(က)-မိတ္ထီလာရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ နယ်တွင် တည်ရှိသော စက်မှုလက်မှုသိပ္ပံ(GTI)ကို ယခင်ကအတိုင်းနယ်ပယ်စုံစက်မှုအတတ်သင်သိပ္ပံ အဖြစ်ပြန်လည် ထိန်းသိမ်းပြီး သင်တန်းကျောင်း အဖြစ် ပြန်လည်အကောင်အထည်ဖော်ရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၈.၁.၂၀၁၆)

အင်းစိန် GTI နှင့် ပတ်သက်၍ ယခင်ကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ချို့မှ တင်ပြခဲ့ဘူးပါကြောင်း၊ GTI သည်ဦးဝင်းထိန် (မိတ္ထီလာ) ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့သည့် အင်ဂျင်နီယာဆိုင်ရာ သိပ္ပံကျောင်းဖြစ်သော်လည်း ၎င်း ကျောင်းမှဆင်းလာသည့် ကျောင်းသား  AGTI များသည် တိုင်းပြည်၏ တိုးတက်ရေးကို ကဏ္ဍပေါင်းစုံက  ပါဝင်ခဲ့သည်ဆိုသည်မှာ အားလုံးလည်း သိကြပါကြောင်း၊ GTI စတင်တည်ထောင်စဉ်မှစ၍ ပိတ်သိမ်းသည့် အချိန်အထိ တွက်မည်ဆိုလျှင်     GTI လူငယ်ကျောင်းသားပေါင်း သောင်းဂဏန်းမက သိန်းဂဏန်းများထိ ရှိခဲ့မည်ဆိုသည်ကို မှန်းဆလို့ရပါကြောင်း၊ GTI ကို ပြီးခဲ့သည့် တပ်မတော်အစိုးရလက်ထပ်မှ တစ်ခြားအဖွဲ့ကို တာဝန်လွှဲပြီး ပေးအပ်ခဲ့ပါကြောင်း၊ ဘယ်လိုအကြောင်းကြောင့် ပေးအပ်ခဲ့သည်ဆိုခြင်းအပေါ် မိမိတို့လည်း မှန်းဆ၍မရသော်လည်း ယခုချိန်တွင် GTI ကျောင်းဝန်ကြီးတစ်ခုလုံး၏ အဆောက်အဦများကို ဌာနပေါင်းစုံမှ အစိတ်စိတ်အမွှာမွှာ ပိုင်းခြားပြီး တာဝန်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ထိုကျောင်းမှ ကျောင်းသား/သူဟောင်းများသည် စိတ်မကောင်းဖြစ်ကြရပါကြောင်း၊ အဆိုးဆုံးမှာ ပြီးခဲ့သည့် အစိုးရလက်ထပ်တွင် GTI ကျောင်းကို အချုပ်ခန်းအဖြစ် အသုံးပြုခဲ့သည်ကို ရင်နာစွာသိခဲ့ရပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင်တည်ရှိသော စက်မှုလက်မှုသိပ္ပံ(GTI) ကျောင်း ယခင်က အတိုင်းနယ်ပယ်စုံ စက်မှုအတတ်သင် သိပ္ပံအဖြစ် ပြန်လည်ထိန်းသိမ်းပြီး သင်တန်းကျောင်းအဖြစ် ပြန်လည်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာ/အဆင့်‌မြင့်ပညာများကို ပြီးဆုံးအောင် ဆက်လက် မသင်ကြားနိုင်သည့် သူများကို အသက်မွေးဝမ်းကြောင်း ပညာများဆက်လက် သင်ကြားပေးနိုင်ရေးအတွက် စက်မှုလက်မှုအထက်တန်းကျောင်းများ သိပ္ပံများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အတန်းကျောင်းအပြင် မိမိတို့မှ အသက်မွေးဝမ်းကျောင်း ပညာများလည်း လိုအပ်သည်ဆိုတာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရစက်မှု/ လက်မှုသိပ္ပံ (အင်းစိန်) ကိုလည်း ဘာသာရပ်မျိုးစုံ သင်ကြားနိုင်သည့် Polytechnic Institute အဖြစ်ပြန်လည် ဖွင့်လှစ်နိုင်ရေးကို ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒီနေရာမှာ ကိုယ်စားလှယ် တင်ပြထားသည့် ယခင်ကအတိုင်း နယ်ပယ်စုံ သင်ကြားပေးနိုင်သည်ဟု ပြောသော်လည်း ယခင်က နည်းပညာများကိုပဲ သင်ကြားပေးနိုင်ခြင်း ဖြစ်ပါကြောင်း၊ နည်းပညာဆိုတာသည်မှာ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ် စသည်ဖြင့် နည်းပညာများကို သင်ကြားပို့ချပေးခဲ့သည့် နေရာဖြစ်ပါကြောင်း၊ ယခုတွင် ပိုပြီး လိုအပ်နေသည့် အသက်မွေးဝမ်းကျောင်းဆိုတာလည်း အင်မတန် ကျယ်ပြန့်သည့်အတွက် ယခင်မေးခွန်းများ ဖြေစဉ်ကလည်း အလျင်းသင့်လို့ ရှင်းပြဘူးပါကြောင်း၊ အသက်မွေးဝမ်း ကျောင်းတွင်လည်း Level အဆင်‌့နှင့် လျော်ညီစွာ ASEAN မှာ သတ်မှတ်ထားသည့် အဆင်‌့တိုင်း ကိုက်ညီအောင် အင်ဂျင်နီယာ နည်းပညာဘာသာရပ် များကို ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် Polytechnic Institute ကျယ်ကျယ်ပြန့်ပြန့် ဖွင့်‌လှစ်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် ပညာရေးဝန်ကြီးဌာနနှင်‌့ AGTI Society  အသင်းမှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းအားထုတ်မှုနှင့် GTI ပညာရေးခရီးစဉ် နှစ်(၁၂၀) ပြည့်အခမ်းအနားကို ၁၂-၁၂-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်း အခမ်းအနားတွင်လည်း နှစ်ပေါင်း ၁၂၀ သက်တမ်းရှိပြီဖြစ်သည့် အင်းစိန် G.T.I အဆောင်အဦကို ရှေးဟောင်းသမိုင်းဝင်အဆောက်အဦအဖြစ် မှတ်တမ်းတင်ထားရှိ နိုင်ရေးအတွက် ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်စာရင်းဝင် အမွေအနှစ်အပြာရောင် ကမ္ဗည်းပြား (Blue Heritage Plaques) ကို AGTI Society အသင်းမှလည်း တပ်ဆင်မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါကြောင်း၊ ရှေ့မှာ မိမိတင်ပြခဲ့သည့် အပိုင်းတွင် အင်းစိန် GTI ကြီးကို Polytechnic Institute အဖြစ် ဖွင့်လှစ်သွားနိုင်ရေးအတွက်  အင်းစိန် GTI  ပင်မဆောင်တွင် ရုံးလုပ်ငန်း အတတ်ပညာသင်တန်းများ၊ ဟိုတယ်နှင့်ခရီးဆိုင်ရာ သင်တန်းများ၊ အခြားအသက်မွေးဆိုင်ရာ သင်တန်းများစသဖြင့် ပုံမှန်သင်တန်းများအပြင် ကျွမ်းကျင်မှုဆိုင်ရာ စံနှုန်းအဆင့်ဆင့်နှင့်အညီ ကာလတိုသင်တန်းများ၊ ကာလရှည်သင်တန်းများကိုပါ  ဖွင့်လှစ်ဆောင်ရွက်သွားရန် လျာထားလျက်ရှိပါကြောင်းနှင့် အင်းစိန်မြို့နယ်တွင် ရှိသည့် စက်မှုလက်မှုသိပ္ပံ GTI ကို Polytechnic Institute အဖြစ်ဖွင့်လှစ်သွားရန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်   ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။