(င)-မြစ်သားမြို့ရှိ ဂိုဒေါင်ပျက်များ၊ ချုံနွယ်များဖြင့် ရှုပ်ထွေးနေသော စိုက်ပျိုးရေး ဌာနပိုင်မြေနေရာအား ရုံးမြေနေရာမရှိသော အစိုးရဌာန (၅)ဌာန ရုံးဖွင့်လှစ်နိုင်ရေးအတွက် စွန့်လွှတ်လွှဲပြောင်းပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂.၂.၂၀၁၈)

ယခုမေးခွန်းမေးမြန်းရသည့်ရည်ရွယ်ချက် လေးရပ်ရှိပါကြောင်း၊ ပထမရည်ရွယ်ချက်က မြစ်သားမြို့ ပေါ်တွင် ၂၃ ဧကကျယ်ဝန်းသောစိုက်ပျိုးရေးဌာနပိုင်မြေနေရာ၏ အချက်အခြာကျမှုကို ဝန်ကြီးဌာန သိစေရန် ရည်ရွယ်ပါကြောင်း၊ အဆိုပါနေရာသည် မြင်းခြံ-မြစ်သား-ရေဝန်း-မန္တလေးလမ်းမကြီး ဘေးတွင် တည်ရှိပြီး အားကစားကွင်းနှင့်ကပ်လျက်၊ မြစ်သားမြို့၏အထင်ကရ  မြသီတာပန်းဥယျာဉ် နှင့် မျက်နှာချင်းဆိုင် ကွက်ကွက်ကွင်းကွင်းအချက်အခြာကျသည့်နေရာတွင် တည်ရှိပါကြောင်း၊ ယခုကဲ့သို့ အဓိကကျသည့်နေရာကို အကျိုးရှိရှိအသုံးမချဘဲ ဂိုဒေါင်ပျက်များ၊ ချုံနွယ်ပိတ်ပေါင်းများက ဖုံးလွှမ်းနေပြီး မြို့၏ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစသည့်အပြင် လူနေအိမ်များ၊ ရပ်ကွက်များ၊ ဈေးဆိုင် များကို ဘေးအပြင်သို့ တွန်းထုတ်နေသကဲ့သို့ ဖြစ်ပါကြောင်း၊

ဒုတိယရည်ရွယ်ချက်က နိုင်ငံ့ဘဏ္ဍာအလေအလွင့်မရှိစေချင်ပါကြောင်း၊ အစိုးရရုံးဌာနများအတွက် မြေနေရာမရှိသည့်အခါ ဌာနဆိုင်ရာများက မြေနေရာများ တောင်းကြပါကြောင်း၊ ပေးစရာမြေနေရာ မရှိပါက မြေနေရာဝယ်ရန်အတွက် နိုင်ငံတော်ကို ဘတ်ဂျက်တင်ပြတောင်းခံကြပါကြောင်း၊ ဘတ်ဂျက် ရရှိသည့်အခါတွင်လည်း မြေဈေးကကြီးမြင့်နေသည့်အတွက် ရုံးဖွင့်ပါကသင့်တော်သည့်နေရာနှင့် အကျယ်အဝန်းကို မရရှိကြပါကြောင်း၊ ယခုကဲ့သို့ လိုငွေပြဘတ်ဂျက်နှင့် သွားနေရသည့်အချိန်တွင် နိုင်ငံတော်ဘဏ္ဍာကို မလေလွင့်ဘဲ ခြိုးခြိုးခြံခြံသုံးစွဲစေလိုပါကြောင်း၊ တတိယရည်ရွယ်ချက်က အဆိုပါနေရာကို နိုင်ငံအတွက် အကျိုးရှိရှိအသုံးချစေလိုပါကြောင်း၊ မြေနေရာကို ယခုအချိန်ထိ အကျိုးရှိရှိအသုံးမချနိုင်ပါက အခြားမြေနေရာမရှိသည့်ဌာနများကို ခွဲဝေပေးခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ ပုဂ္ဂလိကသို့ငှားရမ်းရောင်းချခြင်းစသဖြင့် နိုင်ငံတော်အတွက်အကျိုးရှိစေရန် အသုံးပြုစေလိုပါကြောင်း၊ နောက်ဆုံးရည်ရွယ်ချက်က  မိမိတို့မြို့၏ ရုံးနေရာအခက်အခဲကို တင်ပြ လိုခြင်း ဖြစ်ပါကြောင်း၊ မိမိယခုမေးခွန်းကို တင်စဉ်က မိမိတို့မြို့နယ်တွင် ရုံးမြေနေရာအခက်အခဲရှိနေ သည်မှာ ငါးရုံးရှိပါကြောင်း၊ ယခုအခါ ရှစ်ရုံးအထိတိုးတက်လာပြီး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် အတွက် မြေနေရာအခက်အခဲဖြစ်နေပါကြောင်း၊ မိမိတို့မြို့တွင် ခွင့်ပြုချထားပေးနိုင်သော မြေလွတ် (State Land) ဟူ၍ မြို့နှင့် လေး၊ ငါးမိုင် ဝေးကွာသော မြို့အပြင်တွင်သာ ရှိပါကြောင်း၊ ယခုနေရာတွင် ရုံးဖွင့်မည်ဆိုပါက မြို့ထဲက မြို့ပြင်ထွက် ရုံးဖွင့်ရုံးသွားရန် မဖြစ်သင့်သည့်အပြင် ဆက်သွယ်ရေးအရ သော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း မသင့်လျော်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြစ်သားမြို့နယ်အကျိုး၊ နိုင်ငံအကျိုးကို မျှော်ကိုးပြီး  မြစ်သားမြို့ရှိ ဂိုဒေါင်ပျက်များ၊ ချုံနွယ်များဖြင့် ရှုပ်ထွေးနေသော စိုက်ပျိုးရေးဌာနပိုင်မြေနေရာအား ရုံးမြေနေရာမရှိသော အစိုးရဌာန(၅)ဌာနရုံး ဖွင့်လှစ်နိုင်ရေးအတွက် စွန့်လွှတ်လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့ ဘူတာရပ်ကွက်အတွင်းရှိ  စိုက်ပျိုးရေးဦးစီး ဌာနပိုင်မြေ ၈.၂၅၃ ဧကတွင်  (၁၀၀x ၆၀x ၁၅)  ပေ ဂိုဒေါင် သုံးလုံး၊ (၃၅ x၁၀ x၁၅)ပေ  ရှေ့တန်း စခန်း အဆောက်အအုံတစ်လုံး၊ (၇၀ x ၃၀ x ၁၅) ပေ ဂိုဒေါင်တစ်လုံး၊ ဝါစက်အဆောက်အအုံနှင့် လစဉ်နိုင်ငံတော်ကို ငှားရမ်းပေးသွင်းလျက်ရှိသည့် ဆိုင်ခန်း ၂၅ ခန်းရှိပါကြောင်း၊ လက်ရှိ အခြေအနေ တွင် ဆိုင်ခန်းများ၏နောက်ကျောဘက်ဧရိယာ အလျား ၂၇၅x အနံ ၂၀၀ ပေ၊ ဧရိယာ ၁.၂၆ ဧကကို အစိုးရဌာန (၅)ရုံးဆောက်လုပ်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြစ်သားမြို့နယ်ရှိ ဌာန(၅)ခုအတွက် ရုံးမြေနေရာ လိုအပ်ချက် တင်ပြလာသည့်အပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့်စိစစ်ပြီးလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်စွန့်လွှတ်လွှဲပြောင်းရေးကို ဆောင်ရွက်ပေးသွားနိုင်မည့် အခြေအနေဖြစ် ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။