၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် ရက်စွဲနှင့် နိုင်ငံတော်သမ္မတက ၁၉၄၈ ခုနှစ်၊ ပါလီမန် ရွေးကောက်ပွဲအက်ဥပဒေ ပုဒ်မ ၂ အပိုဒ်(ဂ)အရ ဂျိန်းဖော၊ အဇီး၊ လရှီး၊ မဒူ၊ လီဆူးနှင့် ရဝမ် လူမျိုးများသည် ကချင်လူမျိုးများတွင် အပါအဝင်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အထက်ပါ နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာကို ၁၇- ၁၀- ၁၉၉၅ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အထူးအမိန့်ပြန်တမ်းအဖြစ် တရားရေးဝန်ကြီးဌာန၊ ရွေးကောက်ပွဲ ဌာနခွဲ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ တွဲဖက်အတွင်းဝန် စံညွန့်က အမိန့်အရထုတ်ပြန်ကြေညာခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၁၉၈၃ ခုနှစ်တွင် တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံပြီး သန်းခေါင်စာရင်းကောက်ယူခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၁- ၁၀- ၂၀၀၃ ရက်နေ့တွင် ခန့်မှန်းလူဦးရေစာအုပ်တွင် ကချင်နှင့် ဂျိန်းဖောကိုပေါင်းပြီး ဂျိန်းဖောဟု ဖော်ပြခဲ့သည့်အတွက် တိုင်းရင်းသားလူမျိုး ၁၃၄ မျိုးဖြစ်ခဲ့ကြောင်း၊ ထိုပြင်ဆင်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ပြင်ဆင်ပြုစုခဲ့ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၁၄ ခုနှစ် မတ်လတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ခံသည့်အခါတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးအပေါ် အခြေခံပြီး ပြန်လည်ကောက်ယူခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ (၁) ကချင်တိုင်းရင်းသားလူမျိုးများအတွက် နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာထားသည့် ၁၇-၁၀-၁၉၅၅ ရက်နေ့တွင် ထုတ်ပြန်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အထူးအမိန့်ပြန်တမ်းကို ပယ်ဖျက်ထားခြင်း ရှိ/မရှိ၊ (၂) ၁-၁၀-၂၀၀၃ ခုနှစ်ရှိ ခန့်မှန်းလူဦးရေစာအုပ်တွင် ကချင်နှင့်ဂျိန်းဖောကိုပေါင်း၍ ဂျိန်းဖောဟု သတ်မှတ်ခဲ့ခြင်းမှာ မည်သည့်အတွက်ကြောင့် သတ်မှတ်သည်နှင့် ထိုသို့သတ်မှတ်ရာတွင် သက်ဆိုင်ရာ ကချင်တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ သဘောတူညီမှုရယူခဲ့ခြင်း ရှိ/မရှိ၊ (၃) ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံရာတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံ ထားသဖြင့် ၁-၁၀-၂၀၀၃ တွင်ပြင်ဆင်ခဲ့သည့် ကချင်=ဂျိန်းဖော ဟူသည့်သတ်မှတ်ချက်ကို ပယ်ဖျက် ပြီးဖြစ်သည်ဟု မှတ်ယူရပါမည်နည်း၊ မပယ်ဖျက်သေးပါက ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ (၄) ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်သော ပြည်ထောင်စုမြန်မာ နိုင်ငံတော် အထူးအမိန့်ပြန်တမ်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၁-၁၀-၂၀၀၃ ရက်နေ့ ရက်စွဲပါ လမ်းညွှန်မှုနှစ်ခုစလုံးကို ပယ်ဖျက်ခြင်းမရှိသေးပါက သမ္မတ၏ကြေညာချက်နှင့် ဝန်ကြီးဌာန၏လမ်းညွှန်ချက် မည်သည်က ပိုမို၍ အာဏာသက်ရောက်မှုရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပထမမေးခွန်းနှင့် စပ်လျဉ်း၍ မိမိတို့ သန်းခေါင်စာရင်းကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေနှင့် ၁၉၈၃ ခုနှစ်တွင် လူမျိုးစုစာရင်းကို အခြေခံထားပြီး ၂၀၁၄ ခုနှစ်တွင် ဆက်လက်၍ သန်းခေါင်စာရင်း ကောက်ယူခဲ့ခြင်းဖြစ်ပါကြောင်း။
ဒုတိယမေးခွန်းနှင စပ်လျဉ်း၍ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ခန့်မှန်း လူဦးရေစာအုပ်တွင် ရှိသော ကချင်နှင့် ဂျိန်းဖောကိုပေါင်းပြီး ဂျိန်းဖောဟု ဖော်ပြခဲ့ခြင်းမှာ ကချင်ပြည်နယ်ဆိုင်ရာ အထောက်အထားများတွင် ဂျိန်းဖော(ခ)ကချင်လူမျိုးများဟု ဖော်ပြထားပြီး ကချင်တို့၏ မူလအမည်မှာ ဂျိန်းဖောဖြစ်သည်ဟု တွေ့ရှိရပါကြောင်း၊ ကိုးကားစာရင်းများဖြစ်သည့် ကချင်ပြည်နယ်မှတ်တမ်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် ၁၉၈၅၊ ကချင်ပြည်နယ်သမိုင်း(ပထမတွဲ) သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်း HRC: X/13AP/1922၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများ(ကချင်)၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ရန်ကုန်စာပေဗိမာန်ပုံနှိပ်တိုက် ၁၉၆၇ တို့တွင် ဂျိန်းဖောကို ကချင်ဟု ဖော်ပြထားသဖြင့် ၂၀၀၃ ခုနှစ်၊ ခန့်မှန်းလူဦးရေစာအုပ်တွင် ကချင်နှင့်ဂျိန်းဖောကိုပေါင်း၍ ဂျိန်းဖောဟု ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရရှိပါကြောင်း။
တတိယမေးခွန်းနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စတင် ကောက်ယူခဲ့သော ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံရာတွင် ၁၉၇၃ ခုနှစ်က ကောက်ယူရရှိခဲ့ပြီးသော မှတ်တမ်းတင်ထားသည့် လူမျိုး ၁၃၅ မျိုးနှင့် ၁၉၈၃ ခုနှစ်၊ သန်းခေါင်စာရင်းပါ ဆက်လက်အသုံးပြုထားသောစာရင်းကို အခြေခံဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းဒေသကြီး/ပြည်နယ်များအားလုံးသို့ ကြိုတင်အသိပေး ပြောဆိုရှင်းလင်းမှုများလည်း အချိန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် ဖြေဆိုသူမှ ဖြေကြားသည့်အတိုင်းသာ စာရင်းပြုစု ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း။
စတုတ္ထမေးခွန်းနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရာတွင် ၁၉၈၃ ခုနှစ်၊ လူမျိုးစုစာရင်းကိုသာ အခြေခံထားပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အာဏာသက်ရောက်မှုရှိသည်ဆိုသောအချက်မှာ နှိုင်းယှဉ်ရန်ပင် မသင့်တော်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် အခြေခံသတ်မှတ်ထားသော Code ဖြင့် ကောက်ယူခဲ့သော တိုင်းရင်းသားလူမျိုးစု၊ မျိုးနွယ်စုများသည် အပြောင်းအလဲရှိနိုင်ပါကြောင်း၊ ၎င်းစာရင်းများကို စာရင်းပြုစုခြင်းလုပ်ငန်းမှ တိုင်းရင်းသားလူမျိုးစု၊ မျိုးနွယ်စုများနှင့်ပတ်သက်၍ ထွက်ရှိလာသည့်စာရင်းများအရ လူမျိုးစုအမည်၊ သတ်ပုံသတ်ညွှန်းမှားနေခြင်း၊ လူမျိုးစုအမည်သစ် ထပ်မံတိုးလာခြင်းနှင့် အချို့မှာ ပျောက်ကွယ်သွားခြင်း များအပေါ် မူတည်၍ တိုင်းရင်းသားလူမျိုးစုများထံမှ အကြံပြုချက်၊ ပူးပေါင်းကူညီဆောင်ရွက်ချက်များ ရယူပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်သုံးသပ်ပြင်ဆင်သွားနိုင်ရေးအတွက် အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်ပြီးစီးသွားမှသာ တိုင်းရင်းသားလူမျိုးစု၊ မျိုးနွယ်စုများစာရင်း ပြန်လည်ပြုပြင်ပြောင်းလဲ သတ်မှတ်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
