(က)-အလုပ်သမားနှင့်အလုပ်ရှင်အငြင်းပွားမှုဖြေရှင်း ရာတွင်အလုပ်သမားများ၏လျော်ကြေး ငွေမှာ နည်းပါးနေပါသဖြင့် ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၄.၁၀.၂၀၁၄)

ဦးသိန်းထွန်းဦး (အမရပူရ) အလုပ်သမားနှင့် အလုပ်ရှင် အငြင်းပွားမှုဖြေရှင်းရာတွင် အလုပ်သမားတစ်ဦး အလုပ်ခွင်တွင် ထိခိုက်သေဆုံးလျှင် တွက်ချက်ပုံ နည်းစနစ်များဖြင့် တွက်ချက်ပြီး ကျပ် ၁၅၀၀၀၀ ထက်မနည်း ကျပ် ၄၅၀၀၀၀ ထက် မပိုစေရဟုလည်းကောင်း၊ အလုပ်သမားတစ်ဦး အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရရှိပြီး ပြတ်ရှကွဲခြင်း၊ မသန်မစွမ်းဖြစ်ခြင်းများ ဖြစ်ပေါ်စေလျှင် ကျပ် ၂၀၀၀၀၀ ထက်မနည်း ကျပ် ၆၀၀၀၀၀ သိန်းထက် မပိုစေဟုလည်းကောင်း အဓိပ္ပာယ်သက်ရောက်စေသော အလုပ်သမားဝန်ကြီးဌာန၏ ၂၀၀၅ ခုနှစ်က အမိန့်ညွှန်ကြားချက်သည် ယခုခေတ်နစ်နာသူအလုပ်သမားများအတွက် လျော်ကြေးငွေနည်းပါးနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါအမိန့်ညွှန်ကြားချက်သည် အလုပ်သမားတစ်ဦး၏ ကြေးငွေတစ်လ လုပ်ခလစာ မည်မျှတွက်ချက်ထားသည်ကို သိရှိလိုပါကြောင်း၊ လက်ရှိခေတ်စနစ်ဖြင့် လျော်ညီမှုရှိ/မရှိ၊ ခေတ်စနစ်ဖြင့် လျော်ညီမှုမရှိခဲ့ပါလျှင် သက်ဆိုင်ရာဝန်ကြီးဌာနက ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း
အဖြေ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ၁၉၂၃ ခုနှစ်၊ အလုပ်သမားလျော်ကြေး အက်ဥပဒေကို ၁-၇-၁၉၂၄ ခု နေ့တွင် စတင်ပြဋ္ဌာန်းပြီး အာဏာတည်ခဲ့ပါကြောင်း၊ ၁၁-၅-၂၀၀၅ ခုနှစ်တွင် ခေတ်နှင့် လျော်ညီစေရန်အတွက် ပြုပြင်၍ ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဤဥပ‌ဒေအရ အလုပ်သမားတစ်ဦးသည် အလုပ်တာဝန် ထမ်းဆောင်နေချိန်အတွင်း အလုပ်ကိုအကြောင်းပြု၍ မတော်တဆ ထိခိုက်သေဆုံးလျှင်သော်လည်းကောင်း၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းဆုံးရှုံးလျှင်သော်လည်းကောင်း၊ အလုပ်အကိုင်နှင့်စပ်လျဉ်း၍ ရောဂါရရှိသော်လည်းကောင်း ထိုသူနှင်‌့ ထိုသူမှီခိုသူအတွက် စားဝတ်နေရေး သက်သာချောင်ချိစေရန် အထောက်အပံ့ပေးခြင်းဖြစ်ပါကြောင်း။

အလုပ်သမားတစ်ဦး ထိခိုက်သေဆုံးလျှင် အလုပ်သမားလျော်ကြေးအက်ဥပဒေအရ လျော်ကြေးငွေပေးရန် အနည်းဆုံးမှာ ငွေကျပ် ၁၅၀၀၀၀၊ အများဆုံးမှာ ငွေကျပ် ၄၅၀၀၀၀ သတ်မှတ်ထားပါကြောင်း၊ အကယ်၍ အလုပ်သမားတစ်ဦးသည် အမြဲတမ်း လုံးဝမသန်မစွမ်းဖြစ်လျှင်သော်လည်းကောင်း၊ အမြဲတမ်း တစ်စိတ်တစ်ဒေသ မသန်မစွမ်းဖြစ်လျှင်သော်လည်းကောင်း အလုပ်သမားလျော်ကြေး အက်ဥပဒေနှင့်အညီ လျော်ကြေးပေးရန် အနည်းဆုံးမှာ ငွေကျပ် ၂၀၀၀၀၀ နှင့် အများဆုံး ၆၀၀၀၀၀ ကျပ်အထိ သတ်မှတ်ထားပါကြောင်း၊ ထို့အပြင် အလုပ်သမားတစ်ဦးသည် လူမှုဖူလုံရေးအကျုံးဝင်သူ ဖြစ်ပါက လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရှိခဲ့ပါကြောင်း၊ ယာယီမသန်မစွမ်းမှုဖြစ်ပါကလည်း လစာ၏သုံးပုံနှစ်ပုံကို လဝက်တစ်ကြိမ် ထုတ်ပေးရပါကြောင်း၊ ယခုအခါ အလုပ်သမားလျော်ကြေး အက်ဥပဒေသည် ခေတ်ကာလနှင့် ကိုက်ညီမှု မရှိတော့ပါသဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အသစ်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အာမခံအလုပ်သမားများသည် အလုပ်တွင် ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းအကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်၊ အလုပ် တွင် ထိခိုက်မှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့်တို့ကို သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊  အာမခံထားသူသည် အလုပ်တွင် ထိခိုက်မှုကြောင့် အလုပ်မလုပ်နိုင်၍ ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ဝင်ငွေရပ်စဲခြင်းဖြစ်လျှင် အခမဲ့ဆေးကုသမှုခံယူခွင့်ရှိသည့်အပြင် ဆေးသက်သေခံ လက်မှတ်အရ ယာယီမသန်စွမ်းမှုနှင့်ဆိုင်သော အကျိုးခံစားခွင့်အဖြစ် အလုပ်တွင် ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကိုလည်း စတင်မလုပ်နိုင်သည့်နေ့မှ အများဆုံး ၁၂ လအထိ ခံစားခွင့်ပေးထားပါကြောင်း။

အာမခံထားသူသည် အလုပ်တွင်ထိခိုက်မှုကြောင့် အလုပ်လုပ်နိုင်လျှင် လုပ်နိုင်သည့်အင်အား တစ်စိတ်တစ်ဒေသ အမြဲတမ်းဆုံးရှုံးနိုင်ဖွယ်ရာအကြောင်းရှိလျှင် အမြဲတမ်း တစ်စိတ်တစ်ဒေသ မသန်စွမ်းမှုနှင့် သက်ဆိုင်သော ငွေကြေးအကျိုးခံစားခွင့်၊ အလုပ်လုပ်နိုင်သည့်အင်အား လုံးဝအမြဲတမ်းဆုံးရှုံးနိုင်ဖွယ်ရှိလျှင် အမြဲတမ်းလုံးဝမသန်စွမ်းမှုနှင့်ဆိုင်သော ငွေကြေးအကျိုးခံစားခွင့်တို့ကို ခံစားခွင့်ရှိပါကြောင်း၊ ထိုခံစားခွင့်များ အတွက် အလုပ်တွင် ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှတစ်လစာ၏ ၇၀ ရာခိုင်နှုန်းကို ဆေးဘက်ဆိုင်ရာအဖွဲ့၏ အမြဲတမ်းလုပ်အားဆုံးရှုံးမှုရာခိုင်နှုန်း ဆုံးဖြတ်ချက်အပေါ်အခြေပြုပြီး တွက်ချက်ပြီး ငွေကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်ဟု သတ်မှတ်ပြီး ဥပဒေနှင့်အညီ ခံစားခွင့်ပေးလျက်ရှိပါကြောင်း၊ အမြဲတမ်း လုပ်အားဆုံးရှုံးမှု ၂၀ ရာခိုင်နှုန်း၏အောက်ဖြစ်ပါက ထိုသူခံစားခွင့်ရှိသော လစဉ်အကျိုးခံစားခွင့် ငါးနှစ်အတွက် ရသင့်ရထိုက်သော ငွေကြေးကို တစ်လုံးတစ်ခဲတည်းအဖြစ်လည်းကောင်း၊ လုပ်အားဆုံးရှုံးမှု ၂၀ ရာခိုင်နှုန်း အထက် ၇၅ ရာခိုင်နှုန်းအထိဖြစ်ပါကလည်း ထိုသူခံစားခွင့်ရှိသော လစဉ်အကျိုးခံစားခွင့်၏ ခုနစ်နှစ်အတွက် ရသင့်ရထိုက်တဲ့ငွေကြေးကို ၎င်းဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း ဖြစ်စေ ခံစားခွင့်ကို လည်းကောင်း၊ လုပ်အားဆုံးရှုံးမှုသည် ၇၅ ရာခိုင်နှုန်းအထက်ဖြစ်လာလျှင် ထိုသူခံစားခွင့်ထက် လစဉ် အကျိုးခံစားခွင့်ကို ကိုးနှစ်အတွက် ရသင့်ရထိုက်သောငွေကြေးနှင့် ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း သို့မဟုတ် လစဉ်အသက်ထက်ဆုံးဖြစ်စေ ခံစားခွင့်ကိုလည်းကောင်း၊ အမြဲတမ်း လုံးဝဆေးသက်သေခံလက်မှတ် မသန်စွမ်းသူကို အခြားသူတစ်ဦးတစ်ယောက်က အမြဲမပြတ် ပြုစုနေရပြီဆိုပါက ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသော ထပ်ဆောင်းငွေကို ထိုသူ၏ဆန္ဒအရဖြစ်စေ၊ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ၊ လစဉ်ဖြစ်စေ၊ သက်ဆုံးတိုင်ဖြစ်စေ ထောက်ပံ့ခံစားခွင့်ရှိပါကြောင်း။

ထို့ကြောင့် အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင်ကိုလည်း ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၆၂ ပုဒ်မခွဲ(က)အရ အလုပ်တွင် ထိခိုက်လျှင် အာမခံထားသူ သေဆုံးသည့်အခါ အာမခံထားသူက အမည်စာရင်းပေးသွင်းထားခြင်းခံရသူသည် ထိုအာမခံထားသူ မသေဆုံးမီ လေးလအတွင်း ရရှိသောပျမ်းမျှလုပ်ခ၏ ထည့်ဝင်ကြေးပေးသွင်းသည့် ကာလအခြေပြု၍ ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ရပိုင်ခွင့်ရှိပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ ထည့်ဝင်ကြေး လပေါင်း ၆၀ အောက် ပေးသွင်းပြီးပြီဆိုပါ လုပ်ခလစာ၏ ၃၀ ဆ၊ ထည့်ဝင်ငွေ လပေါင်း ၆၀ အထက်မှ လပေါင်း ၁၂၀ နှင့်အောက် ပေးသွင်းပြီးပြီဆိုပါက ပျမ်းမျှလုပ်ခတစ်လစာ၏ ၅၀ ဆ၊ ထည့်ဝင်ကြေးငွေကို လပေါင်း ၁၂၀ အထက်နှင့် လပေါင်း ၂၄၀ အောက် ပေးသွင်းပြီးပါက ပျမ်းမျှလုပ်ခတစ်လစာ၏ ၆၀ ဆနှင့် ထည့်ဝင်ကြေးငွေကို လပေါင်း ၂၄၀ အထက်ပေးသွင်းပြီးပါက ပျမ်းမျှလုပ်ခတစ်လစာ၏ ၈၀ ဆအထိ ခံစားခွင့် ပေးထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းထွန်းဦး (အမရပူရ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဖြေကြားချက်အရ ရှိထားသည့်ဥပဒေကို ပြင်သွားမည်ဆိုသည်ကို သိရှိရသည့်အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း၊ မိမိမေးခွန်း၏ ရည်ရွယ်ချက်က အလုပ်သမား တစ်ယောက်အလုပ်ခွင် ဝင်သည့်အခါ လူမှုဖူလုံရေးအသင်းမဝင်ရသေးခင်တွင် ထိုသူတစ်ယောက်က လုပ်ငန်းခွင်၌ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးသွားခြင်းကို အဓိကရည်ရွယ်ပြီး မေးခြင်းဖြစ်ပါကြောင်း၊ ထိုသို့မေးမြန်းရခြင်းမှာ မိမိမဲဆန္ဒနယ်တွင် ဦးဟန်သောင်းနှင့် ကိုတင်လှိုင်ဆိုသည့် အလုပ်သမားနှစ်ယောက်သည် ချမ်းမြသာစည်ဆိုသော ကုမ္ပဏီတစ်ခုတွင် ညစောင့်လုပ်ငန်းလုပ်ကိုင်ရင်း သူတို့နှစ်ယောက်ကို ရက်ရက်စက်စက် အသတ်ခံရသည့်ကိစ္စကို အခြေခံလာပြီး ယင်းညွှန်ကြားချက်ကို မိမိအနေဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လူမှုဖူလုံရေး မဝင်ရသေးခင်တွင် ခံစားရမည့် မိမိ၏ မေးခွန်းအပေါ်တွင် မူတည်သည့်ဥပဒေကို ပြင်ဆင်မည်ဆိုပါက ပြင်ဆင်ချက်ကို မည်သည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော်ကို တင်ပြနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း

ကိုယ်စားလှယ်တော်ကြီးပြောကြားသော အတိုင်းအတာသည် မိမိတို့အနေဖြင့်  ယင်းဥပဒေကို ပြင်ဆင်ရန် မိမိတို့ ရုံးတွင်း၌ ပြီးစီးပြီဖြစ်ပါ၍ မကြာခင်ကာလတွင် နိုင်ငံတော်အစိုးရကို တင်ပြပြီး လွှတ်တော်ထဲကို ပြန်လည်တင်ပြမည်ဖြစ်ပါကြောင်း၊ တစ်လအခ ကြေးငွေ တစ်လလုပ်ခ မည်မျှနှင့် တွက်ချက်သည်ဆိုသည်မှာ ခေတ်ကာလအရ ၂၀၀၅ ခုနှစ်တွင် ပုံသေလစာများကို ပြန်ကြည့်ရာတွင် ၄၀၀၀၀၊ ၅၀၀၀၀ အထိ  အမြင့်ဆုံးရှိပါကြောင်း၊ အနည်းဆုံး ၁၂၅၀၀ အပေါ်တွင် အခြေခံပြီးတွက်ထားခြင်းကြောင့် ပြင်ဆင်သည့်ဥပဒေသည့် ချို့ယွင်းချက်အရ ၁၅၀၀၀၀ နှင့် ၄၅၀၀၀၀ ဟူ၍ သတ်မှတ်ခြင်း၊ ၂၀၀၀၀၀ နှင့် ၆၀၀၀၀၀ ဟူ၍ သတ်မှတ်ထားပါကြောင်း၊ ယင်းဥပဒေကို မကြာမီတွင် တင်ပြမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။