(ခ)-မြန်မာနိုင်ငံတွင် ရှားပါး လူမျိုးများဖြစ်သော ထရုန်နှင့် အိန်းလူမျိုးများ ရေရှည်တည်တံ့အောင် မည်သို့ ဆောင်ရွက်ထားသည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၄.၁၀.၂၀၁၄)

ဦးအောင်ကြိုင်(ညောင်ဦး) မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ခန့်က ပျူ၊ ဆိုပြီး လူမျိုးကြီးသုံးစု ရှိခဲ့ပြီး ယင်းလူမျိုးကြီးသုံးစုတွင် လူမျိုး ၁၀၁ ပါးထဲတွင် ပါရှိပါကြောင်း၊ ကုန်းဘောင်ခေတ်နံရံဆေးရေးပန်းချီများတွင် လေ့လာရာတွင် လူမျိုး ၁၀၁ ပါးပုံနှင့် စာများ တွေ့ရှိရပါကြာင်း၊ ပျူလူမျိုးများအနေဖြင့်လည်း ပျူကျောက်စာ၊ အရိုးအိုးစာများ တွေ့ရသော်လည်း မြန်မာလူမျိုးရောနှောသွားကာ ပျူလူမျိုးများ ပျောက်ကွယ်သွားခဲ့ရ ပါကြောင်း၊ သက်လူမျိုးများကို ရခိုင်ပြည်မြောက်ဖျားတွင် လည်းကောင်း၊  မြန်မာပြည်အလယ်ပိုင်း ပခန်းကြီး၏ မြောက်ဘက် ပခုက္ကူ၏ မြောက်ဘက် ၁၉ မိုင်ခန့်အကွာအဝေးတွင် သက်လူမျိုး နေထိုင်သည့် သက်ရွာ ကိုတွေ့ရှိရပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် လူမျိုး ၁၃၅ မျိုးရှိတယ်လို့ မှတ်သားရပါကြောင်း၊ မြန်မာနိုင်ငံတွင် အပုဆုံးလူမျိုးဖြစ်သော ထရုန်လူမျိုးများကို လူဦးရေ လေးငါးဆယ်ခန့် မြန်မာပြည်မြောက်ဖျားတွင် လည်းကောင်း၊ အရပ်အမြင့်ဆုံးဖြစ်သော အိန်းလူမျိုးများကိုလည်း ရှမ်းပြည်(မြောက်ပိုင်း)တွင် လည်းကောင်း အရည်အတွက်နည်းပါးစွာတွေ့ရှိရပါကြောင်း၊  ထို့ကြောင့် အဆိုပါ ထရုန်လူမျိုးနှင့် အိန်းလူမျိုးများသည် အနည်းငယ်သာကျန်ရှိပြီး ရှားပါးလူမျိုးများဖြစ်သဖြင့် ရေရှည်တည်တံ့စေရန် မည်ကဲ့သို့ ဆောင်ရွက်ထား ရှိမည်ကို သိရှိလိုပါကြောင်းနှင့် အလားတူ ရခိုင်ပြည်နယ်ရှိ  အခြားသောလူနည်းစုများကိုလည်း မည်ကဲ့သို့ ရေရှည်တည်တံ့အောင် ထိန်းမယ်ဆိုသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းဆွေ
အဖြေ

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းဆွေ ထရုန်နှင့် အိန်းလူမျိုးနှင့် ပတ်သက်ပြီး ထရုန်လူမျိုးများသည် ကချင်ပြည်နယ်၏ မြောက်စွန်းဒေသဖြစ်သော ပူတာအိုခရိုင်အတွင်းရှိ နောင်မွန်းမြို့နယ်တွင် ရဝမ်၊ လီဆူး၊ ဂျိန်းဖေါ့၊ တိဗက်တို့နှင့်အတူ ထရုန်တိုင်းရင်းသား အနည်းငယ်တို့ နေထိုင်ကြပါကြောင်း၊  ထရုန်တိုင်းရင်းသားများမှာ ရဝမ်မျိုးနွယ်စုဝင်များဖြစ်ပြီး မူရင်း ဒေသမှာလည်း တရုတ်ပြည် ထရုန်မြစ်ဝှမ်းဒေသ ဖြစ်ပါကြောင်း၊ ယင်း ထရုန်မြစ်ဝှမ်းဒေသမှ ယခု တရုတ်-မြန်မာ ကျောက်တိုင်အမှတ် ၄၃ ၏အထက်နားရှိ ထလာတောင်ကြားမှ ထလာချောင်းအတိုင်း ဆင်းလာပြီး ယခုနေထိုင်ရာ အရွန်ဒမ်းဒေသတွင် အခြေချနေထိုင်လာခြင်း ဖြစ်ပါတယ်။ ခရောင်းကျေးရွာသည် အဒွန်လောင်ချောင်း၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ထလုနှင့် ထရုံတိုင်းရင်းသားနှင့် တိဗက် လူမျိုးအချို့နေထိုင်ကြပါကြောင်း၊ ပန်နန်းဒင် မှ မေခမြစ်တစ်လျှောက်သွားလျှင် ၅၅ မိုင်အကွာတွင် ထရုန်ဘာသာစကားဖြင့် ရွာဟု အဓိပ္ပာယ်ရသော ခရောင်းရွာရှိပါကြောင်း၊ ထို့နောက်မှ လူဦးရေ ပိုများသော ထလုများ နေရာယူလာကြပြီး ထလုမျိုးနွယ်စု တစ်ခုဖြစ်သည့် အရွန်ဒမ်းမျိုးနွယ်မှ အကြီးအကဲဖြစ်လာကာ အရွန်ဒမ်းရွာဟု ခေါ်လာသည်ကို သိရှိရပါကြောင်း၊ ထရုန်မြစ်ဝှမ်း အထက်ပိုင်းဒေသတွင် ပေါက်ဖွား နေထိုင်ကြ သည်ကို အစွဲပြုပြီး ထရုန်တိုင်းရင်း သားများဟု ခေါ်ဝေါ်ခြင်း ဖြစ်ပါကြောင်း၊

ရဝမ်ဘာသာစကားဖြင့် မြစ်ဖျားဒေသတွင် နေထိုင်သူဟု အဓိပ္ပာယ်ရပါကြောင်း၊ ယင်းဒေသတွင် နေထိုင်လျက် ရှိသော လူမျိုးများမှာ လူပုများအပြင် သာမန်အရပ်အမောင်းရှိသူများကိုလည်း တွေ့ရှိနိုင်ပါကြောင်း။ ယခုအခါ မြန်မာပြည်ရှိ အချို့သော ထရုန်တိုင်းရင်းသားများသာ လူပုများဖြစ် နေကြပြီး  ကျောက်ဂူကြီးများနှင့် တောနက် ကြီးများတွင်သာ နေထိုင်ခဲ့ကြသည်ကို သိရှိရပါကြောင်း၊ နောင်မွန်းမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသား မျိုးနွယ်စုများအနက် ထရုန်တိုင်းရင်းသားမျိုးနွယ်စုမှာ လူဦးရေ အနည်းဆုံး ဖြစ်ပါကြောင်းနှင့် ထရုန် တိုင်းရင်း သား  စစ်စစ်မှာ ငါးဦးရှိပါကြောင်း။  ထိုအစစ်ငါးဦးမှာ အရပ်ပုသူများ ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၄ ပေမှ ၄ ပေခွဲအတွင်း ရှိကြသည့်အတွက်လည်း အများအမြင်တွင် မပုလျှင် ထရုန်မဟုတ်ဟုယူဆလာကြသောကြောင့် ဖြစ်ပါကြောင်း၊  ထိုပြဿနာအတွက် အဖြေရှာရန် လိုအပ်ခြင်းနှင့် ရှားပါးပြီး လူသိနည်းလှသော ထရုန် တိုင်းရင်းသားတို့၏ နေထိုင်မှုစရိုက်လက္ခဏာနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို မြန်မာပြည် အတွင်းရှိ အခြားသော တိုင်းရင်းသားများနှင့် ကမ္ဘာကသိရှိနားလည်နိုင်စေရန်အတွက် မနုဿဗေဒ ရှုထောင့်မှ သုတေသနပြုရန် လိုအပ်လျက်ရှိပါကြောင်း၊

ထို့အပြင် ထရုန်တိုင်းရင်းသားများ မပျောက်ကွယ်စေရေး(Vanishing) နှင့် ပတ်သက်ပြီး  ရန်ကုန်တက္ကသိုလ်၊ မနုဿဗေဒဌာနမှ ၂၀၀၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော တိုင်းရင်းသားများဆိုင်ရာ သုတေသနတွေ့ရှိချက်တွင် Genuine Taron မောင်နှမလေးယောက်နှင့် အသက် ၁၀၀ ကျော် အမျိုး သမီးတစ်ဦး စုစုပေါင်း Genuine Taron ငါးယောက်ကျန်ရှိခြင်း၊ ထရုန်ယောကျာ်းလေးနှင့် ထလု မိန်းကလေး၊ တိဗက်မိန်းကလေးများနှင့် လက်ထပ်ပြီး ဆွေမျိုးတော်စပ်ရခြင်းစနစ် (Patrilineal Kinship System) အရ မိမိကိုယ်မိမိ ထရုန်တိုင်းရင်းသားအဖြစ် ခံယူထားသော မိသားစု ၁၃ စုသာ ကျန်ရှိခြင်း၊ ၎င်းတိုင်းရင်းသားများ၏ ဓလေ့ထုံးစံအရ မျိုးနွယ်တူသူအချင်းချင်းလက်ထပ်ခြင်းကို တားမြစ်ထားခြင်းနှင့် လွမ်းဒမ်းမျိုးနွယ်မှ အမျိုးသား တစ်ဦးနှင့် ကိုဒါဝီနှင့် ဆုန်ဒမ်းမျိုးနွယ်မှ အသက် ၁၀၀ ကျော် အမျိုးသမီးတစ်ဦးသာ ကျန်ရှိတော့သဖြင့် မျိုးဆက်ပြန့်ပွားရန်မှာ မဖြစ်နိုင်တော့ကြောင်း၊ ထလုတိုင်းရင်းသားများနှင့် ရောနှောပြီး ဆွေမျိုး တော်စပ်ရခြင်း စနစ်အရ မိမိတို့ကိုယ်ကို ထရုန် တိုင်းရင်းသားအဖြစ် ခံယူထားသော ထရုန်/ထလုသွေးစပ်မိသားစု ၁၃ စု သည်လည်း ဓလေ့ထုံးစံအရ လက်ထပ်မှု စည်းကမ်းများ သတ်မှတ်ထားခြင်းကြောင့် တိပ်မြုပ်ပျောက်ကွယ်မှု ဆက်လက်ဖြစ်ပွား နိုင်ပါသဖြင့် အချိန်မီပညာပေးရန် လိုအပ်လျက်ရှိသည်ကို တင်ပြထားပါကြောင်း၊

အိန်းလူမျိုးများနှင့် စပ်လျဉ်းဘဲ မနုဿဗေဒဘာသာရပ်ဆိုင်ရာ သုတေသနများ ပြုလုပ်ခဲ့ခြင်း မရှိခြင်းနှင့် း မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးဖြစ်သည်ကို မသိရှိခြင်းတို့ကြောင့် အိန်းလူမျိုးများနှင့် စပ်လျဉ်းသော အချက်အလက်များကို တင်ပြနိုင်ခြင်းမရှိပါကြောင်း၊

ထရုန်လူမျိုး ပျောက်ကွယ်သွားခြင်း မရှိအောင်၊ ရေရှည်တည်တံ့အောင် ဆောင်ရွက်ရေး ကိစ္စမှာ ယဉ်ကျေးမှုဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်ပေးနိုင်သည့်ကိစ္စ မဟုတ်ဘဲ သက်ဆိုင်ရာ ပြည်နယ် အစိုးရများက ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ယူဆပါကြောင်း၊

ထရုန်လူမျိုးစုနှင့် အိန်းလူမျိုးတို့ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ထိုလူမျိုးစုတို့ ကျန်းမာရေး ကောင်းမွန်အောင်၊ ဖွား/သေနှုန်းနည်းပါးအောင်၊ ကလေးလူငယ်များ အသေအပျောက်နည်းပါးအောင်၊ မိခင်နှင့် ကလေး ကျန်းမာရေး တိုးတက်ကောင်းမွန်အောင်၊ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊

လူမျိုးဟာ နည်းလွန်းလာလျှင် တဖြည်းဖြည်းရောပြီး ပျောက်ကွယ်သွားတတ်သည့်နည်းတူ အသုံးအနှုန်း ပေါ်မူတည်၍လည်း ပျောက်ကွယ်သွားတတ်သည့်အတွက် မြန်မာနိုင်ငံမှာ အချို့တိုင်းရင်းသားများက အိမ်နီးချင်း အခြားလူမျိုးများနှင့် အိမ်ထောင်မပြုသော်လည်း အချို့ကမူ နီးစပ်မှုသဘာဝ၊ အလေးမထားမှု သဘာဝအရ လက်ထပ်ကြသည်ကို တွေ့ရှိရပါကြောင်း၊

ပျူလူမျိုးများကလည်း ဗမာဖြစ်လာသည်ဟူသော အယူအဆများ၊ တိဗက်တိုဘားမင်းဟု အသုံးနှုန်း ရှိပါလျက် ဗမာများကို နောက်ကျတိုင်းရင်းသားဟု ကောက်ချက်ချဆွဲသော အယူအဆများ၊ လူမျိုးနှင့် ယဉ်ကျေးမှု ခွဲခြားခြင်းများသည် ပြည်ထောင်စုမြန်မာနိုင်ငံသား စိတ်ဓာတ်ကို အားနည်းစေပါကြောင်း၊  

တိုင်းရင်းသားလူမျိုးများ၏ သွေးသားနှင့် မနုဿဗေဒဖွဲ့စည်းမှု၊ ယဉ်ကျေးမှုကို အကြောင်းပြုပြီး ထိန်းသိမ်းမြှင့် တင်ခြင်းကို သက်ဆိုင်ရာပြည်နယ်အစိုးရများက စာပေနှင့် ယဉ်ကျေးမှု အသင်းများကို ပုဂ္ဂလိကလူမှု လုပ်ငန်းရှင်များ၏ ရန်ပုံငွေအကူအညီဖြင့် ထိန်းသိမ်းဆောင်ရွက်သင့် ပါတယ်။ ပုဂ္ဂလိကစီးပွားရေးပြရုပ်အဖြစ် ကမ္ဘာလှည့်ခရီးသွားများကို ပြသခြင်း၊ မိမိပရောဂဖြင့် နေထိုင်ရွှေ့ပြောင်း အခြေချစေခြင်းများကို တားမြစ်သင့် သည်ဟု ဥပဒေအဆင့်မထုတ်ပြန်နိုင်ပါကလည်း ညွှန်ကြားချက်ထုတ်၍ တားမြစ်သင့်ပါကြောင်း၊

ယခုဆွေးနွေးချက်ပါ လူမျိုးများ၏ နောက်ဆုံးလက်ကျန်အရေအတွက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များက သုတေသနစာရင်းပြုကောက်ယူပြီး ကျန်းမာကြံ့ခိုင်အောင် အားပေးနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားများနှင့် လက်ထပ်၍ လည်းကောင်း၊ အခြား၎င်းတို့ ယုံကြည်မှုအရ အိမ်ထောင်ပြု၍လည်းကောင်း၊ ကုန်ထုတ်လုပ်မှုနှင့် မျိုးဆက်ထုတ်လုပ်မှုရှိမှသာ လူ့လောကတွင် သဘာဝကျစွာ နေထိုင်နိုင်မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားအားလုံးသည် တရွေ့ရွေ့ ပြောင်းလဲခြင်း ဖြစ်စဉ်သဘောအရ လျော့နည်းပျောက်ကွယ်မသွားအောင် ဒေသအသီးသီးတွင် နေထိုင်တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဦးဆောင်ပုဂ္ဂိုလ်များဖြင့် အသိပညာပေး ဆောင်ရွက်သွားရန် သင့်ပါကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်ရန် အစီအစဉ်မရှိ သေးပါကြောင်း ဖြေကြားပါသည်။