့ပြီး ဖြစ်ပါကြောင်း၊
သို့ပါ၍ ဥပဒေများဖော်ပြရန်ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသော ဥပဒေအားလုံးကို နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် နောင်တွင်လည်း အတည်ပြု ဥပဒေများနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် ဥပဒေများကို သတင်းစာများ၌ ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးမြင့်စိုး(ပျော်ဘွယ်မဲဆန္ဒနယ်)က ထပ်ဆင့်မေးခွန်းများမေးမြန်းပါသည်။
လက်ရှိတည်ဆဲဥပဒေတွင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရှိခဲ့သော ဥပဒေများလည်းရှိပါကြောင်း၊ ယင်းတို့ အနက်မှာ ပြည်သူများနှင့် များသောအားဖြင့် ထိစပ်သော မော်တော်ယာဉ်၊ လောင်းကစား၊ မူးယစ်ဆေးဝါးများ စသည်တို့နှင့် ပတ်သက်သော ဥပဒေများလည်းရှိပါကြောင်း၊ ထို့သို့ ပြည်သူများနှင့် လက်တွေ့ထိစပ်နေသော ဥပဒေများကို လေ့လာရန်နှင့် ပြည်သူများသိရှိရန် တောင်းဆိုခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးပိုက်ထွေး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦမြင့်ပြောသည်ကိုလည်း မိမိတို့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း နိုင်ငံ့ဝန်ထမ်းစည်းကမ်း ဥပဒေထဲက သိသင့်သိထိုက်သည်များကို အပိုင်းလိုက် ထုတ်နုတ်ဖော်ပြ ပေးလျက်ရှိသည့်နည်းတူ ဦးမြင့်စိုး အကြံပြုသည့်အတိုင်း မိမိတို့ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
