ပြီးခဲ့သည့်မိုးရာသီ ဇွန်နှင့်ဇူလိုင်လများတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိမိတို့ လက်ပံတန်းမြို့ရှိ မြစ်မခရေကာတာ ကျိုးပေါက်ကာ လက်ပံတန်းကျုံမဟာ၊ သာတော မဟာဗျူဟာကားလမ်းနှင့် ၎င်းလမ်းပေါ်ရှိ တံတားအမှတ် ၄/၆ တို့ ရေတိုက်စား မျောပါခဲ့ပြီး တံတားအမှတ် ၁/၆ နှင့် ၃/၇ တို့တွင်လည်း ကြမ်းခင်းများ၊ အုတ်ခုံများ ပျက်စီးခဲ့ပြီး ဖြတ်သန်းသွားလာ၍မရနိုင်သည်အထိ ဖြစ်ခဲ့ပါကြောင်း၊ ထို့အတူ လက်ပံတန်းခမုံ၊ သာတောမီးရထားလမ်းလည်း မြစ်ရေတိုက်စားခဲ့သဖြင့် ကျောင်း၊ အိမ်၊ ဘူတာအလွန် တံတားအမှတ် ၁၅/၁၀၀ များ ပျက်စီးသွားခဲ့ပါကြောင်း၊ လက်ပံတန်းကျုံမဟာ၊ သာတောမဟာဗျူဟာကားလမ်းနှင့် လက်ပံတန်းခမုံ၊ သာတောမီးရထားလမ်းများသည် လက်ပံတန်းမြို့ အနောက်ခြမ်းရှိ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၁၁၀ နှင့် လူဦးရေ ၈ သောင်းကျော် မှိခိုအားထားနေရသည့် အဓိကလမ်းများဖြစ်ပါကြောင်း၊ ထို့ပြင် လက်ပံတန်းရေကန် ခမုံဆိပ်မြေသားလမ်းတွင် သစ်သားတံတားနှစ်စင်းသာ ပျက်စီးခဲ့သည့် အတွက်ကြောင့် အနည်းဆုံးပျက်စီးမှု ရှိမည်ဖြစ်ပါကြောင်း၊ ထို့သို့တင်ပြရာ သုံးလမ်းအနက် လက်ပံတန်းကျုံမဟာ၊ သာတောမဟာဗျူဟာကားလမ်းနှင့် လက်ပံတန်းခမုံ၊ သာတောမီးရထားလမ်း ပေါ်ရှိ တံတားများကို ပြင်ဆင်ပေးမည်ဆိုပါက ၂၀၁၆-၁၇ ဘဏ္ဍာရေး ငွေလုံး ငွေရင်းရမှသာပြင်နိုင်မည့် အခြေအနေရှိသည်ဖြစ်သည့်အတွက် အချိန်များစွာ ကြန့်ကြာနိုင်ပါကြောင်း၊ ထို့ကြောင့် အပျက်အစီး နည်းပါးသည့် လက်ပံတန်းရေကန်ခမုံဆိပ်မြေသားလမ်းကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဖြည့်စွက် ဘတ်ဂျက် RE တွင် အရေးပေါ်ကျောက်ချောလမ်း သို့မဟုတ် ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ပေးပြီး ၎င်းလမ်း ပေါ်မှာရှိသည့် ပျက်စီးသွားသော တံတားနှစ်စင်းကိုလည်း ယခုအချိန်တွင် ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လက်ပံတန်းရေကန် ခမုံဆိပ်လမ်းသည် မိုင်အားဖြင့် ၇ မိုင်နှင့် ၄ ဖာလုံရှိပါကြောင်း၊ ထိုအထဲတွင် ၂ မိုင်နှင့် ၂ ဖာလုံမှ ဂဝံလမ်းခင်းပြီး့် ကျန်ရှိသည့် ၅ မိုင်နှင့် ၅ ဖာလုံသည် မြေသားလမ်းဖြစ်ပါကြောင်း၊ အဆိုပါ ၇ မိုင်နှင့် ၄ ဖာလုံကို ကျောက်ချောလမ်းခင်းရန်အတွက် ခန့်မှန်းငွေ ၇၂၂.၈၅ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ၇ မိုင်နှင့် ၄ ဖာလုံကို ကျောက်ချောလမ်းခင်းမည်ဆိုပါက ရခိုင်ရိုးတံတားနှင့် ခုနတံတားနှစ်စင်း အပါအဝင် စုစုပေါင်း ၇၈၂.၈၅ သန်း ကုန်ကျဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လမ်းတံတားများနှင့် ပတ်သက်၍ ကျပ်သန်းပေါင်း ၅၄၉၃.၇၇၃ သန်း သုံးစွဲရန် ခွင့်ပြုထားတာရှိပါကြောင်း၊ လက်ပံတန်းမြို့နယ်အနေဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၃၅၀.၃၃၃ သန်းဖြင့် မြေသားလမ်း ၅ မိုင် ၂ ဖာလုံ၊ သစ်သားတံတား ၄၂၅ ပေနှင့် Box Culvert (၂၅)ပေဆောင်ရွက်ထားရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ လက်ပံတန်းရေကန် ခမုံဆိပ်လမ်းနှင့်တံတားလုပ်ငန်းများကို ၂၀၁၅-၂၀၁၆ ဖည်စွက်ရန်ပုံငွေတွင် လျာထားခြင်း မရှိကြောင်း၊ သို့သော် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မှော်ဝင်း-သရက်ချောင်း (အောင်စိုးမိုး)လမ်းကို ပြန်လည်ပြင်ဆင်ရန် ၂မိုင်၂ဖာလုံ ထည့်သွင်းလျာထားပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘတ်ဂျတ်တွင် မင်းလမ်း-ညောင်ဝိုင်းလမ်းကို လျာထားတင်ပြထားပါကြောင်း၊ ထို့ပြင် ဂရန်ရွာသစ်ညောင်ဝိုင်း မြေသားလမ်းတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားသည့်အပိုင်းကို ပြင်ဆင်ရန်၊ တံတားပိုင်းပိုင်းတွင် ပန်းပင်ကုန်း၊ ကျောင်းကုန်းလမ်းပေါ်ရှိ Box Culvert၊ မြေစည်းအုပ်စု၊ ထောက်ကြံ့ကွင်းတံတားလမ်း ပေါ်ရှိ သစ်သားတံတားတစ်စင်း၊ ခမုံညောင်စုလမ်းပေါ်ရှိ သောက်ရေရိုးတံတား၊ နောက်ခမုံ ညောင်စုလမ်းမပေါ်တွင် ရှိသော ပေ ၄၀ ရှိ တံတားတစ်စင်းနှင့် စုစုပေါင်း ကျပ်သန်း ၃၂၄.၉၉သန်းကို လျာထားတင်ပြထားပါကြောင်း ပြန်လည်ဖြေကြားပါသည်။
