(ဃ)-မသန်စွမ်းအဖွဲ့အစည်းများရေရှည်ဘ၀ ရပ်တည်နိုင်ရေးအတွက်ပြည်ထောင်စုအစိုးရ အဖွဲ့မှ ပါဝင်ကူညီ ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၄.၁၀.၂၀၁၄)

ဦးယိန်းဘောမ် (ဝိုင်းမော်) မိမိတို့ ကချင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် မွေးရာပါ၊ မိဘများ၏ အားနည်းချက်ကြောင့်လည်းကောင်း၊ မသိနားမလည်သည့်အတွက်ကြောင့်လည်းကောင်း၊ စစ်ပျက်စီး ဒဏ်ကြောင့်လည်းကောင်း ကိုယ်အင်္ဂါချို့တဲ့၍ မသန်မစွမ်းသည်များ မြောက်မြားစွာရှိပါကြောင်း၊ အဲ့ဒီထဲက ထိုသူတို့၏ လှုပ်ရှားစည်းရုံးမှုအရ ၂၀၀၇ ခုနှစ်တွင် ယင်းလုပ်ငန်းကို လှုပ်ရှားဆောင်ရွက်ကြပါကြောင်း၊ သို့သော် ဖြစ်ရောက်အောင်မြင်ခြင်း မရှိပါကြောင်း၊ သို့သော် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု၊ ဝန်ဆောင်ရန် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်မစွမ်းသော အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ပထမဦးဆုံး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်ခန်းမတွင် ပြုလုပ်ကျင်းပသော အစည်းအဝေးတွင် ကိုယ်အင်္ဂါမသန်မစွမ်းသော ပုဂ္ဂိုလ်များ အသုံးပြုနိုင်ရန် အသုံးအဆောင် ကိရိယာများ၊ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို စည်စည်ကားကား လုပ်ဆောင်ခဲ့ကြပါကြောင်း၊ နောက်ပိုင်းတွင် ကချင်ပြည်နယ်၊ ကိုယ်အင်္ဂါမသန်မစွမ်းသော အဖွဲ့အစည်းများ၏ လုပ်ရှားဆောင်ရွက်မှုသည် မြင်သာထင်သာ သက်ဝင်လှုပ်ရှားရှိလာခြင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကိုယ်အင်္ဂါမသန်မစွမ်းသော ပုဂ္ဂိုလ်များ အသင်းအဖွဲ့များ၏ ရေရှည်ဘဝရပ်တည်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုးတက်လာစေရန် မိမိတို့အဖွဲ့အစည်းတွင် အင်အား ၂၈၉ ယောက်ရှိသည်ဆိုပါမှ တင်ပြဆွေးနွေး ကြပါကြောင်း၊ သို့သော် ၁၆-၈-၂၀၁၄ ရက်နေ့တွင် ပြုလုပ်ကျင်းပသော အစည်းအဝေးတွင် ၃၀၀ ကျော်သည်ဟု  သက်ဆိုင်ရာ အဖွဲ့အစည်းတွင် တာဝန်ယူကြသော ကော်မတီလူကြီးများ၊ ဥက္ကဋ္ဌများသည် တင်ပြဆွေးနွေးလာခြင်းများ ရှိပါကြောင်း၊ ယင်းအသင်းအဖွဲ့၏ ရုံးခွဲကို ဗန်းမော်တွင်ရှိသည့်နည်းတူ မိုးညှင်းမြို့နှင့် ဝိုင်းမော်မြို့တွင်လည်း ရှိပါကြောင်း၊ ဌာနချုပ်အနေဖြင့် ဖွင့်လှစ်ထားသောရုံးများမှာ ၎င်းတို့၏ ကိုယ်အင်္ဂါမသန်မစွမ်းသော ပုဂ္ဂိုလ်များ၏ စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်မြှင့်တင်ရေး မိတ်သဟာရဖွဲ့ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြပါကြောင်း၊         ကိုယ်အင်္ဂါမသန်မစွမ်းသော အဖွဲ့အစည်းများ၏ ဘဝ ရေရှည်ရပ်တည်ရေး၊ စိတ်ဓာတ်မြှင့်တင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့သည် မည်သည့်အတိုင်းအတာဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊  ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများအနေဖြင့် ကိုယ်အင်္ဂါမသန်မစွမ်း အဖွဲ့အစည်းများအား ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အဖွဲ့အစည်းများက တာဝန်ယူ ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်
အဖြေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်၊ မသန်စွမ်းဖြစ်မှုကြောင့် ခွဲခြားဆက်ဆံခံရမှုများ လျော့နည်းပပျောက်စေရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများအား အသိအမှတ်ပြုမှုများ မြှင့်တင်ပေးရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများ အပြည့်အဝ ပါဝင်ခွင့်ရရှိရန်နှင့် မသန်စွမ်းသူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မသန်စွမ်းသူများကဏ္ဍမြင့်မားရေးအတွက် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု လုပ်ငန်းစဉ် (၂) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းကျောင်းအခြေပြုအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းကျောင်း (၈) ကျောင်းကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လူမှုရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတည်ထောင်ထားသော မသန်စွမ်းကျောင်း (၁၆) ကျောင်းကို လိုအပ်သည့်လမ်းညွှန်မှု၊ နည်းပညာများဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါကျောင်းများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မသန်စွမ်းသူများ တက်ရောက်ခွင့်ရရှိရန် သက်ဆိုင်ရာလူမှုဝန်ထမ်းရုံးများက ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် ရပ်ရွာအခြေပြု လုပ်ငန်းစဉ်များဖြစ်သော ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဝင်ငွေရရှိရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ အတားအဆီးကင်းသောဝန်းကျင် ဖန်တီးရေးတို့ကိုလည်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရပ်ရွာအခြေပြု လုပ်ငန်းစဉ်အဖြစ် မသန်စွမ်းသူများ အသင်းအဖွဲ့များ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် လက်တွဲပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်အတူ မသန်စွမ်းသူများအား ကိုယ့်အားကိုယ်ကိုး အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးနှင့် ဖွဲ့စည်းထားတဲ့အဖွဲ့များ ရေရှည်ရပ်တည်နိုင်ရန် လိုအပ်သလို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မသန်စွမ်းသူများ အပါအဝင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအတွက် ဖွင့်လှစ်ထားသော ပရဟိတဂေဟာ၊ သင်တန်းကျောင်းများအတွက် ဆန်ထောက်ပံ့ကြေး၊ စားစရိတ်၊ ဂေဟာမှူးလစာတို့ကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်အတွက် ကျပ်သန်းပေါင်း (၆၉.၈) သန်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အပါအဝင် မသန်စွမ်းခေါင်းဆောင်များ စွမ်းရည်မြင့်မားရေး၊ အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကျင်းပခြင်း၊ ပြည်ပသင်တန်းများ၊ လေ့လာရေးခရီးစဉ်များ သွားရောက်စေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် အတွင်း ပြည်ပသင်တန်းအဖြစ် မသန်စွမ်းသူများအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၉) ဦးကို စွမ်းရည်မြှင့်သင်တန်းများ စေလွှတ်နိုင်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေ (မူကြမ်း) ကို မသန်စွမ်းသူများ၏ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ကိုယ်တိုင်ပါဝင်မှုဖြင့် ရေးသားခဲ့ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းဥပဒေ (မူကြမ်း) တွင် အမျိုးသားအဆင့် မသန်စွမ်းသူများ အခွင့်အရေးများ ကော်မတီဖွဲ့စည်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ကိုလည်း ဆက်လက်ဖွဲ့စည်းမည် ဖြစ်ပါသဖြင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေအရ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ်ကိုလည်း ထူထောင်မည်ဖြစ်ပါသဖြင့် မသန်စွမ်းသူများဖွံ့ဖြိုးရေးအတွက် လိုအပ်သောထောက်ပံ့မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့တို့က ရုံးခွဲများဖွင့်လှစ်ထားပြီး ဒေသအတွင်းရှိ မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် ရုံးစိုက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲ (၂၂) ခု ဖွင်‌့လှစ်ထားပါကြောင်း၊ နှစ်စဉ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများ ပူးပေါင်းကျင်းပခြင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများကောင်စီတွင် အသင်းဝင်များက အမှုဆောင်များအဖြစ် ရွေးချယ်တင်မြှောက်ခံခြင်း၊ ခြေတု၊ လက်တုနှင့် အထောက်အကူပစ္စည်းများကို ရုံးခွဲများမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေး၊ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် အတူ လက်တွဲဆောင်ရွက်နေသော အသင်းကြီးဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း ဝိုင်းမော်မြို့နယ်မှ မသန်စွမ်းကျောင်းသား ကျောင်းသူ ၁၃ ဦးအတွက် ပညာသင်စရိတ် ကျပ် ၁၃၀၀၀၀ ကို  ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့အပြင် ခြေတု၊ လက်တုနှင့် ရွေ့လျားမှုအထောက်အကူ ပစ္စည်းများပံ့ပိုးခြင်း၊ အခြားအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး အသိပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်တွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ စောင့်ရှောက်ရေး ကော်မတီကို ၄-၁-၂၀၀၇ ရက်နေ့တွင် စတင်ဖွဲ့စည်းကာ ကနဦးစာရင်းကောက်ယူမှုအရ ကိုယ်အင်္ဂါ မသန်စွမ်းသူ (၁၀၄) ဦး ရှိပါကြောင်း၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (ရုံးခွဲ) သည် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများမှ ကူညီထောက်ပံ့သော အလှူငွေများနှင့် မသန်စွမ်းသူများကို အသက်မွေးဝမ်းကျောင်းပြုသင်တန်းများစေလွှတ်ခြင်း၊ ကျောင်းနေမသန်စွမ်းကလေးများသို့ ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း၊ သာရေးနာရေးကိစ္စရပ်များတွင် ထောက်ပံ့ပေးလျက်ရှိပါကြောင်း။

ကချင်ပြည်နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများ စိတ်ဓါတ်တိုးမြှင့်ရန် ရည်ရွယ်၍ ဘဝရေရှည်ရပ်တည်သွားနိုင်ရေး၊ ပြုစုပျိုးထောင်ရေး၊ ပင်ကိုယ်ဗီဇစွမ်းရည်များ မြှင့်တင်ဖော်ထုတ်နိုင်ရန် အလုပ်ရုံများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ပြည်တွင်းပြည်ပ မသန်စွမ်း အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရေး အားကစားသင်တန်း ပို့ချနိုင်ရေးအတွက် နီးစပ်ရာအားကစားကွင်းများတွင် လေ့ကျင့်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ရေးသင်တန်း၊ ဆွေးနွေးပွဲများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်အရ ကိုယ်အင်္ဂါမသန်စွမ်းသူများကို တန်းတူအခွင့်အရေးရရှိရေး၊ လုံခြုံမှုနှင့် လွတ်လပ်ခွင့်ရရှိစေရေး၊ လူသားမဆန်သည့်ပြုမူခြင်းမှ ကင်းလွတ်စေရေး၊ လူ့သိက္ခာအကာအကွယ်ပေးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး စသည်တို့ကို သက်ဆိုင်ရာဌာနများ၊ မြို့နယ်အထောက်အကူပြုကော်မတီများ၊ မြို့မိမြို့ဖများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်စေခြင်းဖြင့် ကိုယ်အင်္ဂါမသန်စွမ်းသူများ၏ ဘဝစိတ်ဓာတ်များကို တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်မှုများအပြင် မသန်စွမ်းသူများ၏အခွင့်အရေးများဥပဒေ ပြဋ္ဌာန်းပြီးပါက ကချင်ပြည်နယ်အတွင်းသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်းသူများ၏ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။