(စ)-တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် အများပြည်သူ စိတ်ပါဝင်စားပြီး လုပ်ကိုင် လိုစိတ်ရှိလာစေရန် တာဝန်ရှိသူ အဆင့်ဆင့်က ကျေးလက်ဒေသအထိ အနီးကပ်ကြီးကြပ် အသိပညာပေးရေးနှင့် ကူညီပံ့ပိုးမှုပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂.၂.၂၀၁၈)

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရေခံမြေခံကောင်းသည့်နိုင်ငံဖြစ်၍ မြေပြန့်ပေါများပြီး ရာသီ စိုက်ပျိုးသီးနှံများဖြစ်ထွန်းသည့် နိုင်ငံဖြစ်ပါကြောင်း၊ စံနှုန်းမြင့်သည့် ဆန်စပါး ကောက်ပဲသီးနှံများကို မထုတ်လုပ်နိုင်ရခြင်းအကြောင်းကို ဆန်းစစ်ရန်လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ သည်လည်း တောင်သူလုပ်ငန်းတစ်ခုတည်းသာ ရပ်တည်မည်ဆိုပါက တစ်လည်လည် ဖြစ်လိမ့်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကျယ် တောင်သူလယ်သမားကြီးများ၊ လုပ်ကွက်ငယ်ခြံသမား၊ လယ်သမားများ၊ တစ်နိုင်တစ်ပိုင်မွေးမြူရေးသမားများသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးသမားများကလည်း မွေးမြူရေးလုပ်ငန်းများ၊ လယ်သမားများကလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်မှသာ လူမှုဘဝလုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဆင်းရဲသားဘဝမှ လွတ်မြောက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ဘဝလုံခြုံရေး၊ ဆင်းရဲသားလျှော့ပေါ့ရေး၊ အပိုဝင်ငွေတိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့အတွက် နိုင်ငံတော်အဆင့်မှသည် ကျေးလက်ဒေသအထိအဆင့်ဆင့်သော အသိပညာရှင်များ၊အတတ်ပညာရှင်များမှ အနီးကပ်ကြီးကြပ်ပြီး အသိပညာပေးရန် လိုအပ်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် မြေအချဉ်ပေါက်ပါက တစ်ဧက စပါး အထွက်နှုန်း တင်း ၂၀၊ ၂၅ ခန့်လျော့၍ ပဲဆိုပါက လေးတင်း၊ ငါးတင်းလျော့၍ အချဉ်ပေါက် မည်ဖြစ်ပါကြောင်း၊ ပမာ-မွန်ပြည်နယ်၊ ကချင်ပြည်နယ်များတွင် ကယ်(လ်)ဆီယမ် ထုံးဓာတ်ကြွယ်ဝသည့် မြေစေး သဘာဝအလျောက်မြေများရှိပါကြောင်း၊ ပခုက္ကူ၊ မကွေးစသည့်ဒေသများတွင်လည်း လချေး၊ ဆာလဖာများကို ယခုမြေဖြင့်ပြုပြင်၍ရပါကြောင်း၊ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးတွင် ကယ်(လ်)ဆီယမ်၊ ပိုတက်စီယမ်၊ တီစူပါများ သုံးစွဲနေသည့်အတွက် ဧည့်သည်များအား အားကိုးနေရကြောင်း၊ ပြည်တွင်းတွင် အိမ်သည်ကောင်းဖြစ်ပါလျက် လက်တွေ့ပြည်တွင်းတွင် သက်တောင့်သက်သာဖြင့် သဘာဝရေမြေမှ ထွက်သည့် အရာများဖြင့်အသုံးချမည်ဆိုပါက တောင်သူလယ်သမား၊ စိုက်ပျိုးရေး၊ တစ်နိုင်တစ်ပိုင် မွေးမြူရေးသမားများမှာ အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကို တာဝန်ရှိသူ အဆင့်ဆင့်မှ ပညာပေး၊ သုတေသနလုပ်ငန်းများနှင့် အနီးကပ်ကြီးကြပ်ပြီး သင်တန်းများ ပေးမည်ဆိုပါက အသိပညာများတိုးပွားပြီး Taxonomy of Management အဆင့်လိုက်စီမံခန့်ခွဲမှုများကို ကျေးလက်မြေပြင်အထိ အဆင့်ဆင့်နှင့်စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြေများ စမ်းသပ်ပြီး အနီးကပ် ကြီးကြပ်သွားမည် ဖြစ်ပါကြောင်း၊ White Paper Pliancy ဟူသည့် စက္ကူဖြူစီမံကိန်း မရပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏အစီအမံ ရည်မှန်းချက်မူဝါဒ ရှေ့လုပ်ငန်းစဉ်များ၊ ဘတ်ဂျက်အလိုက် လုပ်ဆောင်ရမည့်၊ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများသည်လည်း အသေးစိတ်ကျပြီး ကောင်းမွန်ပါကြောင်း၊ လက်တွေ့တွင် အကောင် အထည်ဖော်ပြီး ဒေသမြေပြင်အထိ ဆောင်ရွက်မည်ဆိုပါက အောင်မြင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် အများပြည်သူစိတ်ပါဝင်စားပြီး လုပ်ကိုင်လိုစိတ် ရှိလာစေရန် တာဝန်ရှိသူအဆင့်ဆင့်က ကျေးလက်ဒေသအထိ အနီးကပ်ကြီးကြပ်အသိပညာပေးရေးနှင့် လိုအပ်သောကူညီပံ့ပိုးမှုပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများ မြေယာပိုင်ဆိုင်ခွင့်သည် တစ်ဦးချင်းပိုင်ဆိုင်သည့် လယ်မြေ ဧရိယာနည်းသည့် တောင်သူလယ်သမားအရေအတွက်က ပိုမိုပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာ ပေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပေးရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးပညာပေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက် ရသည့်ဌာန ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးရွာအရောက် တောင်သူ များနှင့် ထိတွေ့ပညာပေးသည့်လုပ်ငန်း၊ တောင်သူများကိုယ်တိုင် ဆက်သွယ်မေးမြန်း ဖြေရှင်းစေလိုသည့် တောင်သူလယ်သမားများကိုလည်း သင်တန်းများပေးပြီး တောင်သူအချင်းချင်း နည်းပညာဖလှယ်မှု၊ ဆင့်ပွားပြန့်ပွားစေမှုတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာအရောက် တောင်သူများထံ ပညာ ပေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင်လည်း မိမိတို့ဌာနရှိ ဝန်ထမ်းအင်အားအရ အစီအမံများချမှတ်ပြီး လိုအပ်ချက်ရှိနေသည့်ဒေသများကို လိုအပ်ချက်နှင့်အညီ ကွင်းဆင်းသွားရောက်ပြီး လုပ်ငန်းဆောင်ရွက် ရခြင်း ရှိပါကြောင်း၊ လိုအပ်ချက်ရှိသည့်ဒေသများတွင် ရုံးချုပ်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်  တာဝန်ရှိသူများကိုယ်တိုင်စုဖွဲ့ပြီး ဆောင်ရွက်ရသည့် အခြေအနေများရှိပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက်ပျိုးပညာပေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန် စုစုပေါင်း ဝန်ထမ်းအင်အား ၇၃၀၀ ကျော်ရှိပါကြောင်း၊ တိုးချဲ့ပညာပေးဝန်ထမ်းတစ်ဦး၏ တာဝန်ယူဆောင်ရွက် ရသည့်ဧရိယာများလည်း ကျယ်ပြန့်ပါကြောင်း၊ လက်ရှိရာသီဥတု အခြေအနေအရ စိုက်ပျိုးရမည့်မျိုး၊ စိုက်စနစ်၊ မြေပြုပြင်ခြင်း၊ သဘာဝမြေသြဇာသုံးစွဲခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ ရိတ်သိမ်း ချိန်လွန်နည်းပညာများဖြင့် မြေပြင်စိုက်ပျိုးသည်မှစပြီး ရိတ်သိမ်းခြွေလှေ့သိုလှောင်သည်အထိ နည်းပညာ ပေးလုပ်ငန်းများကို မိမိတို့စွမ်းအားရှိသလောက် ရှိသည့်ဝန်ထမ်းအင်အားများနှင့် ပညာပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့် တွေ့ကြုံလာသည့် အခက်အခဲများအား ဆက်သွယ်မေးမြန်းနိုင်ရန် ၂၀၁၇ ခုနှစ်တွင် Call Center ဖွင့်လှစ်ပြီး မိမိတို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ရန် အသိပေးထားပြီးဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာသင်တန်းပေးခြင်းလုပ်ငန်းများကို ပိုမိုကျယ်ပြန့် ဆောင်ရွက်ပေးနိုင်ရန် ကျေးရွာခေါင်းဆောင်များကို သီးခြားဖိတ်ကြားပြီး နည်းပညာသင်တန်းပေးမှုများကို ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီ ဖြင့် သင်တန်းကျောင်းများတိုးချဲ့ထူထောင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊

တောင်သူလယ်သမား မိသားစုများမှာလည်း တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် မွေး/ကုဦးစီးဌာနအနေဖြင့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာနည်းပညာများအပြင် တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အသိပညာပေးခြင်းနှင့် မျိုးကောင်းမျိုးသန့်တိရစ္ဆာန်ဖြန့်ဖြူးခြင်းလုပ်ငန်းများကိုလည်း မိမိတို့စွမ်းအားရှိသလောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်နိုင်တစ်ပိုင် ငါးမွေးမြူရေးလုပ်ငန်း များတွင် ကျေးလက်နေပြည်သူများကိုယ်တိုင် ငါးသားပေါက်လုပ်ငန်းများ ကိုယ်တိုင်ဆောင်ရွက်နိုင်မှုနှင့်  ငါးမွေးမြူခြင်းများကို အောင်မြင်ရန် နည်းပညာပေးသင်တန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းအားနှင့်သာမက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကျေးလက်နေ တောင်သူ များ၏ တစ်နိုင်တစ်ပိုင် မွေးမြူစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် နည်းလမ်းတစ်ရပ်ဖြစ်သည့် စပါးခင်းငါးထည့်စိုက်ပျိုးမှုလုပ်ငန်း အလေ့အကျင့်ကောင်းများကို ပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

စိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံတွင်လည်း ကျေးလက်လူမှုစီးပွားဘဝလုံခြုံရေး၊ ဆင်းရဲမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဝန်ကြီးဌာနမှလည်း မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်ထားသည့်အလျောက် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာလိုအပ်သည့် နည်းပညာ၊ သင်တန်း အသိပညာ ပေးမှုလုပ်ငန်းများကို ကျေးလက်ဒေသများသို့အရောက် ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။